နာဂပြည်နယ်၊နာဂလူမျိုးနဲ့ အနာဂတ်အိပ်မက်
နာဂလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နာဂပြည်နယ်ဟာ အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသတွင်တည်ရှိသော သေးငယ်သည့်ပြည်နယ်တစ်ခုဖြစ်ပါတယ်။နာဂလူမျိုးတွေဟာ အိန္ဒိယနိုင်ငံ နာဂပြည်နယ်၌ အဓိကနေထိုင်ကြပြီး မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်းမြောက်ဖျားနှင့် ကချင်ပြည်နယ်အနောက်ပိုင်းဒေသတွေမှာလည်း အနည်းငယ် ပျံ့နှံ့နေထိုင်ကြပါတယ်။
နာဂပြည်နယ်၏ အရှေ့မြောက်ဘက်၌ အရူနာချာပရာဒက်ရှ်ပြည်နယ်၊ တောင်ဘက်၌ မဏိပူရပြည်နယ်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်၌ အာသံပြည်နယ်၊ အရှေ့ဘက်၌ ပြည်ထောင်စုမြန်မာနိုင်ငံတို့ ပတ်လည်ဝိုင်းပြီး တည်ရှိနေပါတယ်။မြို့တော်ကတော့ ကိုဟီးမားမြို့တော်ဖြစ်ပြီး နာဂပြည်နယ်၏ တောင်ဘက်ပိုင်း၌တည်ရှိပါတယ်။အကျယ်အဝန်းအားဖြင့် ၆၄၀၁ စတုရန်းမိုင်ကျယ်ဝန်းပြီး လူဦးရေအားဖြင့် ၂.၇ သန်းကျော်ရှိပါတယ်။
မြန်မာနိုင်ငံအတွင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ပိုင်း၌ နန်းယွန်း၊လေရှီးနဲ့လဟယ်ဒေသတွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့် သတ်မှတ်ပေးခြင်းခံရပြီး လူဦးရေအားဖြင့် ၃ သိန်းနီးပါးရှိတယ်လို့သိရပါတယ်။နာဂလူဦးရေစုစုပေါင်းဟာ မြန်မာပြည်အတွင်းရှိ ကျွန်တော်တို့ကချင်လူဦးရေထက် များပြားတာကို တွေ့ရှိနိုင်ပါတယ်။
နာဂလူမျိုးအတွင်း လူမျိုးစုကွဲပေါင်း ၂၀ ကျော်ရှိတယ်လို့သိရပြီး စကားမျိုးကွဲပေါင်း ၈၉ မျိုးလောက်ရှိတယ်လို့သိရပါတယ်။နာဂလူမျိုးတွေဟာ မြန်မာပြည်အတွင်းက ချင်းလူမျိုးတွေလို တောင်တစ်တောင် စကားတစ်မျိုး၊ ရွာတစ်ရွာ စကားတစ်မျိုးလိုဖြစ်နေပါတယ်။ဘုံစကားအနေနဲ့ အခက်အခဲရှိနေဆဲဖြစ်ပြီး ဟင်ဒီစကားနဲ့ အင်္ဂလိပ်စကားကို အပြောများကြပါတယ်။အင်္ဂလိပ်စကားကိုတော့ ရုံးသုံးဘာသာစကားအဖြစ် တရားဝင်သတ်မှတ်ထားပါတယ်။အိန္ဒိယနိုင်ငံရှိ နာဂလူမျိုးတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ခေတ်ပညာတတ်များဖြစ်ကြပါတယ်။
