“ခမောင်းဆိပ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု” | Random Readings

“ခမောင်းဆိပ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု”

၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ရခိုင်ပြည်နယ် မောင်းတောခရိုင် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာတွင် ဘင်္ဂလီ ဟိန္ဒူရွာသား ၉၉ ဦးကို ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော Arakan Rohingya Salvation Army (ARSA) မှ သတ်ဖြတ်ခဲ့သည်။ တစ်လအကြာတွင် မြန်မာစစ်တပ်သည် သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင် ၄၅ ဦး၏ အလောင်းများကို အစုလိုက်အပြုံလိုက် ရှာဖွေတွေ့ရှိခဲ့ပြီး အများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်။

မြန်မာအာဏာပိုင်များသည် ARSAအား အပြစ်တင်ခဲ့သည်။ ARSA က ၎င်းတို့တွင် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပြီး 2017 ခုနှစ် စက်တင်ဘာလ 25 ရက်နေ့တွင် “ARSA မှ ဟိန္ဒူကျေးရွာအား တိုက်ခိုက်ခြင်းသည် ARSA ကို ပျက်ပြားစေရန်အတွက် လိမ်ညာခြင်း” ဖြစ်သည်ဟု ARSA၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ Amnesty သတင်းဌာန၏ အစီရင်ခံစာကိုလည်း ပယ်ချခဲ့သည်။

“နောက်ခံအကြောင်း”(Background)

ဘင်္ဂလီ ဟိန္ဒူဘာသာဝင်များ သည် မောင်းတောခရိုင်တွင် နေထိုင်သော လူနည်းစုဖြစ်သည်။ လူဦးရေ 5,000 ဝန်းကျင်သာရှိပြီး ထိုဒေသ လူဦးရေ၏ 1% ခန့်ဖြစ်သည်။

သတ်ဖြတ်ခြင်း (Killings)

မျက်မြင်သက်သေများ၏ ပြောပြချက်များအရ သြဂုတ်လ ၂၅ ရက်နေ့တွင် အနက်ရောင်မျက်နှာဖုံးများ ဝတ်ဆင်ထားသည့် အမည်မသိအမျိုးသားများက Fwaira Bazar သို့မဟုတ် Fakira Bazar ဟုခေါ်သော ခမောင်းဆိပ်ရှိ ဟိန္ဒူကျေးရွာများကို တိုက်ခိုက်ခဲ့သည်။ မျက်မြင်သက်သေများသည် ထိုသူများ၏ ပုံစံကို မခွဲခြားနိုင်သော်လည်း ရိုဟင်ဂျာများနှင့် ဟိန္ဒူဘာသာဝင်များ ပြောဆိုသော ဒေသိယစကားကိုပြောဆိုကြသည်ဟု ပြောကြားခဲ့သည်။ ထိုသူများသည် ဟိန္ဒူဘာသာဝင်တို့ အတွက် မြန်မာအာဏာပိုင်များက ပေးအပ်ထားသည့် တရားဝင် သက်သေခံကတ်ပြားများ (Official Identity Card) ကို ကန့်ကွက်ခဲ့ကြပြီး ဟိန္ဒူဘာသာဝင်များသည် ထိုကတ်များကို မကိုင်ဆောင်သင့်ဟု ပြောဆိုခဲ့ကြသည်။

မျက်နှာဖုံးစွပ်ထားသည့် လူများသည် လူ ၁၀၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးကာ လယ်ကွင်းများတစ်လျှောက် ချီတက်ခိုင်းစေခဲ့သည်။ တောင်ကုန်းတစ်ခုပေါ်ရှိ တောအုပ်တစ်ခုသို့ ရောက်ရာတွင် ၎င်းတို့လူများနှင့် လက်ထပ်ရန် ဓားစာခံအဖွဲ့မှ အမျိုးသမီး ရှစ်ဦးကို ခွဲထုတ်ခဲ့သည်။ ထို့နောက် ကျန်ရှိသော သုံ့ပန်းများကို မျက်စိမှိတ်စေပြီး လက်ကို ကျောနောက်၌ ချည်နှောင်ကာ ခြေထောက်များကိုလည်း ကြိုးဖြင့် ချည်ထားခဲ့ကြသည်။ ထို့နောက် ဓားစာခံများများ၏ လည်ချောင်းကို ဓားဖြင့် လှီးဖြတ်ကာ သတ်ဖြတ်ခဲ့သည်။ ထို့နောက် ကျင်းသုံးတွင်းတူးပြီး အလောင်းများကို ထိုကျင်းများတွင် စွန့်ပစ်ခဲ့သည်။

