မာနယ်ပလောစာချုပ်ပါအချက်များနှင့်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေး အတွက် ရှေ့ပြေးသမိုင်းဝင် စာချုပ်များ
#မာနယ်ပလောစာချုပ် ( ၁၉၉၂ )
ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်ရေး သဘောတူညီချက်မြန်မာပြည်သည် ထောင်ပေါင်းများစွာကပင် တိုင်းရင်းသား လူမျိုး အသီးသီးတို့ နယ်မြေချင်းလွန်ခဲ့သောနှစ် ဆက်စပ်လျက် အတူတကွ အခြေချ နေထိုင် လာခဲ့သည့် တိုင်းပြည် ဖြစ်သည်။ တိုင်းရင်းသား လူမျိုးအားလုံး ပိုင်ဆိုင်သည့် တိုင်းပြည်လည်း ဖြစ်သည်။မြန်မာပြည်သည် တိုင်းရင်းသား လူမျိုးအားလုံး၏ ဆန္ဒညီညွတ်မှုကို အခြေခံသည့် စစ်မှန်သောဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်မှသာ စည်းလုံးခိုင်မာစွာ ရပ်တည်သွား နိုင်မည် ဖြစ်သည်။ ဤကဲ့သို့ ဖြစ်မြောက်ရန် အတွက် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသား ခေါင်းဆောင် ကြီးများသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက် နေ့တွင် ပင်လုံ စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ သို့ရာတွင် ဤစာချုပ်သည် လက်တွေ့အကောင်အထည် မပေါ်ခဲ့ပေ။ယခု မဆလ၊ နဝတ စသော မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် ဖက်ဆစ် အာဏာရှင်တို့၏ ကြီးစိုးမှုကြောင့် တိုင်းရင်းသား လူမျိုးစုများ၏ အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ ပြည်သူလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားပြီး ပြည်တွင်းစစ်မီး တောက်လောင် လျက်ရှိသည်။သို့ဖြစ်၍ မြန်မာပြည်ရှိ တိုင်းရင်းသား လူမျိုးအားလုံး၊ ပြည်သူလူထု အားလုံးသည် စစ်အာဏာရှင်အား အပြုတ်တိုက်ပြီးနောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသည့် ဒီမိုကရေစီနှင့် အခြေခံ လူ့အခွင့်အရေးများရှိသည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက် လိုကြသည်။တန်းတူမှု၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ လုံခြုံမှု၊ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားမှု၊ ဖွံဖြိုးတိုးတက်မှု ရှိသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရန် အတွက် အဓိကလိုအပ် ချက်မှာ စစ်အာဏာရှင် ကြီးစိုးမှုအား တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး နှင့်စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ ပင်ဖြစ်သည်။ ဤသို့သော အခြေအနေတွင် -(၁) ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ(၂) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)(၃) မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(၄) အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုအဖွဲ့အစည်း (၄) ဖွဲ့တို့သည် ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက် နေ့တွင် မာနယ် ပလော