Unitary state (တပြည်ထောင်စနစ်)

Unitary state (တပြည်ထောင်စနစ်)
Unitary ဟာ ကွန်ဖက်ဒရိတ် နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တယ်။ ဗဟိုအစိုးရလက်ထဲမှာ အာဏာအားလုံး တည်ရှိတယ်။ ဒေသန္တရ အစိတ်အပိုင်းတွေဟာ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ရတယ်။ ဗဟိုအစိုးရအနေနဲ့ ဥပဒေရေးဆွဲပြီး ဒေသန္တရကို အာဏာတချို့ ခွဲပေးနိုင်တယ်။ အဲဒါဟာ တန်းတူရည်တူသဘောမျိုးနဲ့ အာဏာဝေမျှတာ မဟုတ်ဘူး။ အထက်က အောက်ကို အပ်နှင်းထားတဲ့သဘော (delegation of power) သာဖြစ်တယ်၊ devolution လို့ခေါ်တယ်။ အဲဒီအာဏာတွေကို ပြန်လည်ရုပ်သိမ်းနိုင်တယ်၊ ဒေသန္တရ အစိုးရရဲ့ လုပ်ပိုင်ခွင့် တရားမဝင်တော့ဘူး လို့လဲ ကျေညာနိုင်တယ်။ (federal စနစ်ကျတော့ ဗဟို နဲ့ ဒေသန္တရ အစိုးရတို့ဟာ အာဏာကို ဘယ်သူ့ှ ဘယ်သူမှ ခွဲဝေပေးတာ အပ်နှင်းထားတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံဥပဒေက ပြဌာန်းချက်အရ ပိုင်ဆိုင်ထားကြတာ ဖြစ်တယ်။ ပြန်ရုပ်သိမ်းလို့ မရဘူး၊ ဖွဲ့စည်းပုံကို ပြန်ပြင်မှ အာဏာပြန်ခွဲလို့ရမယ်။ (federation အကြောင်းရေးတဲ့အခါ အကျယ်ရေးပါ့မယ်။) ကွန်ဖက်ဒရိတ် (confederation) ကျတော့ ဒေသန္တရ အစိတ်အပိုင်းတွေ နိုင်ငံတွေက သူတို့ရဲ့အာဏာရပ်တချို့ကို ခွဲဝေစုစည်းပြီး ဗဟိုအစိုးရကို ပေးအပ်ထားတာ၊ သူတို့ဟာသူတို့ ပြန်လည်ရုပ်သိမ်းနိုင်တယ်။ (confederation ရေးတုံးက ရှင်းခဲ့ပါပြီ။)
ယူနစ်ထရီ (တပြည်ထောင်စနစ်) ဟာ ကမ္ဘာပေါ်မှာ အများဆုံး ကျင့်သုံးနေကြတဲ့ စနစ် ဖြစ်တယ်။ ကုလသမ၈္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရှိတဲ့အနက် ၁၆၆ နိုင်ငံဟာ တပြည်ထောင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်တယ်။
unitary နမူနာတချို့
United Kingdom (UK) ကို အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ မြောက်ပိုင်းအိုင်ယာလန် ဆိုတဲ့ တိုင်းပြည် (country) ၄ ခုနဲ့ ဖွဲ့စည်းထားတယ်။ UK ဟာ ဖွဲ့သည်းပုံအရ စည်းမျည်းခံဘုရင်စနစ် ကျင့်သုံးတဲ့ unitary နိုင်ငံတခုဖြစ်ပြီး နိုင်ငံရေးအာဏာအားလုံးကို အင်္ဂလိပ်တိုင်းပြည် လန်ဒန်မြို့မှာရှိတဲ့ ပါလီမန်က ချုပ်ကိုင်ထားတယ်။ ယူနိုက်တက်ကိန်းဒမ်း မှာပါဝင်တဲ့ ကျန်တိုင်းပြည် ၃ခု တို့မှာ အစိုးရနဲ့ ဥပဒေပြုအဖွဲ့တွေ ကိုယ်စီရှိကြတယ်၊ ဒါပေမဲ့ အဲဒီ ဥပဒေပြုအဖွဲ့တွေဟာ သူတို့ဒေသဆိုင်ရာ ကိစ္စရပ်တချို့ကို ဆုံးဖြတ်နိုင်တာပဲရှိတယ်။ ကျန်တဲ့ဒေသတွေကိ်ု သက်ရောက်စေမယ့် ကိစ္စရပ်တွေကို မဆုံးဖြတ်နိုင်ဘူး။ အဲဒီကိစ္စရပ်ဟူသမျှကို လန်ဒန်မှာရှိတဲ့ ပါလီမန်ကသာ ကိုင်တွယ်ဆုံးဖြတ်နိုင်တယ်။ လန်ဒန်အခြေစိုက်ပါလီမန်ရဲ့ အဆုံးအဖြတ်ကို ဒေသန္တရ ဥပဒေပြုအဖွဲ့တွေက ငြင်းပယ်ခွင့်လဲ မရှိဘူး။ (ဒါပေမဲ့ ယူကေမှာ ဗယိုချုပ်ကိုင်မှု မတင်းကျပ်ဘူးဆိုတာ အောက်မှာရေးထားပါတယ်။)
ပြင်သစ်သမ္မတနိုင်ငံ မှာဆိုရင် အာဏာရပ်အားလုံး ဗဟိုအစိုးရလက်ထဲမှာရှိတယ်။ နိုင်ငံကို “department” လို့ခေါ်တဲ့ (region) နိုင်ငံရေးနယ်မြေပေါင်း ၁၀၀ ကျော်နဲ့ဖွဲ့စည်းထားပြီး ဗဟိုကလုံးဝ ချုပ်ကိုင်တယ်။ ဗဟိုကခန့်အပ်တဲ့ “prefect” လို့ခေါ်တဲ့ အရာရှိက အဲဒီနယ်မြေတွေကို အုပ်ချုပ်တယ်။ တကယ်တော့ ဒီဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဟာ ဗဟိုအစိုးရရဲ့ ညွှန်ကြားချက်တွေကို လက်တွေ့အကောင်အထည် ဖော်ပေးရတဲ့ အဖွဲ့တွေသာဖြစ်တယ်။
နောက်ထပ်ထင်ရှားတဲ့ ယူနစ်ထရီ နိုင်ငံတချို့ကတော့ ဂျပန်၊ တရုတ်၊ ဖီလစ်ပိုင်၊ အီတလီ စတဲ့ နိုင်ငံတွေ ဖြစ်တယ်။
Decentralised Unitary States (ဗဟိုချုပ်ကိုင်မှု မတင်းကျပ်တဲ့ တပြည်ထောင်နိုင်ငံများ)
အထင်ရှားဆုံး နမူနာကတော UK ဖြစ်တယ်။ ပူးပေါင်းဖွဲ့စည်းထားတဲ့ မြောက်အိုင်ဟာလန် (Nothern Ireland)၊ ဝေလ(Wales)၊ စကော့တလန် (Scotland) တို့မှာကိုယ်စီရှိနေတဲ့ ဒေသဆိုင်ရာ အာဏာပိုင်စိုးမှုနဲ့ လန်ဒန်မြို့တော်မှာရှိတဲ့ ဗဟိုအစိုးရအကြား ဆက်ဆံရေးဟာ တပြည်ထောင်စနစ်ရဲ့ ယေဘုယျသဘောတရားနဲ့ လက်တွေ့မှာ ကွဲလွဲတယ်။ ယေဘုယျအားဖြင့် တပြည်ထောင်နိုင်ငံတွေမှာ ဒေသန္တရအာဏာကို ဗဟိုက ချုပ်ကိုင်ပိုင်စိုးထားပြီး အချိန်မရွေးရုပ်သိမ်းနိုင်တယ်လို့ ဆိုထားပေမဲ့ ယူကေ မှာတော့ ဒေသတွင်း ရွေးကောက်ခံထားရတဲ့ အာဏာပိုင်အဖွဲ့တွေရဲ့ တည်ရှိမှုဟာ အတော့်ကို ခိုင်မြဲနေတာ တွေ့ရတယ်။ စကော့တလန်မှာဆိုရင် ၁၉ ၉ ၇ လူထုဆန္ဒခံယူပွဲလုပ်ပြီး အာဏာခွဲယူဖို့ ဆုံးဖြတ်ကြတယ်။ ယူကေပါလီမန်က ၁၉ ၉ ၈ မှာ Act of Scotland ကို ပြဌာန်းပေးလိုက်တယ်။ စီးပွွးရေး ပညာရေး ကျန်းမာရေး တရားစီရင်ရေး ကျေးလက်ဖွံ့ဖြိုးရေး သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေး သယ်ယူပို့ဆောင်ရေး နဲ့ အခွန်ကောက်ခံရေး စတဲ့ အာဏာရပ်တွေကို သီးခြားကျင့်သုံးခွင့် ရလာတယ်။
ဒါတောင်မှ ဖက်ဒရယ်စနစ် လိုလားသူတချို့က ဒီအာဏာခွဲဝေရေးဟာ အုပ်ချုပ်ရေးအရ ခွဲဝေမှု သာဖြစ်တယ်၊ နိုင်ငံရေးအရခွဲဝေမှု မဟုတ်ဘူးလို့ ဝေဖန်ကြတာတွေ့ရတယ်။