ဟိန္ဒူကျေးရွာ ကိုးရွာ မီးလောင်ခဲ့ပြီး ဟိန္ဒူဒုက္ခသည် ၅၀၀ ကျော်သည် နယ်စပ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။ ကြိန်ချောင်းနှင့် ငခူယာ ကျေးရွာများသည် မီးရှို့တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ပြီး ထိုရွာနေ ရွာသားများသည် ရွာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အတင်းအကြပ်ခိုင်းစေမှုများ (Forced Conversation)

အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် သဘောတူပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသော ဟိန္ဒူအမျိုးသမီး ရှစ်ဦး၏ သက်သေထွက်ဆိုချက်များအရ အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်ထားခဲ့သော နေရာကို တွေ့ရှိခဲ့ရကြောင်း အလောင်းများကို ရှာဖွေရာတွင် မြန်မာအာဏာပိုင်များကို ကူညီခဲ့သည့် ဟိန္ဒူခေါင်းဆောင် Ni Maul က မီဒီယာများသို့ ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်မှ ဟိန္ဒူအမျိုးသမီး လေးဦးသည် ၎င်းတို့သည် လွတ်မြောက်လာသူ ရှစ်ဦးထဲတွင် ပါဝင်ကြောင်း Agent-France Presse သို့ ပြောကြားခဲ့သည်။ ၎င်းတို့၏အသက်ကို ကယ်တင်ရန်အတွက် တိုက်ခိုက်သူများနှင့် လက်ထပ်ရန် အတင်းအကြပ်ခိုင်းစေခြင်းခံခဲ့ရပြီး နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာမွတ်စလင်များ၏ စခန်းများသို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဟိန္ဒူအမျိုးသမီးများသည် လက်နက်ကိုင်များက ၎င်းတို့ကို လှပသည်ဟုထင်သောကြောင့် ၎င်းတို့အား ဘာသာပြောင်းဖို့ ခိုင်းစေရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် ကလေးငယ်များနှင့်အတူ ထိုအမျိုးသမီး ရှစ်ဦးကို ဘောထလာကျေးရွာ (Bawtalar) ရှိ အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ဟိန္ဒူတို့၏ ယုံကြည်ချက်နှင့် ဆန့်ကျင်သည် အသားနှင့်ထမင်းစားခြင်းကို စေခိုင်းခဲ့ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။ ထို့နောက် ၎င်းတို့အား ဩဂုတ်လ ၂၈ ရက်နေ့တွင် ကူတူးပါလောင် ဒုက္ခသည်စခန်း (Kutuparlaung Refugee Camp) သို့ ပို့ဆောင်ခဲ့ပြီး မွတ်စလင်များနှင့်အတူ နေထိုင်စေကာ မွတ်စလင် အမျိုးသမီးများ ဝတ်သော ခေါင်းအစခြေအဆုံးဖုံးသည့် ဝတ်စုံ (Burqas)ကို ဝတ်ခိုင်းစေခဲ့သည်။

“အစုလိုက် အပြုံလိုက် ထွက်ပြေးခြင်း”(Exodus)

ထောင်နှင့်ချီသော ဟိန္ဒူဘာသာဝင်များသည် မွတ်စလင်များနှင့်အတူ နေထိုင်သည့် ရွာများမှ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့သည် ARSA ၏ ပစ်မှတ်ထားခြင်းခံခဲ့ရသည်ဟု ပြောဆိုကြသည်။ ရခိုင်ပြည်နယ်တွင် သြဂုတ်လက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မောင်းတောနှင့် ဘူးသီးတောင်မြို့နယ်တွင် နေထိုင်သော ဟိန္ဒူဘာသာဝင် ၃၀၀၀ ခန့်သည် နေရပ်စွန့်ခွာခဲ့ကြပြီး ၅၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ဟိန္ဒူ ဗုဒ္ဓဘာသာ ခရစ်ယာန် စည်းလုံးညီညွတ်ရေးကောင်စီ၏ အတွင်းရေးမှူး Rana Dasgupta က ဟိန္ဒူဒုက္ခသည်များသည် ဟိန္ဒူဘာသာဝင် ၈၆ ဦး၏ သတ်ဖြတ်ခံရမှု အကြောင်းကို ပြောပြခဲ့ကြသည်ဟု ပြောဆိုခဲ့သည်။ တိုက်ခိုက်ခံရသော နယ်မြေများမှ ထွက်ပြေးလာသော ဟိန္ဒူဘာသာဝင်များသည် ၎င်းတို့ နေထိုင်ရာဒေသကို မျက်နှာဖုံးစွပ်အမျိုးသားများက ဝင်ရောက်စီးနင်းခဲ့ပြီး သတ်ဖြတ်မှုများပြုလုပ်ကာ အလောင်းများကို မြှုပ်နှံခဲ့ကြောင်း Agent-France Presse သို့ ပြောကြားခဲ့သည်။ ဟိန္ဒူအမျိုးသမီးတစ်ဦးက အနက်ရောင်ဝတ်ဆင်ထားသော မျက်နှာဖုံးစွပ် အမျိုးသားများသည် ခမောင်းဆိပ်ရှိ သူမ နေထိုင်ရာ ကျေးရွာကို တိုက်ခိုက်ခဲ့ပြီးနောက် သူမသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒေသခံမှ စုံစမ်းခြင်း” (Local Investigations)

ထိုအချိန် အာဏာပိုင်များသည် ARSA သောင်းကျန်းသူအဖွဲ့၏ စစ်ဆင်ရေးကိုသာ အာရုံစိုက်နေချိန်တွင် ရခိုင်ပြည်နယ်လွှတ်တော် အမတ် ဦးကျော်ဇောဦးက ခမောင်းဆိပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအား စုံစမ်းစစ်ဆေးပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ အသေးစိတ်ဖော်ပြခဲ့သည်။ ဦးကျော်ဇောဦးသည် ပြည်တွင်းနှင့် နိုင်ငံတကာကို ထိုသတ်ဖြတ်မှုနှင့်ပတ်သက်၍ ပထမဦးဆုံး အသိပေးခဲ့သူ ဖြစ်သည်။

“ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး” (Relief and Rehabilitation)

Bangladesh

Cox’s Bazar ခရိုင်ရှိ Ukhia Upazila မှ ဒေသခံ ဘင်္ဂါလီ ဟိန္ဒူများက တောထဲတွင် ဟိန္ဒူဒုက္ခသည်များ စခန်းချနေကြသည်ကို သိရှိရအခါ ထိုဒုက္ခသည်များကို ခေါ်ဆောင်၍ ဟိန္ဒူဘုရားကျောင်းအနီးတွင် ခိုလှုံခွင့်ပေးခဲ့ကြသည်။ ကြက်ခြံတစ်ခြံအား ယာယီဒုက္ခသည်စခန်းအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ဟိန္ဒူဘာသာဝင် ၃၀၀ ခန့် ခိုလှုံခဲ့ကြရသည်။ ကျန်ရှိသော ဟိန္ဒူ ၂၀၀ ခန့် ကို ဒေသခံ ဟိန္ဒူမိသားစုများက ခိုလှုံခွင့်ပေးခဲ့ကြသည်။ ဒေသခံ ဘင်္ဂါလီဟိန္ဒူများသည် ဟိန္ဒူဒုက္ခသည်များသို့ နေ့စဉ်စားသောက်ဖို့ရန် အတွက် အလှူငွေများပေးအပ်ခဲ့ကြသည်။

Myanmar

သတ်ဖြတ်မှုများ ဖြစ်ပွားပြီးနောက် ရခိုင်လူမျိုးများနှင့်အတူ ရာနှင့်ချီသော ဟိန္ဒူမိသားစုများသည် စစ်တွေသို့ ခိုလှုံရန် နေရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။ ဟိန္ဒူဘာသာဝင် ၅၀၀ ကျော်သည် စစ်တွေမြို့ရှိ ဟိန္ဒူဘုရားကျောင်း လေးခုတွင် ခိုလှုံခဲ့ကြပြီး ထိုသူများကို မြန်မာ အစိုးရ၏ ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီပံ့ပိုးပေးခဲ့ကြသည်။ ဟိန္ဒူဘာသာဝင်အများအပြားသည် ပုဏ္ဏားကျွန်း (Ponnagyun Township) နှင့် ကျောက်တော်မြို့နယ် (Kyauktaw Township) များရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတွင်လည်း ဒုက္ခသည်အဖြစ် ခိုလှုံခဲ့ကြရသည်။

