ခြုံချောင်း(ချင်းလူမျိုး)ကျေးရွာတွင်း လူမျိုးရေးဆိုင်ရာ အမုန်းတရားဘက်ကို ဦးတည်‌ စေနိုင်သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပါတ်သက်၍ သဘောထားထုတ်ပြန်ချက်

ခြုံချောင်း(ချင်းလူမျိုး)ကျေးရွာတွင်း လူမျိုးရေးဆိုင်ရာ အမုန်းတရားဘက်ကို ဦးတည်‌ စေနိုင်သည့် ပဋိပက္ခဖြစ်စဉ်နှင့် ပါတ်သက်၍ သဘောထားထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်

၁။ ကျွန်ုပ်တို့ Chin Political Steering Committee – Rakhine State (CPSC) သည် ရခိုင်ပြည်မှ ချင်းလူမျိုးများ၏ အမျိုးသားနိုင်ငံရေးဆိုင်ရာ ကဏ္ဍရပ်များကို ဦးစီး ဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်အနာဂတ်ကို သက်ဆိုင်ရာ အင်အားစု များနှင့်အတူ လက်တွဲပြီး မိမိတို့ ချမှတ်ထားသည့် မူဝါဒ၊ လမ်းစဉ်များအတိုင်း တစိုက်မတ်မတ် ပုံဖော် ဆောင်ရွက်သွားမည့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

၂။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် မြေပုံမြို့နယ်၊ ခြုံချောင်းအုပ် စု၊ ခြုံချောင်းကျေးရွာတွင် တာဝန်ကျ ပညာရေးဝန်ထမ်းတချို့ ပုံမှန်တာဝန် ထမ်း‌ ဆောင်ခြင်း ပျက်ကွက်မှုများနှင့် ကျောင်းအုပ် ဆရာမကြီးကိုယ်တိုင် စာသင် ကျောင်းဝင်းအတွင်း လောင်းကစားဒိုင် (ချဲဒိုင်) ဖွင့်လှစ်ခြင်း ပြဿနာတို့ကြောင့် ဒေသခံ ကျေးရွာသူ/သားများမှ ကျေးရွာတာဝန်ခံ ရခိုင်လူမျိုး ULA များနှင့် ညှိနှိုင်းဖြေရှင်းကြရာ လူမျိုးရေဆိုင်ရာ အမုန်းပွားမှုဘက်ကို ဦးတည်‌စေနိုင်သည့် ခြိမ်းခြောက် ရမ်းကားမှုတစ်ရပ် ကြုံခဲ့ကြရသည်ဟု ဒေသခံများ၏ တင်ပြလာချက် များအရ ကျွန်ုပ်တို့ CPSC မှ သိရှိခဲ့ရပါသည်။

၃။ ထိုသို့ ဒေသခံချင်းလူမျိုးများအား လူမျိုးရေးအရ ခြိမ်းခြောက်ပြီး ရမ်းကားသူ များမှာလည်း ပြဿနာကို ဖြေရှင်းရန် ညှိနှိုင်းပေးခဲ့ကြသည့် ကျေးရွာတာဝန်ခံ ရခိုင်လူမျိုး ULA (၃)ဦး ကိုယ်တိုင်ပင် ဖြစ်ကြသည်ဟု ဒေသခံများမှတစ်ဆင့် စိတ်မကောင်းဖွယ် သိရှိရပါသည်။ အဆိုပါ (၃)ဦး တို့မှာ ပြဿနာဖြေရှင်း နေစဉ်အတွင်း ကျေးရွာသူ/သားများအား ဆဲဆိုကြိမ်းမောင်းခြင်း၊ ရုန်းရင်းဆန်ခတ် ဖြစ်အောင် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများအပြင် အဆိုပါနေ့ ညနေ (၆)နာရီခန့်မှစ၍ ကျေးရွာတွင်း လှည့်လည်ပြီး တုတ်၊ ဓား၊ လှံများကို ကိုယ်စီ ကိုင်ကာ ချင်းလူမျိုးများအား လူမျိုးရေးအရ ဆဲဆိုခြင်း၊ အသက်အန္တရာယ်အရ ခြိမ်းခြောက်ခြင်းများကို ကျူးလွန်ခဲ့ကြကြောင်း ဒေသခံများမှ ကျွန်ုပ်တို့ CPSC အား အသံဖိုင်များနှင့်တကွ ပေးပို့လာကြပါသည်။

၄။ အဆိုပါ ပဋိပက္ခနှင့် ပါတ်သတ်၍ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ တွင် ULA ၏ ဒေသတာဝန်ခံ နိုင်ငံရေးမှူးမှ ဖြေရှင်းပေးခဲ့သော်လည်း အဆိုပါ (၃)ဦးအား တာဝန်မှ ရပ်စဲရုံမှအပ မည်သည့် ပြစ်ဒဏ်မှ မပေးနိုင်ခဲ့သည့်အပြင် နောက်နောင် ထိုကဲ့သို့ လူမျိုးရေးအရ ခြိမ်းခြောက်မှုများ မပြုလုပ်ရန်အတွက် ဝန်ခံကတိ ပင်လျှင် ပြုလုပ်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။ ဒေသခံများမှာလည်း ညှိနှိုင်းပေးမှုအရ ကျေအေးခဲ့ကြရသော်လည်း တရားမျှတမှုနဲ့ လုံခြုံမှုရှိသလို မခံစားရ သေးကြောင်း CPSC ကို တင်ပြလာကြပါသည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့ CPSC အနေဖြင့် အဆိုပါ မရှင်းမလင်းခဲ့သည့် ပြဿနာကြောင့် ချင်းလူမျိုးများနှင့် ရခိုင်လူမျိုးများကြား နောက်ထပ် မလိုလားအပ်သည့် လူမျိုးရေးဆိုင်ရာ အမုန်းပွားမှုများ ဖြစ်လာမည်ကို စိုးရိမ်မိပါသည်။

၅။ ထို့အတွက်ကြောင့် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မှ တာဝန်ရှိ ခေါင်းဆောင်များ အနေဖြင့် ချင်းလူမျိုးနှင့် ရခိုင်လူမျိုးကြား မလိုလားအပ်သည့် လူမျိုးရေးဆိုင်ရာ ပဋိပက္ခမဖြစ်ပေါ်စေရေး၊ ဌာနေလူမျိုးစုများ အချင်းချင်း သဟဇာတ ဖြစ်ပေါ် စေရေး၊ အပြန်အလှန်လေးစားရေး၊ လူ့ဂုဏ်သိက္ခာနှင့်အညီ အတူယှဉ်တွဲ နေထိုင် ရေးတို့ကို ရှေးရှုပြီး အဆိုပါ ပြဿနာကို ပြန်လည် စီစစ်‌ကာ ကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် နောက်နောင် လူမျိုးရေးဆိုင်ရာ ခြိမ်းခြောက်မှု များ မရှိလာစေရေးတို့အတွက် အာမခံချက်များရှိအောင် ဆောင်ရွက် ပေးနိုင်ဖို့ကို တိုက်တွန်းအပ်ပါသည်။ CPSC အနေဖြင့်လည်း လူမျိုးရေးဆိုင်ရာ ပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက် ကြိုးပမ်းဆောက်ရွက်ရာတွင် လိုအပ်ပါက ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ – ရခိုင်ပြည်နယ်

ဆက်သွယ်ရန် –

သတင်းနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့ အီးမေးလ် – iprt.cpsc@gmail.com

Leave a comment