Atheism: ဘုရားမဲ့( သို့ )ဘာသာမဲ့ အယူဝါဒ

Atheism: ဘုရားမဲ့( သို့ )ဘာသာမဲ့ အယူဝါဒ

*******************************

အနောက်တိုင်းမှာ ငြင်းခုန်နေတဲ့ ‘Atheism: ဘုရားမဲ့ ( သို့ ) ဘာသာမဲ့’ အယူအဆတွေ အကြောင်း အပေါ်ယံ မိတ်ဆက်ကလေးတွေ လိုက်ဖတ်ကြည့်မိပါတယ်။ Steven F Roberts ဆိုတဲ့သူက ပြောတယ်။ လူတိုင်းဟာ ဘာသာမဲ့ ပဲတဲ့။ ဘာသာ တသိန်း ရှိရင် ကိုယ်ကြိုက်တဲ့ တဘာသာ ပဲ အမှန်ယူပြီး ကျန်တာကို အမှား လို့ ယူကြတာဆိုတော့ ကျန်တဲ့ဘာသာတွေ ဘက်က ကြည့်ရင် ကိုယ်လည်း ဘာသာမဲ့ ပဲတဲ့။ရောမခေတ်က ခရစ်ယန်တွေကို Atheists ဘာသာမဲ့တွေလို့ ခေါ်တယ်။ သူတို့ ရောမ အင်ပါယာ မှာ ဘုရားတွေ အများကြီးရှိရဲ့သားနဲ့ လိုက်မကိုးကွယ်လို့တဲ့။ အခုကျ ခရစ်ယန်ဘာသာကို မယုံကြည်သူတွေကို ဘာသာမဲ့ လို့ ခေါ်ကြပြန်တယ်။(The New Atheism)လူ့သမိုင်းအစ ကတည်း က ကိုယ့်အုပ်စု က ကိုးကွယ်နေတဲ့ ဘုရားကို မယုံကြည်တဲ့ ဂွစာ ဘာသာမဲ့ တွေ ရှိခဲ့တာပဲ။ အခု ခေတ်သစ်ဘာသာမဲ့ The New Atheism လှုပ်ရှားမှုကြီးက တော့ 11 september 2001 မှာ ဖြစ်တဲ့ 9/11 attack အပြီးမှာ ပေါ်လာတာလို့ ဆိုပါတယ်။ 9/11 အပြီးမှာ ဘာသာရေးအစွန်းရောက် တွေကို ပြစ်တင်ဝေဘန် ရာကနေ ဘာသာတရားတွေကိုပါ စတင် ပြစ်တင် ဝေဘန်လာကြတယ်။ အဲဒီ ဘာသာ ဝေဘန်ရေး၊ ဆန့်ကျင်ရေး တွေကို လူလေးယောက် က စတင် ရေးသား၊ ဟောပြော၊ လှုံ့ဆော်လာကြပြီး ၊ အခု အဲဒီ လေးယောက်ကို နောက်ပြောင်ပြီး The four horsemen လို့ ခေါ်ကြတယ်။biologist: Richard Dawkins philosopher: Daniel Dennett journalist: Christopher Hitchens neuroscientist: Sam Harris(အဓိပ္ပါယ် သတ်မှတ်ချက်)အခုခေတ် ဘာသာမဲ့ အယူဝါဒ ကို ဒီလို အဓိပ္ပါယ် သတ်မှတ်ဖွင့်ဆိုကြတယ်။၁. လောက၊ သဘာဝ ကို နားလည်ဖို့ ဘုရားမလိုဘူး။၂. ကောင်း/ဆိုး ၊ မှား/မှန် ကို ဆုံးဖြတ်ပေး၊ တိုင်းတာပေးတဲ့ Morality တွေ သတ်မှတ်ဖို့ ဘုရား မလိုဘူး။နံပါတ် ၁ စကား က Laplace က စ တာလို့ ပြောကြတယ်။ သူက နေကို ဂြိုဟ်တွေ ပတ်နေတဲ့ ပုံစံလေး လုပ်ပြီး ဘုရင် ကို သွားပြတော့ ၊ ဘုရင်က ‘ဒါဆို၊ ဘုရား က ဘယ်နေရာကပါလဲ’ လို့ မေးတယ်။ သူက ‘အင်း၊ အခုထိတော့ မလိုသေးဘူး’ လို့ ပြန်ပြောတယ်လို့ ဆိုကြတယ်။အခုခေတ်ထိ သူ့စကား ကို လိုက်သုံးကြတယ်။ Big Bang ကို ဘုရား က စ တာလို့ ပြောလို့ ရမလားဆိုတော့ Stephen Hawkings ကလည်း ‘Big Bang အဆင့်ဆင့် ကို သေချာ မသိသေးပေမည့် ၊ အဆင့်အားလုံးကို သိပ္ပံနည်းနဲ့ ရှင်းပြလို့ ရတာ ကျိန်းသေပါတယ် ၊ အခုထိတော့ ဘုရား မလိုသေးဘူး’ လို့ ပြန်ဖြေဘူးပါတယ်။( ဘာသာမဲ့ မျိုးကွဲများ)နောက်တဆင့် ဘာသာမဲ့ ဘယ်နှစ်မျိုး ရှိလဲလို့လဲ မေးရော အကုန်ရှုပ်ကုန်ရော။လူတသိန်းရှိရင် အမြင်တသိန်း ရှိတာပဲ။ ဘယ်လူနှစ်ယောက်မှ နေရာတိုင်း အမြင်မတူကြဘူး။ဒီတော့ ထုံးစံအတိုင်း စိတ်ထင်ရာတွေ ခွဲခြားသတ်မှတ်ကြတယ် ၊ အရပ်သားစကား နဲ့ရော၊ ဒဿနစကား နဲ့ရော ခွဲခြားကြတယ်။ဥပမာ ပြရင်၁. Antitheists : ကမ္ဘာမှာ ဘာသာများ မရှိရေး လိုလားသူ၂. Accomodationists : အားလုံးနဲ့ အလိုက်သင့် အလျားသင့် ဆက်ဆံလိုသူ၊ အားလုံးကိုပျော်စေချင်သူ၃. Agnostics : ‘သေချာတော့ မသိနိုင်ဘူးလေ’ ပြောသူ၄. Secular Humanists : ‘ဘာသာတွေက မလိုဘူး၊ ရှပ်တယ်၊ လူတွေ အဆင်ပြေဖို့ ရှင်သန်ဖို့က သာ အဓိကပါပဲ’ ဆိုသူ၅. Religious Atheists : ဖန်ဆင်းရှင် နတ်တွေ၊ ဘုရားတွေ မပါတဲ့ ဘာသာရေး ကိုးကွယ်သူတွေ ( ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ…)၆. Freethinkers : ( ကလာမသုတ် ထဲကလို ) ဘုရားဟောကျမ်း တွေ၊ ဘာတွေထက် ကိုယ့်ကိုယ်ပိုင်စဥ်းစား ဉာဏ်နဲ့ တွေးတောယုံကြည်လိုသူ၇. Unaffiliated : ‘ဘုရားတော့ မယုံဘူး၊ ဒါပေမည့် ငါ့ကို ဘယ် group ထဲမှ ဆွဲမထည့်ကြပါနဲ့’ ဆိုသူ၈. Skeptics : ‘နောက်တခေါက် ထပ်ပြော၊ စဥ်းစားလိုက်ဦးမယ်’ ဆိုသူပိုရှုပ်တာက ဘုရားကို ယုံကြည်သူတွေ ဘက်မှာလည်း ဘုရားဆိုတာ ဘယ်လိုမျိုးဆိုတဲ့ အမြင် ကလည်း ပြောင်းနေတယ်။၁. personal God : လူတွေလို ပဲ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်တတ်တယ်၊ မနာလို ဖြစ်တတ်၊ ဒေါသ ထွက်တတ်တယ်။ ဥပမာ Bible ထဲက God။၂. Deism : ဘုရားက ကမ္ဘာကြီး ကို ဖန်ဆင်းပြီး နောက်ပိုင်း လှည့်မကြည့်တော့ ဟု ယူဆသူ ( US တည်ထောင်သူ ဘိုးဘေးအများစုက ဒီအယူ ရှိပါတယ်၊ AD 1620 က နေ နှစ် ၂၀၀ လောက် ခေတ်စားခဲ့ပါတယ် )၃. Pantheism : သဘာဝ လောကကြီး ကိုယ်တိုင်ကိုက ဘုရားသခင် ဟု ယုံကြည်သူအယူအဆတွေက များပြီး Atheist စကားလုံး က တလုံးတည်း ဖြစ်နေတယ်။ဒါ့အပြင် လူတယောက်တည်းက လည်း အမျိုးမျိုး ဖြစ်နေနိုင်သေးတယ်။ ဥပမာမေး : ဘုရားရှိတာ မင်းယုံသလားဖြေ : မယုံဘူး၊ ငါက atheistမေး : မရှိဘူးဆိုတာ မင်း လုံးဝ သေချာလားဖြေ : သေချာတော့ မပြောနိုင်ဘူးလေ၊ ငါက agnosticမေး : ဒါဆို ဘယ်သူ ပြောလို့ ဒီလို ယုံတာလဲဖြေ : ငါ့ဖာသာ ယုံချင်လို့ ယုံတာ၊ ငါက freethinker လေမေး : ဘုရားမရှိတော့ လူအချင်းချင်း ဂရုမစိုက်တော့ဘူးလားဖြေ : ဂရုစိုက်ရမှာပေါ့ ၊ ငါက humanist ပဲဟာ။ဒီအထဲမှာမှ စကားလုံး ကပ်တဲ့လူတွေက လည်း ရှိသေးတယ်။မွေးကာစ ကလေးတွေ လည်း ဘာသာမရှိဘူး ၊ atheist ပဲ ဆိုတဲ့သူ ရှိတယ်။ တရုပ်ပြည်လို ကွန်မြူနစ် နိုင်ငံမှာ မွေးလည်း နေရင်းထိုင်ရင်း atheist ပဲ။ တချို့ခေတ်ပညာတတ်တွေကျ ဘာသာရေးအကြောင်း ဘာမှ မလေ့လာဘူး၊ ဒါပေမယ့် ‘ဒါတွေယုံတာ တောကျတယ်၊ မယုံဘူး’ ဆိုတဲ့ atheist ဖြစ်နေတတ်တယ်။ဒီတော့ ဒီလိုလူတွေကို implicit ( အိယောင်ဝါး ၊ အပုန်း ) atheist လို့ခေါ် ( ကျွန်တော်တို့ အချင်းချင်း ‘သူက မိရိုးဖလာ ဗုဒ္ဓဘာသာ ပါ’ ဆိုပြီး နှိမ်ခေါ်ကြသလိုမျိုးပေါ့၊ ဘာသာမဲ့ အချင်းချင်းလည်း ခွဲခြားတတ်ကြတယ် )။ခေတ်ပညာတတ်တွေ ( e.g. သိပ္ပံပညာရှင်တွေ ) ကို ကျတော့ သိပ်နှိမ်လို့ မကောင်းတော့ pragmatic ( လက်တွေ့အရ မလိုအပ်လို့ မကိုးကွယ်တဲ့ ) atheist လို့ ခေါ်ကြပြန်တယ်။ဘာသာတွေကို လိုက်လေ့လာပြီး မယုံဘူးကွ၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ညစ်ကျယ်ကျယ် သမားတွေကို ကျမှ explicit ( သိပ်ပြတ်သားတဲ့ ၊ အပွင့် ) atheist လို့ ခေါ်ကြတယ်။ Anti−theists လို့လည်း ခေါ်ကြတယ်။ဘယ်သူက ဘယ်လောက် မယုံတာလည်း တိုင်းဖို့ Richard Dawkins က ခုနှစ်ဆင့် ထပ်ခွဲတယ်။1. Strong theist : ဘာမှ လာမပြောနဲ့တော့ ၊ ဘုရားရှိတာ ငါက ၁၀၀% ယုံပြီးသား။2. De facto theist : ၁၀၀% မဟုတ်တောင် အဲဒီ နီးပါး ငါယုံတယ်၊ ယုံကြည်တဲ့အတိုင်း လိုက်နာရင်း ငါနေမယ်၊ မှားသွားလည်း ကိစ္စမရှိဘူး။3. Leaning towards theism : ၅၀% ကျော် ယုံတယ်၊ သိပ်တော့ မသေချာဘူး၊ ဒါပေမယ့် ငါယုံချင်တယ်။4. Completely impartial : ၅၀% အတိအကျ ၊ ခြံစည်းရိုး ခွထိုင်သူ ယုန်ကလေး5. Leaning towards atheism : ၅၀% အောက် ၊ ငါက သံသယ များတယ်၊ သိပ်တော့ မယုံချင်ဘူး၊ စဥ်းစားနေတုန်းပဲ။6. De facto atheist : ငါ အပြတ်မပြောနိုင်ပေမယ့် ဘုရားရှိတာ သိပ်မဖြစ်နိုင်ဘူး ထင်တယ်၊ ငါကတော့ ဘုရား မရှိဘူးလို့ပဲ စဥ်းစာပြီး ငါ့ဘဝ ကို နေသွားမယ်။7. Strong atheist : ဘာမှ လာမပြောနဲ့တော့ ၊ ဘုရား မရှိဘူး ဆိုတာ ၁၀၀% သေချာပြီးသား။ကိစ္စတခုကို ၁၀၀% ယုံဖို့က သိပ်မစဥ်းစားတတ်တဲ့ လူတွေ အတွက် လွယ်ကူပြီး ၊ အများကြီးစဥ်းစားတတ်တဲ့ လူတွေ အတွက်ကျ ခက်တယ်။Russell ငယ်ငယ်က ‘ငါတကယ်ရှိသလား’ ဆိုတာ ကို သက်သေ အခိုင်အမာ ပြဖို့ ကြိုးစားရင်း ရူးမလို ဖြစ်သွားတယ်။ အသိတယောက်က ‘ငါတကယ်မရှိဘူး၊ လို့လည်း ပြလို့ မရပါဘူးဟ’ ဆိုပြီး ပြောမှ ‘အေး၊ဟုတ်သားပဲ’ ဆိုပြီး ပြန်ကောင်းလာတယ် ကြားဖူးတယ်။ဗုဒ္ဓဘာသာ ယုံကြည်ချက်ထဲက ‘အရိယာ’တွေ ထဲမှာလည်း ‘သောတပန်’ ဖြစ်ဖို့က အလွယ်ဆုံးပဲ။ သူက ဒိဌိ ( တခြား ပြိုင်ဘက် အယူတွေကို လုံးဝ မယူတော့ဘူး )၊ ဝိစိကိစ္ဆာ ( တဘက်ကများ ပိုမှန်နေမလား တွေ လုံးဝထပ်မစဥ်းစား ) တော့ရင် ရပြီ။philosopher တွေ အတွက်ကျ လုံးဝ သေချာသက်သေပြနိုင်တာ ဆိုလို့ သင်္ချာ တခုပဲ ရှိတယ်။ ကျန်တာတွေက ပိုသေချာတာသာ ရှိမယ်၊ အပြတ် သက်သေပြလို့တော့ မရဘူး။Dawkins ကိုယ်တိုင်ကတော့ သူဟာ Agnostics လို့ပြောပါတယ်။Richard Dawkins ကို လူတယောက်က သိပ္ပံရဲ့စဥ်းစားပုံတွေက logic အရ ခိုင်မာကြောင်း ပြနိုင်သလား ဆိုတော့၊ သူက ‘ပြတော့ မပြနိုင်ဘူး၊ ဒါပေမယ့် လေယာဥ်ကို ၊ ဒုံးပျံကို ၊ မော်တော်ကား ကို သိပ္ပံစံနစ် သုံးပြီး design လုပ်ရင် ၊ ရွေ့နိုင်တယ်၊ ပျံနိုင်တယ်၊ it works’ လို့ ပြောတယ်။ လက်တွေ့ အလုပ်ဖြစ်တာ သက်သေပဲလို့ ဆိုတယ်။အဲဒါတွေပါ ထည့်တွေးရင် Russell, Dawkins တို့လို အသိပညာရှင် အများစုက အုပ်စု ၆ ထဲ ဝင်တယ်။ skeptics၊ freethinker နဲ့ Secular Humanists တွေက အုပ်စု ၅ လောက် ရှိပြီး ၊ Accommodationists တွေက အုပ်စု ၄ လောက်ရှိမလားပဲ။လူပေါ်မူတည်ပြီးလည်း လွဲနိုင်တာပဲ။( ဘာသာရေး နှင့် သိပ္ပံပညာ )ဘာသာမဲ့တွေက လောကကြီးရဲ့ သဘာဝ ကို နားလည်ဖို့ သိပ္ပံပညာ ကို အားကိုးကြတယ်။ ဘာသာရေးကျမ်းစာ တွေက ပေးတဲ့ explanation ကို မကြိုက်ရင် ဆင်ခြေတက်ကြတယ် ၊ ပစ်ပယ်ကြတယ်။ သိပ္ပံကပေးတဲ့ explanation ကို လက်ခံလာကြတယ်။ ဒီကိစ္စမှာ ဘာသာရေး နဲ့ သိပ္ပံ ထိပ်တိုက်တွေ့ကြသလို ဖြစ်တယ်။တချို့ဘာသာမဲ့တွေကတော့ သိပ္ပံက ဘာသာရေး ကို မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ဘာသာရေး မလိုပဲ လောကကြီးကို နားလည်လာအောင် ကူညီပေးတယ် ( makes ir-religion possible )။ ဘာသာရေး က ဒီနေရာမှာ သူ့ဘာသာသူ ဘေးရောက်လာတာကို မကြေနပ်လို့ တိုက်ခိုက်လာမှ ပြဿနာဖြစ်နိုင်တာပါ လို့ ဆိုတယ်။တချို့ကတော့ ဒါက ရှောင်လွှဲလို့ မရနိုင်ဘူး လို့ ထင်ကြပြန်တယ်။မေးခွန်းတွေ မေးတာက သိပ္ပံ။ မွေးခွန်းတွေ မေးရင်းနဲ့ knowledge တွေ ရလာပေမည့် ၊ ရလာတဲ့ Knowledge တွေက သိပ္ပံပညာ မဟုတ်ဘူး၊ မကျေနပ်မချင်း မေးခွန်းတွေ မေးနေတာကမှ သိပ္ပံပညာ။ သူက ‘ဒါနောက်ဆုံး၊ အမှန်ဆုံး အဖြေပဲ ၊ ဘယ်တော့မှ မမှားဘူး’ ဆိုတာ မျိုးကို လုံးဝ လက်မခံဘူး။အဖြေတွေပေးတာက ဘာသာရေး။ ‘ငါဖြေထားတာ အမှန်တွေချည်းပဲ၊ ဘယ်တော့မှ၊ ဘယ်သူ့ကိုမှ ထပ်မမေးနဲ့’ ဆိုတဲ့ သဘောထား ရှိတတ်တယ်။ဒါကြောင့် သူတို့နှစ်ခု အစေးကပ်ဖို့ ခက်တယ် လို့ လည်း ဆိုကြပါတယ်။Steven Jay Gould ကတော့ ကြားချဖို့ ကြိုးစားကြည့်တယ်။ မင်းတို့ လောကကြီး ရဲ့ သဘာဝ ကို ဘာသာရေးတွေက တကယ် စိတ်မဝင်စားပါဘူး။ ဒီတော့ သိပ္ပံက ‘သဘာဝ’ ကိစ္စကို ကိုင်ပြီး ဘာသာရေးကို ‘Morality’ ကိစ္စ ကို ခွဲကိုင်ခိုင်းပါလားလို့ ပြောပါတယ်။ဒါကလည်း ထင်သလောက် မရှင်းပြန်ပါဘူး။ ဘာသာရေး မှာပါတဲ့ Morality အတွေးအမြင်တွေက အရင် ကြေးခေတ် Bronze Age က