ကိုးကွယ်ယုံကြည်မှုအနေနဲ့ ခရစ်ယာန်ဘာသာကို လူအများစုကိုးကွယ်ယုံကြည်ကြပါတယ်။ဗုဒ္ဓဘာသာနဲ့ ရိုးရာနတ်ကိုးကွယ်ယုံကြည်သူများလည်း အနည်းငယ်ရှိပါတယ်။ရှေးယခင်ကတော့ ရိုးရာနတ်ကိုးကွယ်ယုံကြည်မှုသာရှိခဲ့ရာမှ အင်္ဂလိပ်ကိုလိုနီလက်အောက်ခံဘဝရောက်တော့မှ ပထမကမ္ဘာစစ်နဲ့ဒုတိယကမ႓ာစစ်ကာလတွေမှာ ခရစ်ယာန်ဘာသာကို စတင်သက်ဝင်ယုံကြည်လာကြတာဖြစ်ပါတယ်။ဒီနေရာမှာ နာဂလူမျိုးတွေရဲ့ ခရစ်ယာန်ဘာသာဝင်အဖြစ် ကူးပြောင်းလာမှုဟာ ချင်းလူမျိုးနဲ့ကျွန်တော်တို့ကချင်လူမျိုးတွေလိုပဲ အချိန်ကာလနဲ့ပုံစံအားဖြင့် တစ်ပုံစံတည်းပဲဖြစ်နေတာကို တွေ့ရှိနိုင်ပါတယ်။
ထူးခြားမှုအနေနဲ့ နာဂလူမျိုးတွေဟာ ဖီဇိုးဦးဆောင်ပြီး အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့ထက် တစ်ရက်စောပြီး သြဂုတ်လ ၁၄ ရက်နေ့ ၁၉၄၇ ခုနှစ်မှာ နာဂလွတ်လပ်ရေးကို ကြေညာခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်း အိန္ဒိယဗဟိုအစိုးရနဲ့ ဆယ်စုနှစ်တစ်ခုနီးပါး စစ်ဖြစ်ခဲ့ရပြီး ၁၉၅၇ ခုနှစ်ရောက်မှသာ အိန္ဒိယဗဟိုအစိုးရနဲ့ နာဂလူမျိုးခေါင်းဆောင်များ ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ထိုအချိန်မှစပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် နေရာဒေသသတ်မှတ်ပေးခဲ့ကာ နာဂလူမျိုးအစိုးရအဖွဲ့ကို ကိုင်တွယ်အုပ်ချုပ်စေပြီး အိန္ဒိယဗဟိုအစိုးရအောက်မှာ လွပ်လပ်စွာအုပ်ချုပ်ခွင့်ရရှိလာခဲ့တာ ခုချိန်ထိဖြစ်ပါတယ်။
ဒါပေမဲ့ နာဂလူမျိုးအတွင်းမှာပဲ အယူအဆနဲ့ဝါဒရေးရာ ကွဲလွဲမှုများဆက်လက်ရှိနေပြီး ယခုချိန်ထိအိန္ဒိအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေလည်း ရှိနေပါသေးတယ်။နာဂတော်လှန်ရေးအဖွဲ့မှာ NSCN လို့ခေါ်တဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကို နာဂအစွန်းရောက်တော်လှန်ရေးအဖွဲ့အတွင်းမှခွဲထွက်ပြီး ၁၉၈၀ ခုနှစ်မှာ တည်ထောင်ခဲ့ကြပါတယ်။ထိုအဖွဲ့ဟာလည်း အဖွဲ့့အတွင်းသဘောထားကွဲလွဲမှုတွေကြောင့် ၁၉၈၈ ခုနှစ်မှာ မွီဗားဦးဆောင်တဲ့အဖွဲ့နဲ့ ကပ်လန်းဦးဆောင်တဲ့အဖွဲ့ဆိုပြီး နှစ်ဖွဲ့ကွဲသွားပြန်ပါတယ်။