ဌာနချုပ်၌ အောက်ပါအတိုင်း အခိုင်အမာ သဘောတူညီကြသည်။၁။ မဟာလူမျိုးကြီး ဝါဒကို လည်းကောင်း၊ စစ်အာဏာရှင် စနစ်ကို လည်းကောင်း၊ မဟာ လူမျိုးကြီး ဝါဒနှင့် ဖက်ဆစ် စစ်အာဏာရှင် စနစ်ကို ကျင့်သုံးသည့် နဝတ အားလည်းကောင်း အဆုံးတိုင် အတူတကွ ဆန့်ကျင် တိုက်ဖျက်သွားမည်။`၂။ နဝတ စစ်အာဏာရှင် ကြီးစိုးမှု ချုပ်ငြိမ်းပြီးနောက် လွတ်လပ်ငြိမ်းချမ်းသည့် အခြေအနေ တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ နိုင်ငံရေး အဖွဲ့အစည်း ပေါင်းစုံ တက်ရောက်နိုင်သည့် စစ် မှန်သော အမျိုးသား ညီလာခံကြီးကို ခေါ်ယူသွားမည်။၃။ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု၏ နိုင်ငံတော် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို တိုင်းရင်းသား လူမျိုးအားလုံး၊ ပြည်သူလူထု တရပ်လုံး၏ ဆန္ဒညီညွတ်မှုကို အခြေခံ၍ ရေးဆွဲ ပြဋ္ဌာန်း သွားမည်။၄။ မည်သည့် လူမျိုးကိုမျှ အခွင့်ထူး မပေးရေးနှင့် လူမျိုးစု၊ မျိုးနွယ်စု အားလုံး၏ အခြေခံ အမျိုးသား အခွင့်အရေးများကို ချုပ်ချယ်ကန့်သတ်မှု မပြုရေးမူကို ကျင့်သုံးသွားမည်။၅။ တိုင်းရင်းသား လူမျိုးအားလုံး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိသည့် ဒီမိုကရေစီ နှင့် အခြေခံ လူ့အခွင့်အရေး အပြည့်အဝရှိသည့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် သွားမည်။ထိုသို့တည်ဆောက်ရာတွင်(က) ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသားပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရေး၊(ခ) ပြည်နယ်များမှ ပြည်ထောင်စုသို့ လွှဲအပ်ထားသော အာဏာများမှအပ ကျန်သောအာဏာများကို ပြည်နယ်များတွင်ထားရှိ၍ ပြည်နယ်အသီးသီးတွင်လည်း ဥပဒေပြုအာဏာ၊ အုပ်ချုပ်မှုအာဏာ၊ တရားစီရင်မှုအာဏာများ ကျင့်သုံးပိုင်ခွင့်ရှိရေး၊(ဂ) ပြည်ထောင်စုတွင် အမျိုးသားလွှတ်တော် (အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် (အောက်လွှတ်တော်) ဟူ၍ လွှတ်တော်နှစ်ရပ်ထားရှိရေး၊(ဃ) ပြည်ထောင်စုနှင့် ပြည်နယ်များ၏ တပ်မတော်များကို လူမျိုးပေါင်းစုံ ပြည်သူလူထု၏ ကွပ်ကဲမှုအာဏာအောက်တွင် တည်ရှိရေး၊(င) ပြည်ထောင်စု၏ အချုပ်အခြာအာဏာဖြစ်သော ဥပဒေပြုအာဏာ၊ တရားစီရင်မှုအာဏာနှင့် အုပ်ချုပ်ရေးအာဏာသုံးရပ်ကို အပြန်အလှန်ထိန်းညှိစနစ်ဖြင့် ထားရှိပြီး လွတ်လပ်သည့် တရားစီရင်မှုစနစ်ကို ကျင့်သုံးရေး၊(စ) မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်စစ်အာဏာရှင်စနစ် ပြန်လည်၍ ပေါ်ပေါက်မလာနိုင်ရေးစသည့်အချက်များကို ပြည်ထောင်စုဖွဲ့စည်းရေးတွင် ကျင့်သုံးသွားမည်။
ဒေါက်တာစိန်ဝင်း
ဝန်ကြီးချုပ်
အမျိုးသားညွန့်ပေါင်းအစိုးရ
ဦးတင်အောင်
အတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
စောဘိုမြ
ဥက္ကဋ္ဌ
မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်.