ပြန်လည်နေရာချထားရေး (Rehabilitation)

ဟိန္ဒူဒုက္ခသည်များသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ၎င်းတို့၏ဇာတိဒေသများသို့ ပြန်သွားရန် ကြောက်ရွံ့ကြပြီး မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွင် တည်းခိုရမည်ကိုလည်း ကြောက်ရွံ့ခဲ့ကြသည်။ ထိုအစား ၎င်းတို့သည် ဟိန္ဒူအများစုနေထိုင်သော အိန္ဒိယနိုင်ငံတွင် ပြန်လည်ထူထောင်ခွင့် ရရှိရေးကို မျှော်လင့်ခဲ့ကြသည်။ Vishwa Hindu Parishad အဖွဲ့၏ ခေါင်းဆောင်သည် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ ဟိန္ဒူဒုက္ခသည်များအတွက် မွေးရပ်မြေဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ Vishwa Hindu Parishad အဖွဲ့အစည်းသည် Rashtriya Swayamsevak Sangh အဖွဲ့အစည်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံများမှ ဟိန္ဒူဘာသာဝင်များကို အိန္ဒိယတွင် ခိုလှုံခွင့်ပေးမည့် မူဝါဒအသစ်ကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနထံ အစီရင်ခံစာ တင်သွင်းရန် ရည်ရွယ်ခဲ့ကြသည်။

Durga Puja ပွဲတော် ကာလတွင် Kutupalong ဒုက္ခသည်စခန်းမှ ဟိန္ဒူဒုက္ခသည် ၂၇ ဦးသည် Vijayadashami ပွဲတော် ကျင်းပရန် စခန်းမှ ထွက်ခွာခဲ့ကြပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြောင်း သိရှိခဲ့ရသည်။

“စုံစမ်း စစ်ဆေးခြင်း” (Investigation)

ဘင်္ဂလားဒေ့ရှ်သို့ ခေါ်ဆောင်သွားခြင်းခံခဲ့ရသော ဟိန္ဒူအမျိုးသမီး ရှစ်ဦးအနက်မှ တစ်ဦးသည် မြန်မာနိုင်ငံရှိ ဟိန္ဒူခေါင်းဆောင်တစ်ဦးထံ ဖုန်းဆက်ပြီး ခမောင်းဆိပ် သတ်ဖြတ်မှု အကြောင်းနှင့် အလောင်းများအား မြှုပ်ထားသော တည်နေရာကို ပြောပြခဲ့သည်။ ထို့နောက် ဒေသဆိုင်ရာ ဟိန္ဒူခေါင်းဆောင်များက မောင်းတောခရိုင် ခမောင်းဆိပ်ဒေသရှိ ရဲဘောကျ (Ye Baw Kya) နှင့် တောင်ရွာ (Taung Ywar) ရွာနှစ်ရွာမှ ဟိန္ဒူ ၁၀၂ ဦး ပျောက်ဆုံးနေကြောင်း စာရင်းပြုစုခဲ့သည်။ ရခိုင်ပြည်နယ်လွှတ်တော်အမတ်တစ်ဦး (ဦးကျော်ဇောဦး)က ထိုကိစ္စအား စုံစမ်းစစ်ဆေးပြီးနောက် အသေးစိတ် အကြောင်းအရာကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ၎င်း၏ Facebook ၌ တင်ခဲ့ခြင်းသည် ထိုကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ပထမဆုံး သတိပေးချက် ဖြစ်လာခဲ့သည်။ သတင်းပေးမှုများအရ မြန်မာစစ်တပ်သည် ရဲဘောကျ ကျေးရွာ အပြင်ဘက်တွင် ဟိန္ဒူရုပ်အလောင်း ၂၈ လောင်းပါရှိသည့် ရွှံ့ကျင်းနှစ်ခုကို စက်တင်ဘာ ၂၄ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။ သေဆုံးသူများတွင် အမျိုးသမီး ၂၀ ဦး ဖြစ်ပြီး ကျန် ၈ ဦးမှာ အမျိုးသားနှင့် ကလေးငယ်များ ဖြစ်သည်။ စက်တင်ဘာ ၂၅ ရက်တွင် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံ ဟိန္ဒူခေါင်းဆောင်တို့ ပါဝင်သော ရှာဖွေရေး အဖွဲ့သည် ယခင်က ရှာဖွေတွေ့ရှိခဲ့သည့် အလောင်းများ မြှုပ်နှံထားသည့်နေရာမှ အရှေ့မြောက်ဘက် မီတာ ၄၀၀ အကွာတွင် ဟိန္ဒူရုပ်အလောင်း ၁၇ လောင်းကို ရွှံ့ကျင်းနှစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဟိန္ဒူခေါင်းဆောင်များ၏ အဆိုအရ အလောင်းများသည် အသက် ၃၀ နှင့် ၅၀ ကြားရှိ အမျိုးသားများဖြစ်သည်ဟု သိရှိခဲ့ရသည်။ ဒေသခံ ဟိန္ဒူခေါင်းဆောင်များသည် ပျောက်ဆုံးနေသော ဟိန္ဒူဘာသာဝင်များ၏ အလောင်းများကို ဆက်လက်ရှာဖွေခဲ့ကြပြီး ထိုသူများ သေဆုံးမည်ကို စိုးရိမ်ခဲ့ကြသည်။ ပျောက်ဆုံးနေသော ရဲဘောကျရွာသား (၄၆)ဦး၏ တည်နေရာကို (၂၀၁၈ ခုနှစ် ဇွန်လအထိ) မသိခဲ့ကြပေ။

