BBC
သီရိလင်္ကာနိုင်ငံမှာ ဆိုးဝါးတဲ့ ငွေကြေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကို စာနာကူညီတဲ့အနေနဲ့ သက်သက်သာသာနဲ့ ကြွေးမြီပြန်ဆပ်နိုင်တဲ့ အစီအစဥ်မျိုးလုပ်ပေးဖို့ တရုတ်အစိုးရကို သီရိလင်္ကာသမ္မတက တောင်းဆိုလိုက်ပါတယ်။
တနင်္ဂနွေနေ့တုန်းက တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံချိန်မှာ သီရိလင်္ကာသမ္မတ ဂိုတာဘာရာ ရာဂျာပက်က်ဆာက အခုလို ပန်ကြားခဲ့တာပါ။
လမ်း၊ လေဆိပ်တစ်ခုနဲ့ ဆိပ်ကမ်းတွေ ဆောက်ဖို့ စီမံကိန်းတွေအတွက် လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလအတွင်း သီရိလင်္ကာကို တရုတ်က ဒေါ်လာ ၅ ဘီလီယံ ကျော် ထုတ်ချေးထားခဲ့ပါတယ်။
ဒါပေမယ့် အကျိုးအမြတ်နည်းတဲ့ မလိုအပ်တဲ့နေရာတွေမှာ အဲဒီငွေတွေကို သုံးခဲ့တယ်ဆိုပြီး ဝေဖန်သူတွေက ပြောနေကြပါတယ်။
“ကိုဗစ်ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မျိုးမှာ တနေ့တခြား တိုးပွားလာနေတဲ့ စီးပွားရေးအကျပ်အတည်းတွေကို ဖြေရှင်း နေရတာမို့ အကြွေးပြန်ဆပ်ရမယ့်ကိစ္စကို တနည်းနည်း ပြင်ဆင်စီစဥ်ပေးမယ်ဆိုရင် သီရိလင်္ကာနိုင်ငံအတွက် အကြီးအကျယ် သက်သာရာ ရသွားပါမယ် ဆိုပြီး သမ္မတက ထောက်ပြပြောဆိုခဲ့ပါတယ်” လို့ မစ္စတာ ရာဂျာပက်က်ဆာရဲ့ ရုံးရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
သီရိလင်္ကာကို ပို့နေတဲ့ ပို့ကုန်တွေအတွက် ခွင့်ပြုချက် စည်းမျဥ်းတွေ ချမှတ်ပေးဖို့ကိုလည်း တရုတ်အစိုးရကို တောင်းဆိုထားတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ အသေးစိတ်ကိုတော့ ပြောမထားပါဘူး။ မနှစ်က တရုတ်ပြည်ကနေ သီရိလင်္ကာကိုပို့တဲ့ ပို့ကုန်တန်ဖိုးက ဒေါ်လာ ၃.၅ ဘီလျံ ပတ်ဝန်းကျင်ရှိပါတယ်။
ဒါ့အပြင် တင်းကျပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတွေကို လိုက်နာတဲ့ တရုတ်ခရီးသွားတွေကို သီရိလင်္ကာကို ပြန်လာ လည်ခွင့်ပေးမယ်လို့ မစ္စတာရာ ဂျာပက်က်ဆာက ကမ်းလှမ်းခဲ့ပါတယ်။
ကိုဗစ်ကပ်ရောဂါမဖြစ်ခင်တုန်းကဆိုရင် သီရိလင်္ကာနိုင်ငံရဲ့ အဓိက ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ရင်းမြစ်တွေထဲမှာ တရုတ်က တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံတွေထက် တရုတ်က ပို့တဲ့ကုန်ပစ္စည်းတွေကို သီရိလင်္ကာက ပိုမှာယူ တင်သွင်းလေ့ ရှိပါတယ်။
လတ်တလောလတွေအတွင်း သီရိလင်္ကာနိုင်ငံဟာ ဆိုးဝါးတဲ့ ကြွေးမြီ ပြဿနာတွေနဲ့ ရင်ဆိုင်နေရသလို ကိုဗစ် ကပ်ရောဂါကာလအတွင်းမှာ ခရီးသွားတွေ မလာကြတဲ့အတွက် ၀င်ငွေ ဆုံးရှုံးမှုတွေကြောင့် နိုင်ငံခြားငွေ ရနိုင်မယ့် အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