နိုင်ရွှေကျင်
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
၁၃၅၄ ခုနှစ်၊ ဝါခေါင်လဆန်း (၂) ရက်
၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်
= = = = = = = = = = = = = = = = = = = = = = = = =
#မဲသရောထသဘောတူညီချက် ( ၁၉၉၇ )
ကြှနျုပျတို့ တိုင်းရင်းသား လူမျိုးများ ဖြစ်ကြသော ရခိုင် တိုင်းရင်းသား၊ ချင်း တိုင်းရင်းသား၊ ကချင် တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ကရင်နီတိုင်းရင်းသား၊ ကယန်း တိုင်းရင်းသား၊ မွန်တိုင်းရင်းသား၊ ပအို၀ြး တိုင်းရင်းသား၊ ပလောင် တိုင်းရင်းသား၊ လားဟူ တိုင်းရင်းသား၊ ရှမ်း တိုင်းရင်းသားနှင့် ဝ တိုင်းရင်းသား ခေါင်းဆောင်များသည် အဖွဲ့အစည်းနှင့် လူမျိုးအသီးသီးကို ကိုယ်စားပြုကြလျက် ကော်သူးလေ ပြည်နယ်၊ မယ်သရောထာ ၌ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့မှ (၁၄) ရက်နေ့ထိ ကျင်းပသော နှီးနှောဖလှယ် ပွဲကြီးတွင် စုံညီစွာ တက်ရောက်ခဲ့ ကြသည်။အထက် ဖော်ပြခဲ့သော ကြှနျုပျတို့ တိုင်းရင်းသား လူမျိုး ခေါင်းဆောင် ကိုယ်စားလှယ်များ သည် နှီးနှော ဖလှယ်ပွဲကြီး၌ ရင်းနှီးပွင့်လင်းစွာ အကြေအလည် ဆွေးနွေးညှိနှိုင်း တိုင်ပင်ကြ ပြီးနောက် အောက်ပါ အချက်များကို တညီတညွတ်တည်း သဘောတူ ချမှတ်ခဲ့ကြသည်။၁။ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ သဘောတူညီချက်-(က) စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်၊(ခ) ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျင့်သုံးရန်၊(ဂ) လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး ရရှိရန်၊(ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန် တို့ဖြစ်သည်။၂။ နဝတအမျိုးသားညီလာခံနှင့်ပတ်သက်သော သဘောတူညီချက်-လက်ရှိ နဝတ ဦးစီးကျင်းပ နေဆဲဖြစ်သော အတုအယောင် အမျိုးသား ညီလာခံသည် စစ်အာဏာရှင်စနစ် ဆက်လက် တည်မြဲရေး အတွက်ဖြစ်သည်။ တိုင်းရင်းသား လူမျိုးများ အတွက် အခွင့်အရေး လုံးဝ ရနိုင်မည် မဟုတ်သည့် အတွက်၎င်း၊ နဝတ အမျိုးသား ညီလာခံကို ကြှနျုပျ တို့ တိုင်းရင်းသား လူမျိုးများ နှီးနှော ဖလှယ်ပွဲကြီးက လုံးဝ အသိအမှတ် မပြုကြောင်နှင့် ၎င်း ညီလာခံကို ဆန့်ကျင်တိုက်ပွဲ၀င် သွားကြရန် သဘောတူကြသည်။၃။ သုံးပွင့်ဆိုင်ဆွေးနွေးပွဲနှင့်ပတ်သက်သော သဘောတူညီချက်-ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဆုံးဖြတ် ထောက်ခံထားသည် သာမက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း သဘောတူထားသော သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို ကြှနျုပျတို့ တိုင်းရင်းသား လူမျိုးများ နှီးနှော