အဓိကအဖွဲ့ကြီးဖြစ်တဲ့ မွီဗားအုပ်စုဟာ ၁၉၉၇ ခုနှစ်မှာ အိန္ဒိယဗဟိုအစိုးရနဲ့အပစ်အခတ်ရပ်ဆဲပြီး ငြိမ်းချမ်းရေးယူသွားခဲ့ကြပါတယ်။ကပ်လန်းအုပ်စုကတော့ တော်လှန်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။သို့ပေမဲ့ အိန္ဒိယနယ်မြေအတွင်းမှာ အခြေချနိုင်ခြင်းမရှိတော့ပဲ မြန်မာပြည်ဘက်အခြမ်းမှာ လာရောက်အခြေချခဲ့ရပါတယ်။ထိုကပ်လန်းအဖွဲ့ထဲမှာလည်း အုပ်စုနှစ်ဖွဲ့ထပ်မံပြီး ကွဲသွားခဲ့ကြပါသေးတယ်။မြန်မာပြည်ရှိကပ်လန်းအဖွဲ့ဟာ မြန်မာအစိုးရရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခဲ့ကြပေမဲ့ ၂၀၂၁ ခုနှစ်အစပိုင်းမှာပဲ မြန်မာစစ်အစိုးရရဲ့ ခြေမှုန်းတိုက်ခိုက်တာကိုခံခဲ့ရပြီး ဗဟိုစခန်းကို လက်လွှတ်ခဲ့ရပါတယ်။
ရှမ်းအမျိုးသမီးကိုယူထားပြီး The Land of Jade(ကျောက်စိမ်းမြေ)စာအုပ်အပါအဝင် မြန်မာပြည်ရဲ့ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအကြောင်း စာအုပ်များစွာရေးသားခဲ့တဲ့ ဆွီဒင်နိုင်ငံသား ဘာတီးလစ်တနာဟာ နာဂတော်လှန်ရေးအဖွဲ့ NSCN အကြောင်းကို သူ့ရဲ့ကျောက်စိမ်းမြေစာအုပ်မှာ ထည့်သွင်းရေးသားခဲ့ပါသေးတယ်။သူ့ရဲ့သမီးဦးလေးကို နာဂတော်လှန်ရေးနယ်မြေအတွင်းမှာ မွေးဖွားခဲ့ရတာကလည်း သူတို့လင်မယားနှစ်ယောက်အတွက် အမှတ်တရဖြစ်စေခဲ့ပါတယ်။
နာဂလူမျိုးတွေမှာလည်း အနာဂတ်အိပ်မက်တွေ အမြောက်အမြားရှိနေခဲ့ပါတယ်။နာဂနိုင်ငံတော်ဟာ သူတို့ရဲ့အန္တိမပန်းတိုင်ဖြစ်ပါတယ်။The Greater Nagaland(ကြီးကျယ်မြင့်မြတ်သော နာဂနိုင်ငံတော်)ဟာ နာဂလူမျိုးတွေရဲ့ အနာဂတ်နိုင်ငံတော်ဖြစ်ပါတယ်။ဒီအနာဂတ်နာဂနိုင်ငံတော်မှာ အိန္ဒိယအရှေ့မြောက်ဒေသရှိ နာဂလူမျိုးများ၏နေရာဒေသများအပြင် မြန်မာပြည်ရှိ နာဂလူမျိုးများ၏ နေရာဒေသများလည်း ပါဝင်နေပါတယ်။စစ်ကိုင်းတိုင်းအနောက်မြောက်ပိုင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ကချင်ပြည်နယ်အနောက်ပိုင်းရှိ တနိုင်း၊ရှင်ဗွေယန်ဒေသတွေလည်း အပါအဝင်ဖြစ်ကြောင်းသိရှိရပါတယ်။
အထက်ပါအကြောင်းအရာတွေကတော့ နာဂပြည်နယ်နဲ့ နာဂလူမျိုးတွေရဲ့အကြောင်းကို ကျွန်တော်သိသလောက် အကျဉ်းချုပ်အနေနဲ့ ဖေါ်ပြလိုက်ရခြင်းဖြစ်ပါတယ်။မြန်မာပြည်အတွင်းမှာ မဖွံ့ဖြိုးသေးတဲ့ လူရိုင်းသာသာလူမျိုးအဖြစ် အများစုကသိရှိထားကြတဲ့ နာဂလူမျိုးတွေဟာ အမှန်တကယ်တော့ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေရှိနေတဲ့ လူမျိုးကြီးတစ်မျိုးဖြစ်ကြောင်း သိရှိစေရန်ရည်ရွယ်ပြီး ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။