ခန္တီးရှမ်း(Tai Khamti)

ခန္တီးရှမ်း(Tai Khamti)
ကချင်ပြည်နယ်တွင် အများဆုံးနေထိုင်ကြသော ခန္တီးရှှမ်းလူမျိုံးများမှာ “တိုင်း”ဟုခေါ်သည့် ရှမ်းလူမျိုးများထဲမှ အနွယ်တစ်မျိုးဖြစ်ပါတယ်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ခန္တီးလုံဒေသ၊ မိုးကောင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်တို့၌ ပျံ့နှံ့နေထိုင်ကြပြီး လူဦးရေအားဖြင့် နှစ်သိန်းဝန်းကျင်ရှိတယ်လို့ သိရှိရပါတယ်။အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသရှိ အရူနာချာပရာဒက်ရှ်ပြည်နယ် နမ်ဆိုင်ခရိုင်နှင့် ချန်းလန်းခရိုင်၊ အာသံပြည်နယ် လခင်ပါခရိုင်၊ ဒီမာဂျီခရိုင်၊ တင်စုကီးယားခရိုင်ရှိ မုံးလန်ခန္တီးရွာတို့၌လည်း ပျံ့နှံ့နေထိုင်ကြပြီး လူဦးရေအားဖြင့် တစ်သိန်းလေးသောင်းကျော်ရှိတယ်လို့ သိရှိရပါတယ်။အာသံပြည်နယ်အတွင်းမှာ သုံးပုံနှစ်ပုံလောက်နဲ့ အများဆုံးနေထိုင်ကြကြောင်း သိရှိရပါတယ်။တရုတ်နိုင်ငံအတွင်းမှာလည်း အနည်းငယ်နေထိုင်ကြပါသေးတယ်။
ကိုးကွယ်ယုံကြည်မှုအနေနဲ့ ထေရဝါဒဗုဒ္ဓဘာသာကို အလွန်ရိုသေကိုင်းရှိုင်းကြတဲ့ လူမျိုးစုဖြစ်ပါတယ်။ခန္တီးရှမ်းလူမျိုးတွေဟာ ကိုယ်ပိုင်စာပေနဲ့ ကိုယ်ပိုင်ဘာသာစကား ပိုင်ဆိုင်ကြတဲ့လူမျိုးဖြစ်ပါတယ်။”လစ်တိုင်း”စာပေလို့ခေါ်တဲ့ သူတို့ရဲ့စာပေဟာ မူရင်းရှမ်း(တိုင်း)စာပေမှ ခွဲထွက်လာတာဖြစ်ပါတယ်။သူတို့ရဲ့မိခင်ဘာသာစကားကတော့ ခန္တီးရှမ်းစကားဖြစ်ပြီး ရှမ်း(တိုင်း)စကားအနွယ်ဖြစ်ပါတယ်။ထိုင်းစကား၊ လာအိုစကားတို့နဲ့ နီးစပ်မှုရှိတယ်လို့လည်း သိရှိရပါတယ်။အနွယ်တူ လူမျိုးတစ်ခုတည်းက ဆင်းသက်ပေါက်ဖွားလာကြလို့လည်း ဖြစ်နိုင်ပါတယ်။
လက်ရှိအချိန်မှာတော့ ခန္တီးရှမ်းဘာသာစကားကို သုံးမျိုးခွဲခြားပြီး ပြောဆိုနေကြပါတယ်။မြန်မာပြည်မြောက်ဖျားပိုင်းရှိ မြောက်ပိုင်းခန္တီးစကား၊ အာသံပြည်နယ်ရှိ အာသံခန္တီးစကားနဲ့ ဆိန်ဂလိမ်ခန္တီးစကားဆိုပြီး သုံးမျိုးကွဲပြားပါတယ်။”ခန္တီး”ဆိုတာရဲ့ မူရင်းအဓိပ္ပါယ်ကတော့ “ရွှေတွေထွက်ရှိရာဒေသ”ဆိုပြီး အနက်ဖွင့်ထားတာလို့ သိရှိရပါတယ်။ထူးခြားမှုအနေနဲ့ ခန္တီးရှမ်းလူမျိုးတွေဟာ ကချင်လူမျိုးတွေနဲ့ နှစ်ပေါင်းများစွာ အတူယှဉ်တွဲပြီး နေထိုင်လာခဲ့ကြတာကို တွေ့ရှိရပါတယ်။ခန္တီးရှမ်းလူမျိုးတွေနဲ့ ကျွန်တော်တို့ကချင်လူမျိုးတွေဟာ စစ်ဖြစ်ခဲ့ကြဖူးတယ်လို့လည်း သမိုင်းမှာ မတွေ့ရှိခဲ့ဖူးပါဘူး။လိုအပ်ရင် စစ်ရေးအရ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အကူအညီပေးခဲ့ကြတာကိုတော့ သမိုင်းမှာတွေ့ရှိနိုင်ပါတယ်။ပင်လုံညီလာခံသို့လည်း ခန္တီးလုံဒေသမှ ကချင်စကားပြောတဲ့ ခန္တီးရှမ်းခေါင်းဆောင်ဦးအောင်ဘကို ကချင်လူမျိုးကရိုင်အောင်ဘအနေနဲ့ ကချင်ပြည်နယ်ကိုယ်စားပြုပြီး တက်ရောက်ခဲ့တာကို တွေ့ရှိနိုင်ပါတယ်။