ရိုဟင်ဂျာ သောင်းကျန်းသူများသည် ၎င်းတို့အား အစိုးရသူလျှိုများဟု သံသယရှိသောကြောင့် ၎င်းတို့ကို သတ်ဖြတ်ခဲ့သည်ဟု ဟိန္ဒူရွာသားများက ယုံကြည်ခဲ့ကြသည်။

စက်တင်ဘာ ၂၇ ရက်တွင် မြန်မာစစ်တပ်သည် ပဋိပက္ခဖြစ်ပွားသောဒေသသို့ ခရီးသွားလာမှု ကန့်သတ်ချက်ကို ရုတ်သိမ်းလိုက်ပြီး နိုင်ငံခြား သတင်းထောက်များကို ထိုနေရာသို့ သွားလာခွင့်ပြုခဲ့သည်။

ခမောင်းဆိပ်သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု သံသယရှိသော ရိုဟင်ဂျာ သောင်းကျန်းသူ ခြောက်ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်စခန်းတွင် တွေ့ရှိခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ၎င်းတို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စွဲချက်များဖြင့် ဖမ်းဆီးထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။ ရိုဟင်ဂျာများက အစ္စလမ်ဘာသာသို့ ကူးပြောင်းခိုင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သော ဟိန္ဒူအမျိုးသမီး ရှစ်ဦးကို မြန်မာအာဏာပိုင်များက သက်သေအဖြစ် ပြန်လည်ခေါ်ယူရန် ဆုံးဖြတ်ခဲ့သည်။

2018 ခုနှစ် မေလ 22 ရက်နေ့တွင် Amnesty International သည် ခမောင်းဆိပ်ကျေးရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်၍ ARSA အား အပြစ်တင် ဝေဖန်သည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ခမောင်းဆိပ် အနီးနားကျေးရွာများမှ သေဆုံးမှုများအတွက် ARSAတွင် တာဝန်ရှိသည်ဟု ပြောဆိုခဲ့သည်။ ထိုအစီရင်ခံစာသည် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် နေထိုင်သူများအား ဒါဇင်နှင့်ချီသော တွေ့ဆုံမေးမြန်းမှုများနှင့် မှုခင်းဆေးပညာဆိုင်ရာ ရောဂါဗေဒပညာရှင်များမှ ခွဲခြမ်းစိတ်ဖြာစိစစ်ထားသည့် ဓာတ်ပုံအထောက်အထားများအပေါ် အခြေခံထားသည်။