တရုတ်နိုင်ငံဟာ သီရိလင်္ကာနိုင်ငံအတွက် နိုင်ငံတကာ ငွေကြေးဈေးကွက်တွေ၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ဂျပန်နိုင်ငံတို့ပြီးရင် စတုတ္ထ အများဆုံး ငွေချေးတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ တရုတ်နိုင်ငံဆီကနေ အတိုးနှုန်း လျှော့ပေါ့တဲ့ ချေးငွေ ဒေါ်လာဘီလျံနဲ့ချီ ရထားပေမဲ့ နိုင်ငံခြားငွေ ရနိုင်မယ့် အခက်အခဲ ကြုံနေရတာကြောင့် အကြွေး လုံးဝပြန်မဆပ်နိုင်တော့မယ့် အခြေအနေ ရောက်လုခါနီး ဖြစ်နေပြီလို့ လေ့လာသူအချို့က သုံးသပ်နေကြပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ဒီနှစ်ထဲမှာ အကြွေး ဒေါ်လာ ၄.၅ ဘီလျံ ပြန်ဆပ်ရဖို့ ရှိနေပြီး လာမယ့် ဇန်နဝါရီ ၁၈ ရက်မှာ အချိန်စေ့မယ့် နိုင်ငံတကာ ချေးငွေစာချုပ်အတွက် ဒေါ်လာ သန်း ၅၀၀ ကို ဦးဆုံး ပြန်ဆပ်ရဖို့ ရှိပါတယ်။
သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်က သူတို့ ဆပ်ရမယ့် အကြွေးတွေအားလုံးကို ပြန်ဆပ်ပါ့မယ်လို့ ရင်းနှီးမြှုပ်နှံသူတွေကို ထပ်တလဲလဲ အာမခံထားပြီး အခုလပြန်ဆပ်ရမယ့် ငွေချေးစာချုပ်အတွက် ငွေတွေအားလုံးကိုလည်း ရှာထားပြီးပါပြီလို့ ပြောပါတယ်။
သီရိလင်္ကာဟာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းတစ်ကြောင်း ဆိုတဲ့ BRI နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရေရှည်စီမံကိန်းမှာ အရေးပါတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ပေးမယ့် လမ်းတံတား အခြေခံ အဆောက်အအုံတွေ တည်ဆောက်ဖို့ ရှိပါတယ်။
ဒါပေမယ့်လည်း အမေရိကန် အပါအဝင် နိုင်ငံအချို့ကတော့ ဒီစီမံကိန်းဟာ ဆင်းရဲတဲ့ နိုင်ငံငယ်တွေကို အကြွေးနွံထဲရောက်အောင် လုပ်တဲ့ “အကြွေးထောင်ချောက်”စီမံကိန်းလို့ ဖော်ညွှန်းပြောဆိုခဲ့ကြပါတယ်။
တရုတ်အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို အမြဲ ပယ်ချခဲ့ပြီး ဒါဟာ တရုတ်နိုင်ငံ ပုံရိပ် ကျဆင်းအောင် အနောက်အုပ်စုနိုင်ငံ တချို့က လုပ်နေတာလို့ တုန့်ပြန် စွပ်စွဲခဲ့ပါတယ်။
အီရန်နိုင်ငံဆီကနေ ရေနံဝယ်ယူတင်သွင်းထားတဲ့ အရင်ကအကြွေးတွေကို လက်ဖက်ခြောက်တွေနဲ့ ပြန်ဆပ်ဖို့ စီစဉ်ထားတယ်လို့ သီရိလင်္ကာအစိုးရ၀န်ကြီးတစ်ဦးက ပြီးခဲ့တဲ့လက ထုတ်ဖော် ပြောခဲ့ပါတယ်။
တင်ရှိနေတဲ့ အကြွေး ဒေါ်လာ ၂၅၁ သန်းအတွက် လက်ဖက်ခြောက် ဒေါ်လာ ၅ သန်းဖိုး အီရန်ကို လစဉ် တင်ပို့ပြီး ပြန်ဆပ်ဖို့ စီစဥ်ထားပါတယ်။
သီရိလင်္ကာနိုင်ငံသုံး ရူပီးငွေတန်ဖိုးတွေ ထိုးကျသွားခဲ့အပြီး အစားအသောက်ဈေးနှုန်းတွေ တအား မြင့်တက်လာခဲ့တဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက စီးပွားရေးဆိုင်ရာ အရေးပေါ်အခြေအနေ တစ်ရပ်ကြေညာခဲ့ရပါတယ်။
ငွေကြေးဖောင်းပွမှု မြင့်တက်လာတာကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဆန်နဲ့ သကြား အပါအဝင် အခြေခံ စားသောက်ကုန်တွေ တင်သွင်းမှုကို ထိန်းချုပ်သွားမယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ပြောထားပါတယ်။
–
https://www.bbc.com/burmese/world-59936738
–