အမြင်တွေကို အခြေခံထားလို့ အခုခေတ်နဲ့ သင့်တော်တဲ့ အမြင် ကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ တချို့ ပညာရှင်တွေက ဆိုကြပါတယ်း( အငြင်းအခုံများ )အငြင်းအခုံတွေကို နယ် ၃ နယ် ခွဲလို့ ရတယ်လို့ ဆိုပါတယ်။အလွယ်ဆုံးကလေး တွေကို စုစည်းတင်ပြပါ့မယ်။၁. philosophical’အားလုံးကို ဘုရား က ဖန်ဆင်းခဲ့တယ်’ ဆိုတော့ ‘ဘုရား ကို ဘယ်သူဖန်ဆင်းသလဲ’ ပြန်မေးကြတယ်။လောကကြီးမှာ အရာအားလုံးက သူ့နေရာနဲ့သူ ကွက်တိဖြစ်နေလို့ ဖန်တီးသူ intelligent maker ရှိရမယ် လို့ ဆိုသူတွေ လည်း ရှိတယ် ( လူက လူကိုပဲ စိတ်ဝင်စားတယ်၊ သက်ရှိလောက ကို ကြည့်ပြီး သိပ်အံ့သြတယ်။ ဘုရားမှသာ ဖန်ဆင်းနိုင်မယ် ထင်ကြတယ် )။ ဒါတွေကို Darwin ရဲ့ Evolution သီအိုရီ ပေါ်လာတဲ့အခါ ဖန်ဆင်းရှင်ဘုရား မလိုပဲ အကုန် ရှင်းပြနိုင်တယ်။ Darwin ရဲ့ သီအိုရီ က တခြားသိပ္ပံပညာရပ်တွေ အားလုံးပေါင်းထက် ဖန်ဆင်းရှင် သီအိုရီ ကို ပိုထိခိုက်စေခဲ့တယ် လို့ ဆိုကြတယ်။The problem of evil ( Epicurus )1. ဘုရားက မလုပ်နိုင်တာ၊ မလုပ်ရဲတာ မရှိဘူး omnipotent, omniscient2. ဘုရားက လူသားတွေကို ချစ်ခင်သနား တယ်။ omnibenovolent3. လူ့လောက မှာ ကပ်ဆိုးတွေ ရှိနေတယ်။ evilအဲဒီ အဆို ၃ ခု မှာ ၂ ခု စီပဲ တွဲလို့ရတယ်။ သုံးခု စလုံးပြိုင်တူ မှန်အောင် တွဲလို့ မရဘူး လို့ ဆိုကြတယ်။ ဒီတော့ omnipotent, omniscient, omnibenovolent ဖြစ်တဲ့ ဘုရားဆိုတာ မရှိနိုင်ဘူး။လောက သဘာဝ ကို လေ့လာတဲ့အခါ ဖန်ဆင်းရှင်ဘုရား ကို ထည့်သွင်းပြီး စဥ်းစားတာထက်၊ မထည့်ပဲ စဥ်းစားတာက ပိုရှင်းလင်း လွယ်ကူတော့ ( more parsimonius, occam’s razor ) မရှိတာဖြစ်ဖို့ များတယ် လို့ ယူဆကြတာလည်း ရှိတယ်။2. Socialဒီနယ်ပယ် က လက်တွေ့အကျဆုံး ၊ ပွဲအကြမ်းဆုံး နယ် ဖြစ်ပါတယ်။ အငြင်းအခုံတွေ ကို မကြည့်ခင် အောက်က စကားတခွန်းကို အရင်မှတ်ထားသင့်ပါတယ်။All religions are equally sublime to the ignorant, useful to the politician, and ridiculous to the philosopher. – Lucretius (94 BC – 49 BC)ဘာသာရေးတွေက လူအ တွေ အတွက် မြင့်မြတ်တယ် ၊ philosopher တွေ အတွက်တော့ ရီစရာကောင်းပြီး ၊ နိုင်ငံရေးသမားတွေ အတွက်တော့ အကုန် အသုံးဝင်တာချည်းပဲ။ဒီစကား အရ ဘာသာရေး ခေါင်းဆောင် ၊ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ ထိန်းချုပ်ပုံ ၊ ကစားပုံ တွေ ပေါ် မူတည်ပြီး ယုံကြည်သူတွေ ၊ မယုံကြည်သူတွေ အားလုံး ရဲ့ ဘဝ တွေ အပေါ်သက်ရောက်မှုတွေ ရှိမှာဖြစ်ပါတယ်။ဒါကတော့ Christopher Hitchens ရဲ့ နံမည်ကျော် စွပ်စွဲချက် ဖြစ်ပါတယ်။religion