ဖလှယ်ပွဲကြီးက သဘောတူ လက်ခံသည်။ ထိုသုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် မဒတ၏ (UNLD) (PDF) နှင့် အခြား တိုင်းရင်းသား လူမျိုးများ ပါဝင်သော အင်အားစု၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုနှင့် နဝတ စစ်အုပ်စု အင်အားစု သုံးစုတို့ ပါ၀င်စေရမည်။၄။ ဖက်ဒရယ်ပြည်ထောင်စုနှင့်ပတ်သက်သော သဘောတူညီချက်-အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရှိပြီး အမျိုးသား ပြည်နယ်များ စုပေါင်း ပါ၀င် ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ကြှနျုပျတို့ တိုင်းရင်းသား လူမျိုးများ နှီးနှော ဖလှယ်ပွဲကြီးက တညီတညွတ် တည်း သဘောတူကြပါသည်။၅။ စီးပွားရေးမူဝါဒနှင့်ပတ်သက်သော သဘောတူညီချက်-စီးပွားရေးမူဝါဒနှင့် ပတ်သက်သော စျေးကွက် စီးပွားရေးစနစ် ကျင့်သုံးရန်နှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို ဖိတ်ခေါ်သွားရန် ကြှနျုပျတို့ တိုင်းရင်းသား လူမျိုးများ နှီးနှောဖလှယ် ပွဲကြီးက သဘောတူသည်။ သို့သော် နဝတ အုပ်ချုပ်နေစဉ် ကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းသည် စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်စု၏ အကျိုးစီးပွား ကိုသာဖြစ်စေပြီး တိုင်းရင်းသား လူမျိုးစု ပြည်သူများအဖို့ အကျိုး လုံးဝ မရှိသည့်အပြင် ဖိနှိပ် အုပ်ချုပ်မှု ဒဏ်ကို ပိုမိုခံစား လာရသည့်အတွက် နဝတ စစ်အုပ်စုနှင့် ပူးတွဲ လုပ်ဆောင်သော ရင်းနှီးမြှုပ်နှံမှု အပါအ၀င် စီးပွားရေး လုပ်ငန်းအားလုံးကို ကြှနျုပျတို့ တိုင်းရင်းသား လူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက အပြင်းအထန် ကန့်ကွက်သည်။၆။ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သဘောတူညီချက်-မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်ရောင်းချမှု အပါအဝင် လုပ်ငန်းအားလုံး ဆန့်ကျင် တိုက်ဖျက် ရန် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြှနျုပျတို့ တိုင်းရင်းသား လူမျိုးများ နှီးနှော ဖလှယ်ပွဲကြီးက တညီတညွတ် တည်း သဘောတူသည်။၇။ ဒီမိုကရေစီအင်အားစုများနှင့်ပတ်သက်သော သဘောတူညီချက်-နဝတ စစ်အုပ်စု ဖြုတ်ချရေးနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေးတိုက်ပွဲ၊ သံတမန် တိုက်ပွဲ၊ လူထု တိုက်ပွဲ အပါအ၀င် ဘက်ပေါင်းစုံမှ တိုးမြှင့် တိုက်ပွဲ၀င် သွားရန် ကြှနျုပျတို့ တိုင်းရင်းသား နှီးနှော ဖလှယ်ပွဲကြီးက သဘောတူသည်။ထိုသို့ တိုက်ပွဲဝင်ရာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုများ နှင့် တန်းတူရည်တူ လက်တွဲ၍ အမျိုးသား အခွင့်အရေး အတွက်လည်းကောင်း၊ ဒီမိုကရေစီ အခွင့်အရေး အတွက် လည်းကောင်း၊ တပြိုင်နက်တည်း စည်းလုံး ညီညွတ်စွာ တိုက်ပွဲ၀င် သွားကြရန် ကိုလည်း ကြှနျုပျတို့ တိုင်းရင်းသား လူမျိုးများ နှီးနှော ဖလှယ်ပွဲကြီးက တညီတညွတ် တည်း သဘောတူကြသည်။၈။ ASEAN နှင့်ပတ်သက်သော သဘောတူညီချက်-နဝတ အုပ်ချုပ်နေသော ကာလအတွင်း မြန်မာပြည်အား ASEAN အဖွဲ့ဝင် အဖြစ် လက်ခံခြင်းကို အတတ်နိုင်ဆုံး ဆိုင်းငံ့ ထားပေးပါရန် ASEAN သို့ ပန်ကြားလွှာ ပေးပို့သွားရန် တိုင်းရင်းသား လူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူသည်။၉။ တပ်ပေါင်းစုနှင့် ပတ်သက်သော သဘောတူညီချက်-တိုင်းရင်းသား လူမျိုးများ၏ ပြည်လုံးဆိုင်ရာ တပ်ဦးအဖွဲ့အစည်းဖြစ်သော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး စသည်တို့ကို ပိုမိုခိုင်မာလာအောင် ဝိုငျး၀နျး ပံ့ပိုးတည်ဆောက် ကြရန် ကြှနျုပျတို့ တိုင်းရင်းသား လူမျိုးများ နှီးနှော ဖလှယ်ပွဲကြီးက တညီတညွတ် တည်း သဘောတူကြသည်။၁၀။ ပြန်လည်ဆုံစည်းကြရန် သဘောတူညီချက်-မယ်သရောထာ နှီးနှော ဖလှယ်ပွဲကြီး၏ ရလဒ်များကို ဆက်လက်ထိန်းသိမ်း အကောင် အထည် ဖော်သွားရန်နှင့် အနည်းဆုံး တနှစ်လျှင် တကြိမ်၊ စုံစုံညီညီ ဆုံစည်းကြရန် ကြှနျုပျတို့ တိုင်းရင်းသား လူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူကြသည်။= = = = = = = = = = = = = = = = = = = = = = = = #သူးမွဲကလိုးသဘောတူညီချက် ( ၁၉၉၈ )အမျိုးသားသွေးစည်းညီညွတ်ရေးသဘောတူညီချက်မြန်မာနိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်း နေထိုင်သည့် တိုင်းပြည်ဖြစ်သည်။ ခေတ်သစ် မြန်မာ့သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ ညှိနှိုင်း ၍ တည်ဆောက်ထားသော အမျိုးသား သွေးစည်း ညီညွတ်မှု အင်အားဖြင့် မြန်မာပြည် လွတ်လပ်ရေးကို ရယူနိုင်ခဲ့ သော်လည်း ဗိုလ်ချုပ် ကျဆုံးမှုနှင့် အတူ အမျိုးသားသွေးစည်း ညီညွတ်ရေး သည်လည်း လွင့်ပါး ပျောက်ကွယ် ခဲ့ရသည်။စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်းများစွာ အဖိနှိပ် ခံခဲ့ရခြင်း၏ အကျိုးဆက် အဖြစ် အမျိုးသား သွေးစည်း ညီညွတ်မှု ပြိုကွဲလျက် တိုင်းပြည် ကြေပြုန်း ပျက်သုဉ်းမည့် ဘေး အန္တရာယ်ကြီးကို ရင်ဆိုင်နေရသည့် အချိန်အခါ ဖြစ်ပေသည်။ တိုင်းရင်းသား ပေါင်းစုံ ပြည်သူ တို့၏ လက်ငင်း လိုအပ်ချက်ဖြစ်သော စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေး၊ ခေတ်မီတိုးတက်၍ သာယာဝပြောသော ထာဝစဉ် ငြိမ်းချမ်းသာယာသည့် လူအဖွဲ့အစည်း တည်ဆောက်ရေးတို့ကို အမျိုးသား သွေးစည်းညီညွတ်မှု အင်အားဖြင့်သာ အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်။ သို့ပါ၍ အမျိုးသား