#ဝိပဿနာရှုနည်း နံပါတ်- (၁)

…………………………………….

ဤနည်းမှာ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး ကစ၍ တွေ့ပြီး ပြသပေးတော်မူသော နည်းဖြစ်သောကြောင့် ဆရာတော်ဘုရားကြီး၏ ဥပနိဿျအတိုင်းကို စ၍ရေးပြပါအံ့။ ဝိပဿနာကို ရှုလိုသောယောဂီသည် ဦးစွာ ဘုရားရှိခိုးခြင်း၊ သီလခံယူခြင်း၊ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း အစရှိသည့် ကိစ္စအဝဝတို့ကို မိမိတတ်သည့်အတိုင်း ပြုလုပ်ပြီးသော် အာနာပါန “ဖုသနာ”နည်းဖြင့် ထွက်သက် ဝင်သက်ကိုပြုလျက် ထွက်လေ ၀င်လေတို့ဖြင့် ထိ၍ထိ၍သွားသော နေရာ၌ တရိပ်ရိပ်နှင့် ထိထိပြီး ပျောက်ပျောက်သွားသော တွေ့ထိမှုတို့၏ ဖြစ်ပေါ်မှု ပျောက်ပျက်မှုအတိုင်း သိအောင် ဂရုပြုလျက်၊ အနိစ္စ အနိစ္စ ဟု စိတ်ဖြင့်အာရုံပြု၍ ရှုလျက်နေရမည်။ နှာသီးဝတွင် တရိပ်ရိပ်နှင့် ဖြစ်ပျက်နေမှုတို့၌ စိတ်သည်တည်ငြိမ်လာသောအခါ နှာသီးဝတွင်ထားသောစိတ်ကို ဦးခေါင်းထက်ရှိ ငယ်ထိပ်နေရာ၌ထား၊ ငယ်ထိပ်၌ စိတ်သည် တည်ငြိမ်၍လာလျှင် မကြာမီငယ်ထိပ်တွင် ကွက်၍ ဧလာသလို လေးလာသလို တွေ့တတ်သည်။ ဘယ်လိုဘဲတွေ့တွေ့ တွေ့သလိုသာရှု၍နေပါ။ မိမိတွေ့နေတာတွေဟာ ကာယသမ္ဖဿဓာတ်တွေဖြစ်သည်။ ဤသို့ရှုနေရင်း ထိုတွေ့တဲ့သဘောတွေသည် ငယ်ထိပ်ထွင် ဘွေလှည့်လျှက် လည်၍နေသကဲ့သို့၎င်း၊ ငယ်ထိပ်မှဖြာလျက် ပတ်ဝန်းကျင်တွင် ကျယ်ပြန့်ပြီး စီးဆင်းလာသကဲ့သို့၎င်း၊ တကိုယ်လုံးအနှံ့အပြား ဖြစ်စေ၊ တနေရာရာတွင်ဖြစ်စေ၊ ဧမှု ပူမှု၊ လှုပ်ရှားမှု၊ ရွမှု ယားယံမှု၊ ပုရွက်ဆိပ်များ တက်လာသလိုလို၊ ပိုးကောင်ကလေးများ လျှောက်သွားနေသလိုလို စသည်တို့ဖြင့်၎င်း၊ တွေ့၍လာတတ်သည်။ ဘယ်လိုဘဲတွေ့တွေ့ မလှုပ်မရှားဘဲ ထိုအတွေ့သဘောတို့ အလိုလိုဖြစ်ပေါ်လာမှု ပျောက်ကွယ်၍ သွားမှုတို့ကိုသာလျှင် တွေ့သလိုပင်ရှု၍နေရမည်။ ထိုမှလွဲ၍ဘာမျှမလုပ်ရ၊ ကြံစည်တွေးတောခြင်း၊ ဒါတွေဟာ ဘာတွေပါလိမ့်မလဲဟု စဉ်းစားခြင်း စသည်တို့ကိုတောင်မှ အလျင်းမပြုရ။ ပညတ်နိမိတ် အသားအရေ ကိုယ်အင်္ဂါတို့ကိုလည်း တွေ့ရတတ်သည်။ တွေ့ပေမယ့်ဂရုမစိုက်နှင့်၊ ကိုယ်၌ ထိတွေ့မှုကိုသာ လုံးဝဂရုစိုက်၍ ရှုနေရမည်။ မတွေ့ဘဲနေလျှင် ငယ်ထိပ်ကို ပြန်ရှုပါ။ ညောင်းအားကြီးလာလျှင် ဖြည်းညှင်းသာယာစွာ နေရာပြင်နိုင်သည်။ မတ်တတ်ရပ်၍လည်း ရှုနိုင်သည်။ ဣရိယာပုတ်ကို ခဏခဏမပြင်နှင့်၊ မနေနိုင်လွန်းတော့မှ ဖြည်းညှင်း သာယာစွာပြင်ပါ။ ဝိပဿနာရှုခါစ၌ ထိုင်လျက်ထက် မတ်တပ်ရပ်၍ရှုခြင်းသည် သာ၍ကောင်းသည်။ အစားအစာ စားဆဲအခါ တွင်လည်း ခန္ဓာကိုယ်၌ တွေ့မှုတို့ကိုရှုလျှက် စားပါ။ ညဥ့်အခါ အိပ်ရာဝင်လျှင်လည်း ထိုနည်း၎င်းပင် ရှု၍နေပါ။ ဤနည်းဖြင့် မဂ်ဖိုလ်ရသည့်တိုင်အောင် စကားပြောခြင်း၊ ဆွေးနွေးခြင်း၊ တွေးတောခြင်း၊ စာဖတ်ခြင်း၊ တရားနာခြင်း တို့ကိုတောင် မပြုပါနှင့်၊ သမာဓိကျဲပါးတတ်သည်၊ ခန္ဓာကိုယ်၌ ဓာတ်လေးပါးမှလွဲ၍ ဘာမျှမရှိဟုဆိုသည့်အတိုင်း ကိုယ်၌ ထိတွေ့မှုပေါ်သမျှ မဟာဘုတ်ဓာတ်တို့သာလျှင် ဖြစ်သောကြောင့်၊ တကိုယ်လုံး၌ ထိတွေ့မှုတွေ အပြည့်အကျပ် တရစပ် ဖြစ်ပျက်နေတာတွေကို မတွေ့ရမခြင်း အားမလျှော့ဘဲ ရှု၍နေပါ။ ဖြစ်ပျက်တွေကို ကောင်းကောင်းကြီး သိလာတဲ့အခါကျလျှင် သမူဟ ဥပါဒါန် သဏ္ဌာန်သန္တတိဟူသော ပညတ်၊ ကိုယ်အင်္ဂါ နိမိတ် အရိပ်အရောင်၊ ၃၂-ကောသ စသော ဃန အစိုင်အခဲတို့သည် တဖြည်းဖြည်းပျောက်ကွယ်လျက် စိတ်၌မတွေ့ရ မသိရတော့ဘဲ၊ ကာယဖောဋ္ဌဗ္ဗဓာတ် ပရမတ်တို့၏ ဖြစ်ပျက်ကိုသာလျှင် ကာယဝိညာဏ် မနောဝိညာဏ်တို့ဖြင့် သိလျက်နေရတော့ သည်။ ဤသို့ ဖြစ်သွားခြင်းသည် အနိစ္စကိုချည်း ကျကျနန ရှုမြင်ရသဖြင့် သန္တတိပျောက်ထာဟုခေါ်သည်။ ခဏပစ္စုပ္ပန် အနိစ္စကို အဆက်မပြတ် စင်ကြယ်သန့်ရှင်းစွာမြင်ရ၍၊ သန္တတိပျောက်နေတာကို “အနိမိတ္တဝိဟာရ”ခေါ်သည်၊ ဤအသိမျိုးကို အာရဒ္ဓဝိပဿက ယောဂီများ၌ အဆင်သင့်သလို တွေ့၍တွေ့၍ သွားရတတ်သည်။ ဤမျှလောက်အထိ သိသောဉာဏ်ကို “ဓမ္မစက္ခုံဥဒပါဒိ” ဟု ဆို၏။ ဤအသိမျိုးကို ဘင်္ဂဉာဏ်၊ ဗလဝ ဝိပဿနာဉာဏ်၊ သင်္ခါရုပေက္ခာဉာဏ်များတွင်မူ၊ သုခပဋိပဒါ ဒန္ဒာဘိည ပုဂ္ဂိုလ်များမှာ ကြာကြာကြီးတွေ့၍နေရသော အကြိမ်ပေါင်း များတတ်သည်။ သင်္ခါရုပေက္ခာဉာဏ် ရင့်ကျက်လာသောအခါ၊ နိဗ္ဗာန်တံခါးဝသို့ ရောက်ပြီဖြစ်၍ အ,နိမိတ္တဝိမောက္ခမုခ ဟု ခေါ်သည်။ ဘင်္ဂဉာဏ်-ဗလဝဝိပဿနာဉာဏ်တို့၌ အ,နိမိတ္တဖြစ်နေရင်း ပညတ်နိမိတ် လုံးဝမရှိသဖြင့်၊ ဃန, အစိုင်အခဲဟူသမျှ မရှိတော့တော့ပါကလား ဟူသော အထင်မျိုးရောက်လာသောအခါ “သုညတ”ဟူ၍ အမည်မှည့်ရ ၏၊ သုညတထင်လျှင် “အဓိပညာဓမ္မဝိပဿနာ” ဟု ဝိသုဒ္ဓိမဂ်၌ ဆိုသည်။ အနိမိတ္တထင်လျှင် သုညတ မှာ မကြာမီပင် ထင်လာရတတ်၏။ ထိုကြောင့် “အနိစ္စသညိနောမေဃိယ အနတ္တသညာ သဏ္ဍာတိ” ဟူ၍ ဟောတော်မူခြင်း ဖြစ်၏။ ဤသို့ ပရမတ်သင်္ခါရ နိမိတ်ဖြစ်ပျက်တို့ကို အမြင်များလာလျှင် အပျက်တွေကို အမြင်များလာတတ်သည်။ အပျက်ကိုချည်း အဆက်မပြတ်တွေ့မြင်လာလျှင် ပညတ်နိမိတ်များ ပျောက်သွားတတ်ကြောင်း ဝိသုဒ္ဓိမဂ်တွင်ပင် ပါရှိသည်။ ဤသို့ စာတွေ့နှင့် ကိုယ်တွေ့ နှစ်မျိုးစလုံး ထပ်တူထပ်မျှ တသားတည်းဖြစ်နေသည်မှာ ဥပရိပဏ္ဏာသ ပါဠိတော်လာ “ဒိဋ္ဌေဒိဋ္ဌမတ္တေနဝါ”ဟု အစချီသောပါဠိအရ၊ သူနှင့်ဆိုင်ရာ မုတေ- ထိတွေ့သည်ရှိသော်။ မုတမတ္တေနဝါ- ထိတွေ့မှန်း သိရုံမျှ သာဖြစ်အောင်ဟု ခန္ဓာကိုယ်၌ ပညာရှိကြည့်-ကြည့်၍ရှုသောကြောင့်ပင် ဖြစ်၏။ ဤမှတပါးသော ရူပါရုံ စသည်တို့ကို လည်း၊ ဤပါဠိအတိုင်း ကျနအောင် ရှုမြင်ရပြီးမှ မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်နိုင်သည်။ ဤကဲ့သို့ ရှုမြင်သိရှိလာရသောအခါ အောက်တွင် ဖေါ်ပြသောပါဠိများနှင့်လည်း ကိုက်ညီ၍နေတော့၏။ ထိုပါဠိများမှာ…သင်္ခါရာ- ရုပ်နာမ်-သင်္ခါရတို့သည်။ အဒဿနတော- မမြင်ရရာ အဘာဝအဖြစ်မှ။ အာယန္တိ- လာ၍ အသစ်ဖြစ်ပေါ်ကြရကုန်၏။ ဘဂ္ဂါ- ဤသို့ ဖြစ်ပေါ်လာပြီးနောက် ချက်ခြင်းပင် ချုပ်ပျောက်ကြရကုန်သော နာမ်ရုပ်တရားတို့သည်လည်း။ အဒဿနံ- မမြင်ရရာ အနာဂတ အဘာဝ အဖြစ်သို့။ ဂစ္ဆန္တိ- ရောက်ကြရလေကုန်၏။ အာကာသေ- ထက်ခွင်အဇဋာ မိုယ်းအာကာ၌။ ဝိဇ္ဇုပ္ပါဒေါဣ၀- ပြိုးပြက်လျှံဝင်း လျှပ်စစ်၏ဖြစ်ခြင်းကဲ့သို့။ ဥပ္ပဇ္ဇန္တိ- ဖြစ်လည်း ဖြစ်ကြကုန်၏။ ၀ယန္တိစ- ပျက်လည်း ပျက်ကြရကုန်၏။ ၎င်းပြင် “ယထာပုပ္ဖုဠုကံပေဿ၊ ယထာပေဿ မရိစိကူပမာ” ဟူသောပါဠိအရ ခန္ဓာကိုယ်တခုလုံးအတွင်း၌ သေးငယ်လှစွာသော ရေပွက်ကလေးတွေ ဆူ၍နေသကဲ့သို၎င်း၊ တရှိန်ရှိန် တသုတ်သုတ် တလှုပ်လှုပ် တလှပ်လှပ်နှင့် တံလျှပ်များ ဖြစ်ပျက် နေသကဲ့သို၎င်း၊ ကာယသမ္မဿဓာတ်တို့သည် ဖြစ်ပျက်လျက်နေတာကို တွေ့ရ၏။ ဤ ရေပွက်ပမာ- တံလျပ်ပမာဆိုသော ဥပမာသည်၊ ဖြစ်ပျက်ပုံ လျှင်မြန်တာခြင်းလည်းတူ၏။ ဖြစ်ပျက်ပုံ အခြင်းအရာခြင်းလည်း တူ၏။ သို့ရာတွင် ကိုယ်တွေ့ဖောဋ္ဌဗ္ဗ သဘောပင်ဖြစ်၏။ ၎င်းပြင် ကိုယ်တွေ့သဘောမှ မျက်စေ့ဖြင့် မြင်ရသကဲ့သို့ သမထနိမိတ်သဘောမျိုးသို့ ပြောင်းသွားခဲ့သော် သမာဓိက ပညာထက်အားသာသွားသောကြောင့် ပရမတ် သင်္ခါရနိမိတ်မှ ပညတ်နိမိတ်ပုံဏ္ဍာန်အနေသို့ ပြောင်းပြီးမြင်ရ၍ ဝိပဿနာ လမ်းလွဲသွားသည်ဟု ဝိသုဒ္ဓိမဂ်ကဆို၏။ ဆိုသည့် အတိုင်းလည်း တွေ့တတ်၏။ ဤသို့ဖြစ်ပြီး၍ သမာဓိအရှိန်ပြေသွားသောအခါ ဝိပဿနာလမ်းမှန်သို့ ပြန်၍ရောက်အောင် ကိုယ်၌ ထိတွေ့မှုတို့ကိုသာ ထပ်၍ရှုရမည်။ ဤသို့ ရေပွက်ပမာ, တံလျှပ်ပမာ၊ အပ်ဖျားကလေးတွေအပေါ်၌ မုံညင်းစေ့ကလေးတွေ ချနေသည့်ပမာ ဖြစ်ပျက်နေတာတွေကို ခန္ဓာကိုယ်အတွင်း၌ တွေ့ရသောအခါ သံယုတ် အဋ္ဌကထာတွင်…ဧတ္ထန္တရေ- မျက်စေ့တမှိတ် အတွင်း၌။ အနေကာနိ ကောဋိသတသဟဿာနိသင်္ခါရာ- ကုဋေတသိန်းကျော်သော နာမ်တရား၊ ကုဋေငါးထောင်ကျော်သော ရုပ်တရားတို့သည်။ ဥပ္ပဇ္ဇန္တိစေ၀- ဖြစ်လည်း ဖြစ်ကြကုန်၏။ ၀ယန္တိစ- ပျက်လည်း ပျက်ကြကုန်၏ ဟူသော အဋ္ဌကထာစကားတော်သည် “သြော်… ဒါကြောင့်ပဲကိုး” ဟူ၍ ယောဂီသည် အလိုလိုယုံကြည်ပြီးဖြစ်၍ နေတော့၏။ ဤသို့ ခန္ဓာကိုယ်တည်းဟူသော သမူဟ ဥပါဒါန်သဏ္ဍာန် သန္တတိဆိုတဲ့ ပညတ်ရုပ်ကြီးကို ထွင်းဖောက်၍ရှုရင်း ယခု ရေးပြသည့်အတိုင်း တွေ့မြင်ရသည်မှာ ဝိသုဒ္ဓိမဂ်အတိုင်းပင် ဖြစ်၏။ ဖြစ်ပုံမှာ…ပန- အလျော်ကိုဆိုအံ့။ ဥဒယဗ္ဗယံ- ဖြစ် ပျက်ကို။ ပရိဂ္ဂဟေတွာ- သိမ်းဆည်း၍။ သန္တတိယာ- တစပ်ထည်းအားဖြင့် ဖြစ်သောအစဉ်ကို။ ဝိကောပိတာယ- ထိုးဖောက် ဖျက်ဆီးအပ်သည်ရှိသော်။ အနိစ္စလက္ခဏံ- အနိစ္စလက္ခဏာသည်။ ယထာ၀,သရသတော၊ ရှေ့နောက်အစဉ် အချင်းချင်းမဆက်ဘဲ စပ်သောအားဖြင့်သာလျှင်။ ဥပဋ္ဌာတိ- ထင်၏။ အထ- ထိုသို့ထင်လာသည်ရှိသော်။ ဉာဏေ- ဝိပဿနာဉာဏ်သည်။ တိက္ခေ- ထက်သည်ဖြစ်၍၊ ဝဟန္တေ- ဖြစ်သည်ရှိသော်။ သင်္ခါရေသု- ရုပ်နာမ်သင်္ခါရတို့သည်။ လဟုံ- လျင်စွာ။ ဥပဋ္ဌဟန္တေသု- ထင်ကုန်သည်ရှိသော်။ ဥပ္ပါဒံဝါ- ဖြစ်ခြင်း ဟုဆိုအပ်သော ဝိကာရသို့၎င်း။ ဌိတံဝါ- ဌီဟုဆိုအပ်သော ဇရာသို့၎င်း။ ပဝတ္တံဝါ- ဥပါဒိန္နက ဟု ဆိုအပ်သော ပဝတ္တတရားသို့ လည်းကောင်း။ နိမိတ္တံဝါ- အထည်ကိုယ်ဒြဗ် လုံးလုံး လျောင်းလျောင်း ထင်မြင်ခြင်းမျှသို့၎င်း။ နသမ္မာပုနာတိ- မရောက်။ ခယဝဃဘေဒ နိရောဓေယေဝ- ပျက် ပျောက် ချုပ်ဟု ဆိုအပ်သော ခဏိကနိရောဓ ၌သာလျှင်။ သတိ-သတိသည်။ သန္တိဋ္ဌတိ- ကောင်းစွာတည်၏။ တဒါ- ထိုအခါ၌။ ရူပါရူပ-ဓမ္မာ- ရုပ်နာမ်တရားတို့သည်။ ခဏေ ခဏေ- ခဏတိုင်း ခဏတိုင်း၌။ ဥပ္ပဇ္ဇန္တာစ- ဖြစ်ကုန်သည်၎င်း။ ဘိဇ္ဇန္တာစ- ပျက်ကုန်သည်၎င်း။ ဟုတွာ- ဖြစ်၍။ ဥပဋ္ဌဟန္တိ- ထင်ကုန်၏။ ဣမေဓမ္မာ- ဤရုပ်နာမ်တရားတို့သည်။ ဟုတွာ- ရှေးကမရှိမူ၍။ သမ္ဘောန္တိကိရ- ယခုမှအသစ်ဖြစ်ကုန်သတတ်။ ဟုတွာ- ယခုမှ ရုတ်တရက်ဖြစ်၍။ ပဋိဝေန္တိကိရ- ချက်ခြင်း ချုပ် ပျက် ပျောက်ကင်းကုန်သတတ်။ ဣတိ- ဤသို့။ ဉာဏံ- ယောဂီ၏ သိသော ဉာဏ်သည်။ ဝိသဒတရံ- အထူးသဖြင့် သန့်ရှင်းစင်ကြယ်သည်၊ ဟောတိ- ဖြစ်၏။ ဤကဲ့သို့ ယခုရေးပြသည့်အတိုင်း ဤပါဠိများနှင့် တသဝေမတိမ်းရ တထပ်ထည်းကျအောင် တွေ့ရသည်မှာ ဘုရားဟောပါဠိတော်များအရ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီးက ကြံဆ၍၊ ကိုယ်တိုင် ကြိုးစားအားထုတ် တွေ့မြင်သိရှိပြီးမှ ယောဂီ များကို ပြသပေးတော်မူသည့်အတိုင်း ဤဝိပဿနာပါရဂူ ကျမ်းတော်ကြီးတွင် ဤသို့သော ခန္ဓာကိုယ်အတွင်းက ဤသို့သော မဟာဘုတ်ရုပ်ကလာပ်တို့ကို ဤသို့သော ရှုနည်းမျိုးဖြင့် ရှုသောကြောင့်သာလျှင်ဖြစ်၏၊ ဤနည်းမှာ ဘူတရုပ်ရှုနည်းဟု၍၎င်း၊ ဓာတ် ၆-ပါး ရှူနည်းဟူ၍၎င်း ခေါ်ရ၏။ ဤနည်းမျိုးကို မြန်မာပြည်အရပ်ရပ်၌ပင် ပြသလျက်ရှိကြ၏။ လူသိများသလောက် မကျော်ကြားလှသေးပါ။ သို့ရာတွင် အားထုတ်ဖူးလျှင် ဤနည်းကို သဘောအကျဆုံးဖြစ်ကြောင်း လူတိုင်း ဝန်ခံကြပါသည်။

(ဝိပဿနာပါရဂူကျမ်း)

Credit-သစ္စာအလင်း

Leave a comment