ARSA မှ ထိုအစီရင်ခံစာသည် “တရားမျှတမှုမရှိဘဲ ပြင်းထန်သော ရာဇ၀တ်မှုဆိုင်ရာ စွပ်စွဲချက်များ” ဟုဆိုကာ ငြင်းဆိုခဲ့သည်။ ယုံကြည်နိုင်လောက်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်ကိုလည်း တောင်းဆိုခဲ့သည်။

“တုန့်ပြန်ချက်များ” (Reactions)

မြန်မာအာဏာပိုင်များသည် ရိုဟင်ဂျာစစ်သွေးကြွများသည် ခမောင်းဆိပ်ဒေသတွင် ဟိန္ဒူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ဗုဒ္ဓဘာသာဝင်တို့က ဟိန္ဒူနှင့် မွတ်စလင်များ အကြား ကွဲပြားအောင် ဖန်တီးခြင်းဟု ARSA က ငြင်းဆိုခဲ့သည်။ တွစ်တာပို့စ်တစ်ခုတွင် ၎င်းတို့သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် မည်သည့်အခန်းကဏ္ဍတွင်မှ မပါဝင်ကြောင်း ငြင်းဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ရှိ Kutupalong ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာ သောင်းကျန်းသူတစ်ဦးနှင့် ၎င်း၏ထောက်ခံသူများသည် ရခိုင်ဗုဒ္ဓဘာသာဝင်များက ဟိန္ဒူဘာသာဝင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ရိုဟင်ဂျာ မွတ်စလင်များအပေါ် အပြစ်ပုံချခဲ့သည်ဟု စွပ်စွဲခဲ့သည်။

Amnesty International မှ Crisis Response Director ဖြစ်သူ Tirana Hassan က “ကျွန်ုပ်တို့ တွေ့ဆုံခဲ့သော အသက်ရှင်ကျန်ရစ်သူများအတွက် ဖျောက်ဖျက်လို့မရနိုင်တဲ့ ARSA ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို လျစ်လျူရှုဖို့ ခက်ခဲပါသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာဝန်ခံမှုဟာ အရေးကြီးသလိုပဲ ခမောင်းဆိပ် သတ်ဖြတ်မှုကလည်း အရေးကြီးပါသည်။ ထိုရက်စက်ကြမ်းကြုတ်သော လုပ်ရပ်အတွက် ARSA အဖွဲ့ဝင်တွေသည် ဟိန္ဒူအမျိုးသမီး၊ အမျိုးသားနှင့် ကလေးတွေ အများအပြားကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား ရွာအပြင်တွင် မသတ်ခင် ကြောက်လန့်အောင် နှိပ်စက်မှုများကို ပြုလုပ်ခဲ့ပါသည်။ ဤစက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရာဇ၀တ်မှုကို ကျူးလွန်သူများအား စွဲချက်တင်ရန် လိုအပ်ပါသည်။” ဟုပြောကြားခဲ့သည်။

မှတ်ချက် ၁။ Wikipedia မှ တိုက်ရိုက်ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ Wikipedia သည် အကောင့် ရှိသူတိုင်း ဝင်ရောက်ပြင်ဆင် ရေးသား၍ ရသောကြောင့် 100 ရာခိုင်နှုန်း မှန်ကန်သည်ဟု သတ်မှတ်၍ မရပါ။ အသေးစိတ်သိရှိလိုလျင် ကိုးကားချက်များကိုပါ လိုက်လံဖတ်ရှုရပါမည်။ သို့သော် တစ်ခါတစ်ရံ ကိုးကားချက်၊ ရည်ညွှန်းချက်များ သည် ဘက်လိုက်၍ ရေးသားမှုများဖြစ်နေတတ်သည်။ ထို့အပြင် ကိုးကားချက်၊ ရည်ညွှန်းချက်များမပါရှိပဲ ရေးထားသော အကြောင်းအရာများလည်း ပါနေတတ်ပါသည်။