သွေးစည်းညီညွတ်မှု တည်ဆောက်ရေး လုပ်ငန်းသည် ယနေ့ ကာလ တိုင်းရင်းသား ပေါင်းစုံ ပြည်သူတို့အတွက် အဓိကကျသော လုပ်ငန်းစဉ်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့သည် တိုင်းရင်းသား ကိုယ်စားပြု ပါတီများနှင့် ပူးတွဲလျက် ယင်းတာဝန်ကို တက်ကြွစွာ ထမ်းဆောင်နေ သည့်နည်းတူ အောက်တွင် လက်မှတ်ရေးထိုး ထားသည့် အဖွဲ့အစည်း (၂၄) ဖွဲ့သည်လည်း ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ (၃)ရက် တိုင်တိုင် ကော်သူးလေး ပြည်နယ် သူးမွဲကလိုးတွင် အမျိုးသား သွေးစည်းညီညွတ်ရေး နှီးနှော ဖလှယ်ပွဲကြီးကို အောင်မြင်စွာ ကျင်းပ၍ အောက်ဖော်ပြပါ အချက်အလက်များကို တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် ကြပါသည်။၎င်းသဘောတူညီဆုံးဖြတ်ချက်များမှာ -၁။ ၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုသည့် ပင်လုံစာချုပ်နှင့် ယင်း စာချုပ်ဆိုင်ရာ ကတိကဝတ်များ၊ ၁၉၉၀ ပြည့်နှစ်တွင် ထုတ်ပြန်သည့် ဗိုလ်အောင်ကျော်လမ်း ထုတ်ပြန် ကြေညာချက်၊ ၁၉၉၂ ခုနှစ်တွင် ချုပ်ဆိုသည့် မာနယ်ပလော စာချုပ်၊ ၁၉၉၇ ခုနှစ်တွင် ပြုလုပ်သည့် မယ်သရောထ သဘောတူညီချက် များသည် တိုင်းရင်းသားလူမျိုးများ၊ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားကို ကိုယ်စားပြုသည့် သမိုင်းဝင် သဘောတူညီချက် ဖြစ်သည်ဟု မှတ်ယူသည်။၂။ မြန်မာပြည်၏ လက်ရှိပဋိပက္ခသည် ဖိနှိပ်အုပ်စိုးသူ စစ်အာဏာရှင်အုပ်စုက တဖက် အဖိနှိပ် ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးက တဖက် ဖြစ်ပွားနေသည့် ပဋိပက္ခ ဖြစ်ပြီး ယင်း ပဋိပက္ခကြီးသည် တနေ့တခြား ပိုမိုပြင်းထန် လာနေသည့်အတွက် အဆုံးအဖြတ် ကာလတခုသို့ပင် ရောက်ရှိနေသည်ဟု တညီတညွတ်တည်း သုံးသပ်ကြသည်။၃။ နဝတ/ နအဖ စစ်အာဏာရှင် ကြီးစိုးမှုကြောင့် ယနေ့ မြန်မာပြည်တွင် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနှင့် အမျိုးသားအခွင့်အရေး ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နေရသည်။ ထို့ကြောင့် စစ်အာဏာရှင် ကြီးစိုးမှုကို ဖျက်သိမ်းပစ်ရန်မှာ တိုင်းပြည်၏ အဓိက ဘုံလုပ်ငန်း တာဝန်ဖြစ်သည် ဟု တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်သည်။၄။ နဝတ/ နအဖ စစ်အာဏာရှင် ကြီးစိုးမှု တိုက်ဖျက်ရေးတွင် လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ လက်ဝဲ လက်ယာ မခွဲခြားဘဲ ပါတီ၊ အဖွဲ့အစည်းများ အားလုံး၊ လူပုဂ္ဂိုလ်များ အားလုံး အနိမ့်ဆုံး ဖြစ်နိုင်သည့် အဆင့်မှစတင်၍ လက်တွဲဆောင်ရွက်သွားကြရန် သဘောတူဆုံးဖြတ်သည်။၅။ နဝတ/နအဖသည် အမျိုးသားညီလာခံကို ဦးစီးကျင်းပခွင့် မရှိပေ။ လက်ရှိ ပြုလုပ်နေသည့် အမျိုးသား ညီလာခံသည် အတုအယောင် အမျိုးသား ညီလာခံဖြစ်၍ လုံးဝ တရားမဝင်ချေ။ ထို့ကြောင့် ၎င်းအမျိုးသား ညီလာခံအား လုံးဝ အသိအမှတ်မပြုကြောင်း တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်သည်။၆။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူများ၏ ဆန္ဒနှင့် အညီ ပါတီစုံ ဒီမိုကရေစီစနစ် ကို ကျင့်သုံးရန် တညီတညွတ်တည်း သဘောတူဆုံးဖြတ်သည်။၇။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့်အဝရရှိပြီး အမျိုးသား ပြည်နယ်များ စုပေါင်းပါဝင် ဖွဲ့စည်းထားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် သဘောတူ ဆုံးဖြတ်သည်။၈။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့် တိုင်းရင်းသား ကိုယ်စားပြု ပါတီ (၄) ပါတီ၏ ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူရန် တောင်းဆိုခြင်း၊ လွှတ်တော် ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းခြင်း၊ လွှတ်တော်ရေးရာ ကော်မတီများကို ဖွဲ့စည်း ခြင်းများအား ထောက်ခံကြောင်း သဘောတူ ဆုံးဖြတ်သည်။၉။ ဤနှီးနှောဖလှယ်ပွဲမှ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်ရေးကို လတ်တလော လုပ်ငန်းစဉ် အဖြစ် ပူးပေါင်းကြိုးပမ်း သွားကြရန် သဘောတူ ဆုံးဖြတ်သည်။၁၀။ ကမ္ဘာ့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေး နှင့် ငြိမ်းချမ်းမှု ဖြစ်ထွန်းစေရေး အတွက် တက်ကြွစွာ ပါ၀င်ဆောင်ရွက် လာမှုများ အပေါ် ကြိုဆို ထောက်ခံသည်။ ၁၉၉၈ ခုနှစ် ကမ္ဘာ့ ကုလသမဂ္ဂ၏ မြန်မာပြည် ဆိုင်ရာ ဆုံးဖြတ်ချက် များသည် တည့်မတ် မှန်ကန်သော ဆုံးဖြတ်ချက်များ ဖြစ်၍ တာဝန်ရှိသူများ အနေဖြင့် လက်တွေ့ အကောင်အထည် ဖော်ရန် တညီတညွတ်တည်း တောင်းဆိုသည်။၁၁။ မြန်မာပြည်အတွင်း မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု ပြည်ပတင်ပို့မှုများတွင် နအဖ စစ်အုပ်စု၏ အဓိက ပါဝင်ပတ်သက် နေမှုကို ဆန့်ကျင် ရှုတ်ချကြောင်း သဘောတူ ဆုံးဖြတ်သည်။၁၂။ နအဖ စစ်အာဏာရှင် ကြီးစိုးမှု ရှိနေသည့် ကာလအတွင်း မြန်မာပြည် အတွင်းသို့ မည်သည့် ရင်းနှီး မြှုပ်နှံမှု မှန်သမျှ ပြည်ပမှ ဝင်ရောက် မပြုလုပ်ရန် တောင်းဆိုကြောင်း သဘောတူ ဆုံးဖြတ်သည်။၁၃။ ဤအမျိုးသား သွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ် ထားသည့် သဘောတူ ဆုံးဖြတ်ချက်များကို ဆက်လက် ထိန်းသိမ်း အကောင်အထည် ဖော်ရန်အတွက် နှီးနှောဖလှယ် ပွဲသို့ တက်ရောက်ကြသည့် အဖွဲ့အားလုံး တာဝန်ယူရန်၊ စည်းရုံး ညှိနှိုင်းရေး ကော်မတီ တရပ် ဖွဲ့စည်း၍ ဆက်လက် အကောင်အထည် ဖော်သွားရန် ဆုံးဖြတ်သည်။#sawthaeko#nyeinchanhmuမှတ်ချက် ။ ။ ကူးယူ၍ ပြန်လည်ဖော်ပြခြင်းပါ..