အနာဂတ် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး (nation building)

အနာဂတ် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး (nation building) အကြောင်းပြောတဲ့အခါ ဆင်တူ ရှိခဲ့ဖူးတဲ့ သမိုင်းကြောင်း အစအနတချို့ကို ထည့်ပြောရတယ်။ ရည်ရွယ်ချက်က အနာဂတ်ပုံစံဟာ နိုင်ငံခြားမှ တင်သွင်းလာတဲ့ စိတ်ကူးယဥ်ပုံစံ သက်သက် မဟုတ်ဘူး။ အခြေခံမတူ အနှစ်သာရ မတူပေမဲ့ အလုပ်လုပ်ပုံ ဆင်တူတဲ့ ဒီမှာရှေးပဝေသဏီကတည်းက အမြစ်တွယ်ပြီးသား ပုံစံတချို့ ရှိခဲ့တယ်။ ဒီမှာ မြေကြီးထဲမှာ စိုက်ဝင်ပြီးသား ဂရောင်းကျပြီးသား ဒါကြောင့် အလုပ်မဖြစ်လောက်ဘူး စိုးရိမ်နေမယ့်အစား စာပြန်ခါစ ကိုရင်လေးလို ကြောက်လန့် ထစ်ငေါ့နေမယ့်အစား ယုံယုံကြည်ကြည်နဲ့ ခြေလှမ်းလိုက်ဖို့ အားပေးလိုတဲ့ သဘောဖြစ်တယ်။ အတိတ်ကို တူးဆွခြင်းဟာ အတိတ်ကို ပြန်လည်တည်ဆောက်ဖို့ မဟုတ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် အားယူဖို့၊ သင်ခန်းစာယူဖို့သာဖြစ်တယ်။နောက်တချက်က ဒီမှာ အစိုးရကျောင်းတွေမှ ရှိစုမဲ့စု သင်ပေးလိုက်တဲ့ သမိုင်းအချက်အလက်များဟာ မျိုးချစ်စိတ်ရှင်သန်ရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ စုစည်းထားတဲ့ တဖက်သတ်ပုံစံတွေဖြစ်တယ်။ ဒါတွေဟာ တဖက်သတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် အသုံးဝင်ကောင်း ဝင်ခဲ့မှာ ဖြစ်ပေမဲ့ မတူကွဲပြားမှုတွေကို အသိအမှတ်ပြုပြီး ကိုယ့်သဘောနဲ့ကိုယ် ပါဝင်နိုင်မယ့် အနာဂတ်ပုံစံအတွက် အဆိပ်များသာဖြစ်တယ်။ ကျောင်းမှာ ပတ်ဝန်းကျင်မှာ သင်ယူထားတဲ့ တဖက်တည်းမှ ကြည့်မြင်ထားတဲ့ သိမှုတွေကို ခွာချ unlearn လုပ်ပြီး ရှုထောင့် အမျိုးမျိုးမှ ကြည့်နိုင်ဖို့ဟာ အနာဂတ်အတွက် အရေးပါတဲ့ လိုအပ်ချက်တခု ဖြစ်လာတယ်။ ဒါမှသာ သူများတွေ “ဖက်ဒရယ်” လို့ လိုက် “ရယ်”တာ မဟုတ်ဘဲ (ယခင် ငြိမ်းချမ်းရေ ဆွေးနွေးပွဲတွေမှာ စစ်ဗိုလ်တွေရည်ညွှန်းတဲ့ တဖက်သတ် ဖက်ဒရယ် မဟုတ်ဘဲ) ပြည်နယ်အသီးသီးမှ နိုင်ငံသား တယောက်ချင်းစီရဲ့ စိတ်ကူးစိတ်သန်းထဲမှာ မြင်ယောင် ပုံဖော်ကြည့်လို့ရတဲ့ ပြည်ထောင်စု ဆိုတာကို ဖန်တီးနိုင် ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်။ ဒါဟာ imagined communities လို့ Benedict Anderson ပြောခဲ့တဲ့ နိုင်ငံတည်ဆောက်ရေး အခြေခံလည်းဖြစ်တယ်။ဒီကနေ့ ရည်မှန်းချက်တွေနဲ့ အခြေခံမတူ အနှစ်သာရမတူတဲ့ သမိုင်းထဲမှာ သင်ယူစရာတွေရှိသလား။ အများကြီးလို့ ပြောရမယ်။ ဥပမာ နိုင်ငံတည်ဆောက်ရေးမှာ အနော်ရထာရဲ့ နိုင်ငံတော်ဟာ ပုဂံခေတ် လူ့အဖွဲ့အစည်းဝင် နိုင်ငံသားတွေရဲ့ စိတ်ကူးစိတ်သန်း ဆိုတာထက် ပဒေသရာဇ်အာဏာတည်ဆောက်မှု မျှသာဖြစ်တယ်။ ရာဇဝင်မှာ ရေးထားတဲ့ နယ်နိမိတ်ကို ဘယ်လိုအတည်ပြုသလဲ။ ရှေးဟောင်းသုတေသန တူးဖော်တဲ့အခါ ဘုရားဟော စာတကြောင်း နှစ်ကြောင်းအောက်မှာ အနုရုဒ္ဒလို့ မွန်လို သက္ကတလို လက်မှတ်ထိုးထားတဲ့ votive tablet လို့ခေါ်တဲ့ အုတ်ခွက်ဘုရားလေးတွေ မြန်မာပြည်အနှံ့မှာ တူးဖော်တွေ့ရတဲ့အခါ သူ့အာဏာ ဒီနေရာတွေထိ ရောက်ခဲ့တာပဲလို့ ဆက်စပ်လက်ခံယူရတယ်။ အဝေးရောက်နယ်မြေမှာ သူ့ရဲ့ပဒေသရာဇ်အာဏာ တည်ဆောက်ဖို့ ဖြစ်ပေမဲ့ သူကိုယ်တိုင်ရဲ့ မြင်းစီးရုပ်တုတွေဘာတွေ တခမ်းတနား မလုပ်ခဲ့တဲ့ အနော်ရထာရဲ့ သိမ်မွေ့တဲ့ ဒီပလိုမေစီကို ဒီနေရာမှာလှစ်ကနဲ တွေ့ရမယ်။ မအ’အောင် သမိုင်းသင်တယ်ဆိုတာ ဒါမျိုးပဲ။ သမိုင်းဆိုတာ အဖြစ်အပျက်ချင်း တိုက်ဆိုင်တဲ့ ကိစ္စမျိုးမှာ အတိတ်သင်ခန်းစာ/တမင်လုပ်ယူတာမဟုတ်/အသစ်မဟုတ်/ယုံကြည်မှု ဆိုတာတွေကို တပြိုင်နက်ပေးနိုင်တဲ့ ဆွဲထုတ်လို့ ရနိုင်တဲ့ အပိုင်းအစများဖြစ်တယ်။

Ko Htay Aung

Leave a comment