NCA စာချုပ်ကို ဆွဲဆုတ်ပစ်လိုက်ရမယ့် အချိန်ရောက်ပြီ
NCA ဆိုတာ Nationwide Ceasefire Agreement (တနိုင်ငံလုံးစစ်ပြေငြိမ်းရေးသဘောတူညီချက်) ကို ရည်ညွှန်းတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းသာမက သာမန်ပြည်သူ အရပ်သားများအပေါ်မှာပါ သက်ရောက်မှုရှိတဲ့ NCA ဆိုတာ ဒီလိုအချက်တွေပါဝင် ပြဌာန်းထားတဲ့ စာချုပ်ဖြစ်တယ်။ #အရပ်သားများကိုအကာအကွယ်ပေးခြင်း၉။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် အရပ်သားများကို အကာအကွယ်ပေးခြင်းနှင့် စပ်လျဥ်းသည့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် သဘောတူသည် -(က) ပြည်သူလူထု၏စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လိုအပ်သော ပံ့ပိုးကူညီမှုများ ညှိနှိုင်းပူးပေါင်းဆောက်ရွက်ရန်။(ခ) ပြည်သူလူထုအား လူတစ်ဦးတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိပါးစေသည့်လုပ်ရပ်၊ အကြမ်းဖက်ခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လူသားမဆန်စွာပြုမူဆက်ဆံခြင်း၊ အကျဥ်းချခြင်း၊ သတ်ဖြတ်ခြင်း နှင့် ဖျောက်ဖျက်ခြင်း မပြုလုပ်ရ။(ဂ) ဒေသခံပြည်သူများကို အဓမ္မ နေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ပြောင်းစေခြင်း မပြုလုပ်ရ။(ဃ) ပြည်သူလူထုထံမှ ငွေ၊ ပစ္စည်းဥစ္စာ၊ စားရေရိက္ခာ၊ လုပ်အားနှင့် ဝန်ဆောင်မှုများကို အဓမ္မ တောင်းခံရယူခြင်း မပြုလုပ်ရ။(င) ပြည်သူလူထုအား အကြောင်းမဲ့ဖြစ်စေ၊ အမှုဆင်ပြီးဖြစ်စေ ဖမ်းဆီးအရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြုရန်နှင့် ဥပဒေနှင့်အညီဆောင်ရွက်ရန်။(စ) ဒေသခံများ၏မြေယာများကို အဓမ္မသိမ်းပိုက်ခြင်းနှင့်လွှဲပြောင်းခြင်းများ မပြုလုပ်ရ။(ဆ) အများပိုင်ပစ္စည်းများကို ပျက်စီးစေခြင်း၊ ခိုးယူခြင်း၊ လုယက်ခြင်းနှင့် ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်း မပြုလုပ်ရ။(ဇ) ဥပဒေနှင့်အညီ ပညာသင်ကြားရေးဆိုင်ရာအခွင့်အရေးများကို နှောင့်ယှက်ပိတ်ပင်ခြင်း၊ ပညာရေးဆိုင်ရာပစ္စည်းများနှင့်အတူ စာသင်ကျောင်း၊ အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ပညာသင်ယူနေသူများကို နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရ။(စျ) လူတစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများကို ထိခိုက်စေခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဥပဒေအရခွင့်ပြုထားသည့် အများပြည်သူများအတွက် ဆေးဝါးများ သယ်ယူပို့ဆောင်ခြင်းအား တားမြစ်ခြင်း မပြုလုပ်ရ။(ည) ပြည်သူလူထု၏ စားနပ်ရိက္ခာစုဆောင်းခြင်း၊ ကုန်ပစ္စည်းများနှင့် ကောက်ပဲသီးနှံများကို တစ်ပိုင်တစ်နိုင်သယ်ယူပို့ဆောင်ရောင်းချခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း လုပ်ငန်းများကို နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရ။(ဌ) ပြည်သူလူထု၏ ဘာသာရေး၊ စာပေယဥ်ကျေးမှု နှင့် ဓလေ့ထုံးတမ်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုများကို နှောင့်ယှက်ခြင်း၊ ဂုဏ်သိက္ခာညှိုးနွမ်းစေခြင်းနှင့် ပျက်စီးစေခြင်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုလုပ်ရ။(ဍ) အမျိုးသမီးများအား ဗလက္ကာယပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မသားမယားပြုကျင့်ခြင်း၊ လိင်မှုဆိုင်ရာကျွန်ပြခြင်း မပြုလုပ်ရ။(ၒ) ကလေးငယ်များအား သတ်ဖြတ်ခြင်းနှင့် ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ ကလေးစစ်သားအဖြစ်စုဆောင်း /စစ်မှုထမ်းစေခြင်း၊ အဓမ္မပြုခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ဖြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ မပြုလုပ်ရ။(ဏ) ပြည်သူလူထုကို ကျွန်ပြုခြင်း၊ အဓမ္မခိုင်းစေခြင်း မပြုလုပ်ရ။(တ) အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန်။(ထ) အရပ်သားပြည်သူများ စိုးရိမ်ကြောင့်ကျမှုမရှိဘဲ အပစ်ရပ်နယ်မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုရန်။စကစစစ်တပ်ဟာ အထက်ပါ NCA စာချုပ် သဘောတူညီချက်များကို တနိုင်ငံလုံး နေရာအနှံ့အပြားမှာ အကြိမ်မရေတွက်နိုင်အောင် ဖောက်ဖျက်ခဲ့တာ အထင်အရှားဖြစ်တယ်။ အပစ်အခတ်ရပ်စဲပြီး NCA စာချုပ် လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ်မှာလည်း အကြိမ်ကြိမ် တိုက်ခိုက် ကျူးကျော်ခဲ့ပြီးဖြစ်တယ်။ စကစစစ်တပ်ဟာ NCA စာချုပ်ကို ကိုယ်တိုင်ဖောက်ဖျက် ကျူးလွန်နေပေမဲ့ တဖက်မှာတော့ စာချုပ်ကို အသုံးချပြီး အခြားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် အကျပ်ကိုင်ခြင်း နိုင်ငံရေးအမြတ်ထုတ်ခြင်း များကိုလည်း အကြိမ်ကြိမ် ပြုမူနေတာဖြစ်တယ်။ ဒီလို ဗြောင်ကျကျကျူးလွန်တဲ့ လုပ်ရပ်များဟာ နိုင်ငံအဝန်းမှ ပြည်သူများ လူမျိုးစုများ အဖွဲ့အစည်းများကို မထီမဲ့မြင် စော်ကားပြုကျင့်တာ ဖြစ်တဲ့အတွက် ပြည်သူများ အနေနဲ့ ဘာတန်ဖိုးမှ မရှိတော့တဲ့ NCA စာချုပ်ကို ဆွဲဆုတ်ပစ်လိုက်ဖို့ တောင်းဆိုပိုင်ခွင့် ရှိသလို NCA စာချုပ်ကို ယုံယုံကြည်ကြည် လက်မှတ်ထိုးထားသူ ဂုဏ်သိက္ခာရှိ လက်နက်ကိုင် အဖွဲ့အစည်းများဟာလည်း ဒုက္ခမျိုးစုံ ခါးစီးခံနေရတဲ့ ပြည်သူများရဲ့မျက်နှာ မိမိတို့အဖွဲ့အစည်းများ၏သိက္ခာကို ထောက်ထားပြီး NCA စာချုပ်အသိုင်းအဝိုင်းထဲမှ နှုတ်ထွက်ခြင်း အားဖြင့် တာဝန်မဲ့မှု မတရားမှုကို ဆန့်ကျင်ကြောင်း၊ မိမိတို့ လူမျိုးစုများ နိုင်ငံအဝန်းမှ ပြည်သူများနဲ့အတူ ရပ်တည်ကြောင်း ပြတ်ပြတ်သားသား ပြသရမယ့်အချိန် ကျရောက်နေပြီ ဖြစ်တယ်။တနည်းအားဖြင့် မအလစကစအတွက် လက်နက်ကိုင်အဖွဲ့တွေအကြားမှာ တခုတည်းသော တရားဝင်မှု ကောက်ရိုးတမျှင်အဖြစ် အလွဲသုံးစား ပြုလုပ်ခွင့်ရနေတဲ့ NCA ဟာ အဆုံးသတ်လိုက်ရမယ့်အချိန် ရောက်နေပြီဖြစ်တယ်။|လွတ်လပ်စွာကူးယူ/ပြန်တင်နိုင်ပါသည်|
2011+ publishing