မှတ်ချက် ၂။ ဒီဇင်ဘာလ ၇ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသော အဖွဲ့အစည်းများ ပူးတွဲကာ ARSA သည် ရိုဟင်ဂျာများအား ကိုယ်စားမပြုဟု၍ Statement ထုတ်ပြန်ခဲ့သည်။ အဆိုပါ Statement သည် စက်တင်ဘာလ ၂၉ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် Cox’s Bazaar ရှိ ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အား ARSA မှ သတ်ဖြတ်ခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် နိုဝင်ဘာလ ၂၀ရက်နေ့ ၂၀၂၁ ခုနှစ်တွင် World Rohingya Organization မှ ARSA သည် ရိုဟင်ဂျာတို့၏ People Defense Force (PDF) ဖြစ်ကြောင်း ARSA အား ထောက်ခံသည့် Statement အား ထုတ်ပြန်ခဲ့သည်။

မှတ်ချက် ၃။ ရိုဟင်ဂျာ အရေး တတ်ကြွလှုပ်ရှားသူများသည် ပြီးခဲ့သော သြဂုတ်လ ၂၅ ရက်နေ့ ၂၀၂၁ ခုနှစ်သည် တွင် ရိုဟင်ဂျာ ဂျီနိုစိုက်စတင်ခဲ့သည့် ၄ နှစ်မြောက်နေ့ဟုဆိုကာ သြဂုတ်လ ၂၅ ရက်နေ့အား National Apology Day အဖြစ်သတ်မှတ်ပေးရန် Campaign ပြုလုပ်ခဲ့ကြသည်။ စင်စစ်မှာ သြဂုတ်လ ၂၅ ရက်နေ့သည် ရခိုင်ပြည်နယ် မောင်းတောခရိုင် မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာတွင် ဘင်္ဂလီ ဟိန္ဒူရွာသားများအား ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော Arakan Rohingya Salvation Army (ARSA) မှ သတ်ဖြတ်ခဲ့သောနေ့ ဖြစ်ပါသည်။ ထိုစဉ်က ရိုဟင်ဂျာ အရေး တတ်ကြွလှုပ်ရှားသူများသည် ARSA ဘက်မှ ကာကွယ်ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် ထိုသူများ၏ သြဂုတ်လ ၂၅ ရက်နေ့အား National Apology Day အဖြစ်သတ်မှတ်ပေးရန်တောင်းဆိုခြင်းသည် သံသယဖြစ်ဖွယ်ကောင်းလှသည်။

ကိုးကား – https://en.wikipedia.org/wiki/Kha_Maung_Seik_massacre

ဘင်္ဂါလီလူအုပ်စုလက်ချက်ဖြင့် ဟိန္ဒူ ကိုးဆယ်ကျော် အစုလိုက်အပြုံလိုက် အသတ်ခံရမှု ဆိုင်ရာ တင်ပြချက် ( Sep 13, 2017 by Kyaw Zaw Oo’s Blog) – https://web.archive.org/…/report-on-massacre-of-more…/

Kha Maung Seik Massacre (Sep 24, 2017 by Kyaw Zaw Oo’s Fb) – https://www.facebook.com/watch/?ref=saved&v=10155699419179556

Kha Maung Seik Massacre’s first Anniversary (Aug 8, 2018 by Kyaw Zaw Oo’s Fb) – https://www.facebook.com/watch/?ref=saved&v=10156523758524556

တောင်းပန်ခြင်းမခံရသူများ ( Aug 25, 2021 by Kyaw Zaw Oo’s Fb) – https://www.facebook.com/kyawzawoo.arakanese/posts/10159350965304556

Myanmar: New evidence reveals Rohingya armed group massacred scores in Rakhine State (May 22, 2018 by Amnesty International) – https://www.amnesty.org/…/myanmar-new-evidence-reveals…/

Rohingya insurgents killed Hindu villagers in Myanmar violence: Amnesty (May 22, 2018 by Reuters) – https://www.reuters.com/…/us-myanmar-rohingya…

ARSA responsible for killing of dozens of Hindus: Amnesty (May 23, 2018 by Frontier Myanmar) – https://www.frontiermyanmar.net/…/arsa-responsible-for…/

Amnesty International Shares Evidence of “Gruesome” ARSA Massacre (May 23, 2018 by The Irrawaddy) – https://www.irrawaddy.com/…/amnesty-international…

Photo – Credit

#RRHistory2021

Leave a comment