poisons everything it touches. It’s violent, irrational, and intolerant, it supports and defends racism, tribalism, and bigotry, promotes ignorance and is hostile to open questioning, contemptuous of women and coercive toward children. သမိုင်းကြောင်းတလျှောက်မှာ ဘာသာရေးတွေက လူ့အဖွဲ့အစည်း ရဲ့ တိုးတက်မှုတွေကို နှောင့်နှေးအောင် အမျိုးမျိုး အတားအဆီး လုပ်ခဲ့တယ်လို့ ဘာသာမဲ့ တွေက စွပ်စွဲပါတယ်။ ကျွန်စံနစ် ပပျောက်ရေး ၊ အမျိုးသမီးများ မဲပေးခွင့် ရရှိရေး ၊ သားဆက်ခြားခြင်း ၊ ကိုယ်ဝန်တားခြင်း ၊ LGBT အခွင့်အရေး ရရှိရေး ၊ stem cell research စတာ တွေကို အစဥ်တစိုက် အတားအဆီး လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာ သင်ကြားရေးကိုလည်း ကန့်ကွက် နှောက်ယှက်ခဲ့ကြတယ် ဆိုပါတယ်။ ကလေးတွေ လူငယ်တွေ လွတ်လွတ်လပ်လပ် တွေးခေါ်တာတွေကိုလည်း အတင်းအကြပ် ပုံသွင်း ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပြီး၊ လူငယ်အတွေး သာမန်ပုံမှန် တွေးမိတာ၊ မေးခွန်းထုတ်မိတာ ကိုပဲ အပြစ်ကြီးတခု ဖြစ်အောင် ပြောဆိုကြတယ်။ လူသားတိုင်းအတွက် နစ်သက်ကြည်နှုးဖွယ် လိင်ကိစ္စ ကိုလည်း ဆက်ဆုပ် ရွံရှာစရာ ၊ ရှက်စရာ ဖြစ်အောင် ပုံသွင်းခဲ့ကြတယ် လို့လည်း စွပ်စွဲကြပါတယ်။အရှေ့အလယ်ပိုင်း က ဘယ်တော့မှ မငြိမ်းတဲ့ ဘာသာရေး စစ်မီးတွေ နဲ့ တကမ္ညာလုံး မမေ့နိုင်တဲ့ 9/11 attack လို ဘာသာရေးနွယ်တဲ့ အကြမ်းဖက်မှုတွေ အတွက်နဲ့ ဘာသာရေးတွေကို အပြစ်တင်ကြတာလည်း ရှိပါတယ်။ဘာသာရေးက လူတွေရဲ့ သိချင်စိတ်ကို တုံးစေတယ်။ ငါ့တို့ သိစရာရှိတာတွေ အကုန်သိပြီးသား လို့ အထင်ရောက်စေတယ်။ လူအဖွဲ့အစည်း ဆိုတာ တဦးကို တဦးက မှီခိုနေရတာဖြစ်လို့ တဦးခေတ်နောက်ကျတာ အများကို ထိခိုက်စေနိုင်တယ်။ ဥပမာ Public Health policy ချမည့်သူက ဆေးသိပ္ပံပညာ ကို လက်ခံနားလည်မှ သူချတဲ့ policy တွေ မှန်ကန်မယ်။ ‘မောင်လေးရေ တမာရွက်ပြုတ် တို့ကြည့်ပါ’ ဆိုတဲ့ policy မျိုး ချဖြစ်မှာ မဟုတ်ဘူး။ဘာသာရေး မှာပါတဲ့ Morality အတွေးအမြင်တွေက အရင် ကြေးခေတ် Bronze Age က အမြင်တွေကို အခြေခံထားလို့ အခုခေတ်နဲ့ သင့်တော်တဲ့ အမြင်သစ်ကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူးလို့ လည်းထင်ကြတယ်။တချို့ ဘာသာရေး ပြင်းထန်တဲ့ နိုင်ငံတွေမှာ ဘာသာရေးကို မဝေဖန်ဖို့ ကာကွယ်ထားတဲ့ blasphemy laws တွေ ၊ anti-gay law တွေ၊ ဇာတ်ခွဲခြားတဲ့ စံနစ်တွေ၊ စုန်းပြုစားမှာကို ကာကွယ်တဲ့ ဥပဒေ တွေလို ပေါက်ကရ ဥပဒေ တွေ ထားပြီး ခေတ်နောက်ပြန်ဆွဲ နေကြတာလည်း ရှီတယ်။ပညာတတ်တဲ့ ဘာသာမဲ့တွေ မနှစ်သက်ဆုံးကတော့ အများကောင်းကျိုးအတွက် ထုတ်ထားတဲ့ ဥပဒေ တွေကို ဘာသာရေးသမား တွေက ‘ငါ့တို့ ယုံကြည်ချက်အရ’ ဆိုပြီး အထူးအခွင့်အရေးယူပြီး မလိုက်နာပဲ ကျော်ခွ ကြတဲ့ အခါ မှာ ဖြစ်ပါတယ်။ Religion Card ကို ထုတ်သုံးတယ်လို့ ခေါ်ကြပါတယ်။ ဒါကို သူတို့ အမုန်းဆုံး ဖြစ်ပါတယ်။3. historicalဘာသာတွေ မှာ သူတို့ ဘုရားက သူတို့ လူမျိုးအတွက် သီးသန့် ထုတ်ဖေါ်ဟောကြား ထားတဲ့ တရား ဆိုတာမျိုးတွေ ရှိတယ်။ နောက်ပိုင်းမှာ သူတို့ ပုံပြင်တွေဟာ သူတို့ထက်ရှေးကျတဲ့ လူမျိုးတမျိုးဆီက ပုံပြင်တွေကို ယူသုံးထားတယ်ဆိုတာကို Anthropologiists တွေက တွေ့လာတာတွေလည်း ရှိတယ်။ကမ္ဘာကြီးကို ဖန်ဆင်းထားတာ နှစ် ၆၀၀၀ ပဲ ရှိသေးတယ် လို့ ဟောပြောရင်း Geologists တွေက ကမ္ဘာကြီးရဲ့သက်တမ်းက နှစ် billions နဲ့ ချီနေပြီလို့ တွေ့လာတာမျိုးတွေ။ဘာသာရေး ပေါ်ပေါက်လာပုံ ၊ ဘာသာရေးတည်ထောင်ခဲ့သူ ခေါင်းဆောင် တွေ အကြောင်း သမိုင်းတွေ ကို စံနစ်တကျ ပြန်လည်လေ့လာရင်း တွေ့ရှိလာတောတွေ ပါပါတယ်။ဥပမာ : ယေရှု အကြောင်း သမိုင်းမှန်ဖြစ်အောင် လေ့လာရင်း တွေ့ရှိလာခဲ့ပုံ ( old post from 2018 )https://www.facebook.com/myo.than.18/posts/1916124581742066( ဘာသာမဲ့ခြင်း ၏ အကျိုး အပြစ် : နမူနာ အဖြစ် အနည်းငယ်မျှသာ )အကျိုးကျေးဇူး၁. ဘာသာတခုကို လက်ခံထားပြီး ထိုဘာသာ မှ ပေါက်တတ်ကရ ရှင်းပြရခက်သော အဆိုများအတွက် ကိုယ်က ခုခံကာကွယ်နေစရာ မလိုတော့ခြင်း၂. မိမိ၏ သဘာဝ ယုတ္တိ မကျသော ယုံကြည်မှုများ အတွက် ရှက်ရွံ့ခြင်း၊ ပူပန်ခြင်း ဖြစ်နေရန် မလိုတော့ပဲ အေးချမ်းနေခြင်း၃. မိမိ အဓိပ္ပါယ် မသိ ၊ မရှိဟု ထင်သော ဓလေ့ထုံးစံများကို မလုပ်ချင်ပဲ လိုက်လုပ်နေစရာ မလိုတော့ခြင်း၄. ဘုရား (သို့မဟုတ်) တန်ခိုးရှင်များမှ ကိုယ့် အတွေး၊ အပြော၊ အလုပ် များကို စောင့်ကြည့် အကဲဖြတ်နေသည် ထင်ပြီး မလုံမလဲဖြစ်ရခြင်း မရှိတော့ခြင်း၅. ဘယ်ဘာသာ နှင့် ကိုက်ကိုက် မကိုက်ကိုက် မှန်တယ်ထင်တာကို ပြောဝံ့လာခြင်းအပြစ်အနာ၁. ဘုရား မရှိတော့သည့်အတွက် ကိုယ့်လုပ်ရပ် အမှန် အမှား အတွက် ကိုယ်တိုင် ဆုံးဖြတ် ၊ တာဝန်ယူရခြင်း ၊ တာဝန်ကြီးခြင်း ၊ ကိုယ့်ကိုကိုယ် မထိန်းနိုင်လျှင် အကုသိုလ် လုပ်မိဖို့ များလာခြင်း၂. သိပ် ရှည်ရှည်ဝေးဝေး ခံစား တွေးတော မနေတတ်တော့ခြင်း ၊ ကုသိုလ် လုပ်မိဖို့ နည်းလာခြင်း၃. နောက်ဘဝ အတွက် မျှော်လင့်စရာ မဲ့သွားခြင်း ၊ ချစ်ခင်သူ သေလွန်လျှင် ဖြေဆည်ရ ခက်ခြင်း၄. ‘ငရဲ ရောက်မည့်ကောင်’ စသည်ဖြင့် အများ ကြိန်ဆဲခြင်းကို ခံရတတ်ခြင်း( ဘာသာမဲ့ ဟာသ : ဖတ်ရတာပျင်းနေမှာစိုးလို့ အပျော်သဘောပါ )(လွယ်လွယ် မယုံတတ်သူ) ပြင်သစ်တော်လှန်ရေးကာလ လူတွေ တယောက်နဲ့ တယောက်စွပ်စွဲပြီး ခေါင်းဖြတ်နေတဲ့ ခေတ်က တရက်မှာ ဂျူးဘုန်းကြီး တပါး၊ ခရစ်ယန် ဘုန်းကြီး တပါး နဲ့ ဘာသာမဲ့ တယောက်ကို သတ်ဖို့ အလှည့်ကျ သတဲ့။ဂျူးဘုန်းတော်ကြီးက ရဲဝင့်စွာနဲ့ ခေါင်းဖြတ်စက် ရှေ့ကို လျှောက်သွားတယ်၊ နောက်ဆုံး ပြောချင်တာ ပြောပါ ဆိုတော့ “ကျုပ်ဟာ တပါးတည်းသာရှိသော ဘုရားသခင်ကို ကိုးကွယ်တဲ့သူ ဖြစ်တယ်၊ ကျုပ်ကို ဘုရားသခင် ကယ်လိမ့်မယ် လို့ ယုံကြည်တယ်” လို့ ပြောပြိး လည်စင်းပေးတယ်။ ခလုပ်ကိုလည်း ဆွဲချလိုက်ရော ဓါးကြီးက ဝုန်းကနဲ ကျလာပြီး လည်ပင်း နဲ့ ထိဖို့ လေးလက်မ လောက် အလိုမှာ ဒုန်းကနဲ ရပ်သွားတယ်။ ဘုန်းတော်ကြီး က “မင်းတို့ကို ငါမပြောဘူးလား” လို့ တောင် ပြောလိုက်တယ်။ လူတွေကလည်း “ဘုရားသခင် တန်ခိုးပြပြီ၊ ဘုရားသခင် တန်ခိုးပြပြီ” လို့ ဝိုင်းအော်ကြတယ်၊ ပါးကွက်အာဏာသား လည်း ဟုတ်တယ် ဆိုပြိး ဘုန်းကြီးကို လွှတ်ပေးလိုက်ရတယ်။နောက်အလှည့်ကျတဲ့ ခရစ်ယန် ဘုန်းတော်ကြိးကလည်း “ငါသည် ယေရှု ခရစ်တော်ကို ယုံကြည်တဲ့ အတွက်၊ သားတော်၊ဖခင် နဲ့ သန့်ရှင်းသော ဝိညာဉ် တော်တို့ ကျွန်ုပ်အား ကယ်တော်မူပါ” လို့ ဆုတောင်း ပြိး ခေါင်းဖြတ် ခံတယ်။ ဒီတခါလည်း ဒါးက လည်ကုပ် နား မရောက်ခင် ကလေး ကပ်ရပ်သွားပြန်သတဲ့ ။ လူတွေက “နောက်တခါ ပြပြန်ပြီ ၊ နောက်တခါ ပြပြန်ပြီ” လို့ ဝိုင်းအော် ကြတာနဲ့ ခရစ်ယန် ဘုန်းတော်ကြိးကိုလည်း အသက် ချမ်းသာ ပေးလိုက်ကြပြန် သတဲ့။ဒါနဲ့ သူ့အလှည့်ကျလာတဲ့ ဘာသာမဲ့ ကိုလည်း “နောက်ဆုံးစကား ဘာပြောချင်လဲ” မေးရပြန်တာပေါ့။ ဘာသာမဲ့က တော်တော်နဲ့ ပြန်မဖြေဘူး၊ စိုက်ကြည့်နေတယ်။ နောက်မှ ဝမ်းသာအားရ ပြောသတဲ့၊ “ ဟေ့ ကောင်တွေ၊ ဘာ ဘုရား မှ မ တာ မဟုတ်ဘူး၊ ဟိုမှာ သေချာကြည့်၊ ဂီယာ ညပ်နေတာ တွေ့လား” တဲ့ ။Ref : 1. Atheism for Dummies by Dale McGowan2. BBC on Atheism(PostScript)ဘိုတွေက ဘာလုပ်လုပ် heavy လုပ်တတ်တယ်။ ဘယ်ထောင့်မှ မချန် အကုန်ထောင့်စေ့အောင် ပြောကြ ငြင်းကြတယ်။အခု ရေးထားတာက အပေါ်ယံ ရှပ်ရှပ် ကလေးသာ ဖြစ်တယ်။ လေးလေးနက်နက် ဆွေးနွေးငြင်းခုံနေတာတွေ ကို ဖတ်ချင်ရင် လိုက်ရှာကြည့်ပါ။ပေါက်ကရတွေလည်း များတယ်။ ဘာသာမဲ့ ဖြစ်ချင်ပြီး မပြောင်းရဲသေးသူများ ကို ကူညီရန် ဆိုတဲ့ အသင်းတွေလည်း ရှိတယ်။Bible ကိုတောင် Humanist Bible ဆိုပြီး သိပ္ပံအမြင် ကို Bible နဲ့ တပုံတည်း ကျအောင် ရေးထားတာလည်း ရှိတယ်။ ဧဒင် ဥယျာဥ်ထဲက ပန်းသီး အစား နယူတန် ရဲ့ ပန်းသီး နဲ့ စ ထားတယ်။Reference ထဲက စာအုပ်မှာ ဆက်ဖတ်စရာ အညွှန်းတွေ အများကြီး ပါတယ်။

Credit : Ko Myo Than

Leave a comment