ခန္တီးရှမ်းလူမျိုးတွေဟာ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကိုင်းရှိုင်းကြတာနဲ့အညီ သူတိုရဲ့အိမ်တိုင်းမှာ ဘုရားခန်းကို သီးသန့်ထားရှိတတ်ကြပါတယ်။မနက်ခင်းတိုင်း ဘုရားရှိခိုးတတ်ကြပြီး ညနေခင်းတွေမှာတော့ ဆွမ်းနဲ့ပန်းတွေ ကပ်လှူပူဇော်လေ့ရှိကြပါတယ်။သူတို့ဟာ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ တည်ငြိမ်အေးချမ်းတဲ့ လူမျိုးလည်းဖြစ်ကြပါတယ်။ရိုးရာပွဲတော်တွေမှာတော့ ဆန်ကနေဖေါက်လုပ်ထားတဲ့ ခေါင်ရည်ကို သောက်သုံးတတ်ကြပါတယ်။သားငါးတွေစားတယ်ဆိုပေမဲ့ အမဲသားကိုတော့ များသောအားဖြင့် ရှောင်ကျဉ်တတ်ကြပါတယ်။လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ဆောင်ကြပြီး စိုက်ပျိုးရေးကျွမ်းကျင်သူများလည်း ဖြစ်ကြပါတယ်။
အိန္ဒိယနိုင်ငံအတွင်းမှာတော့ ခန္တှီးရှမ်းလူမျိုးတွေဟာ သိန်းဖေါလို့ခေါ်တဲ့ ဂျိမ်းဖေါလူမျိုးတွေနည်းတူ လက်ဖက်ကို အဦးဆုံးစိုက်ပျိုးပြီး ရောင်းဝယ်သုံးစွဲကြသူတွေအဖြစ် နာမည်ကျော်ကြားကြပါတယ်။သမိုင်းအဆိုတွေအရ ၁၂ ရာစုလောက်ကတည်းက အိန္ဒိယအရှေ့မြောက်ဒေသမှာ လက်ဖက်ကို စိုက်ပျိုးခဲ့ကြတယ်လို့ အဆိုရှိပါတယ်။လက်ရှိအချိန်မှာလည်း အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသထွက် လက်ဖက်တွေဟာ ကမ႓ာမှာထင်ရှားကျော်ကြားလှပါတယ်။ဒီလိုကျော်ကြားလှတဲ့ လက်ဖက်တွေကို ခန္တီးရှမ်းနဲ့ သိန်းဖေါ(ကချင်)လူမျိုးတွေက အများဆုံး စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။
အိန္ဒိယနိုင်ငံအတွင်းမှာတော့ နှစ်တိုင်း ဧပြီလ ၁၄ ရက်နေ့မှာကျင်းပတဲ့ ဆန်းကဲန်းလို့ခေါ်တဲ့ပွဲတော်ဟာ အဓိကရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်။ထို့အပြင် ပွယ်ပြီးမောဝ်လို့ခေါ်တဲ့ ခန္တီးရှမ်းနှစ်သစ်ကူးပွဲတော်၊ မိုင်ကဆုန်ဖိုင်း၊ ခေါဝ၊ ပုပ်ဝစသည်ဖြင့် ရိုးရာပွဲတော်တွေလည်းရှိပါသေးတယ်။ခန္တီးရှမ်းလူမျိုးတွေဟာ ဆံပင်ကိုအရှည်ထားတတ်ကြပြီး ချည်(သို့)ပိုးပုဝါအဖြူရောင်နဲ့ ပေါင်းထားတတ်ကြပါတယ်။ရိုးရာအကအနေနဲ့ ခန္တီးရှမ်းလူမျိုးတွေရဲ့ ဒေါင်းအကဟာ ထင်ရှားပါတယ်။ထို့အပြင် သမင်အက၊ သိုးနယားအကနဲ့ ဘီလူးအကတွေကိုလည်း ပျော်ပျော်ပါးပါး ကခုန်တတ်ကြပါသေးတယ်။
အထက်ပါအကြောင်းတွေကတော့ ကျွန်တော်လေ့လာသိရှိထားသလောက် ခန္တီးရှမ်းခေါ် တိုင်းခန္တီလူမျိုးတွေရဲ့ အချို့သောအကြောင်းအရာလေးတွေပဲဖြစ်ပါတယ်။အသေးစိတ်ကိုတော့ ခန္တီးရှမ်းလူမျိုးတွေကိုယ်တိုင်ရေးသားထားတာတွေကို ရှာဖွေပြီးဖတ်ရှုကြစေချင်ပါတယ်။
မှတ်ချက်။ ။ခန္တီးရှမ်းလူမျိုးများသည် ရှမ်းနီလူမျိုးများ မဟုတ်ကြပေ။ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ ရှမ်းနီလူမျိုးများသည် ရှမ်းလူမျိုးအနွယ်ဝင် သီးသန့်လူမျိုးစုတစ်မျိုးဖြစ်ကြပါတယ်။ခန္တီးရှမ်းလူမျိုးမှာ တိုင်းခန္တီဖြစ်ပြီး၊ ရှမ်းနီလူမျိုးမှာ တိုင်းလိုင်(ခ)တိုင်းလျန်ဖြစ်ပါတယ်။မရောထွေးစေလိုပါ။

Dingyau Uma

==========

Leave a comment