အခုအခါ ဥရောပသမဂ္ဂ (EU) က ယူကေ နှုတ်ထွက်လိုက်တာကို England နဲ့ Wales မှာ အများအပြား ထောက်ခံကြပေမဲ့ Scotland နဲ့ Northern Ireland မှာ သိပ်မထောက်ခံကြဘူး။ ဒါကြောင့် အဲဒီဒေသ ၂ခု ရဲ့ သီးခြားလွတ်လပ်ရေး လိုလားမှုကို ပိုအားကောင်းသွားစေတယ်၊ ယူကေ ဆက်လက်တည်မြဲ စေချင်တယ်ဆိုရင် ဖက်ဒရယ်စနစ် ပြောင်းလဲကျင့်သုံးသင့်တယ်လို့ ပြောလာသူတွေလဲ ရှိနေလေရဲ့ ။
ဖက်ဆစ်အာဏာရှင် ဗိုလ်ချုပ်ကြီး ဖရန်ကို (Francisco Franco) ကွယ်လွန်ပြီး စပိန်နိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ရေး အတော်အသင့်ရှိတဲ့ နယ်မြေတွေနဲ့ တပြည်ထောင်စနစ် (unitary) ကျင့်သုံးလာခဲ့ပေမဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်။ ကတ်တလိုးနီးယား (Catalonia) နယ်သားတွေက တနိုင်လုံးအတွက် သူတို့ဒေသကပဲ အဓိက စိုက်ထုတ်ပံ့ပိုးနေရတယ်ဆိုတဲ့ ခံစားချက်ပြင်းထန်ပြီး လွတ်လပ်ရေးဆန္ဒခံယူပွဲ လုပ်ခဲ့တယ်။ လူများစုမဲမပေးဘူးဆိုပြီး ရလဒ်ကို ဗဟိုအစိုးရက အသိအမတ်မပြုဘူး။ တဘက်သတ် လွတ်လပ်ရေး ကျေညာ၊ အသိအမှတ်ပြုသူ မရှိ၊ မအောင်မြင်၊ ခွဲထွက်ရေးခေါင််းဆောင် ပွီးဂျမွန် (Carles Puidgemont) ဘယ်လ်ဂျီယံ ကိုထွက်ပြေး ခိုလှုံနေရဆဲ ဖြစ်တယ်။
ဗဟိုချုပ်ကိုင်မှု မတင်းကျပ်တဲ့ အခြားသော ယူနစ်ထရီ တပြည်ထောင်နိုင်ငံတချို့မှာ ဆိုရင်လဲ ဒေသန္တရအစိုးရတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ဖွဲ့စည်းပုံဥပဒေမှာ အသေးစိတ်ပြဌာန်းထားတာ တွေ့ရတယ်။ (တကယ်တော့ ဖွဲ့စည်းပုံအရ အာဏာခွဲဝေတာဟာ ဖယ်ဒရယ်စနစ်ဖြစ်တယ်။) ဂျပန်နိုင်ငံမှာဆိုရင် ၈ ဂျလိုင် ၁၉ ၉ ၉ မှာ ဂျပန်ပါလီမန် (Diet) က ဥပဒေပြဌာန်းအတည်ပြုပြီး ဒေသန္တရ အာဏာပိုင် အဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်တချို့ကို ဖွဲ့စည်းပုံထဲမှာ အသေးစိတ်ဖော်ပြလာခဲ့တယ်။
တပြည်ထောင်နိုင်ငံ နဲ့ အာဏာရှင်နိုင်ငံ
တပြည်ထောင်နိုင်ငံ (unitary state) တွေဟာ ဗဟိုက အာဏာချုပ်ကိုင်တဲ့ အစိုးရ ရှိတယ်ဆိုပေမဲ့ အာဏာရှင်နိုင်ငံ (authoritarian state) တွေနဲ့ လုံးဝကွာခြားတယ်။ အာဏာရှင်နိုင်ငံတွေမှာ အုပ်ချုပ်ရေး နိုင်ငံရေးအာဏာရပ် အားလုံးကို ခေါင်းဆောင်လူပု၈္ဂိုလ် တဦးတည်း ဒါမှမဟုတ် လူတစုက ချုပ်ကိုင်တယ်။ အဲဒီခေါင်းဆောင် ဆိုသူ/သူတွေကို လူထုက ရွေးချယ်တာမဟုတ်ဘူး။ ဖွဲ့စည်းပုံဥပဒေနဲ့အညီ လူထုကိုတာဝန်ခံခြင်းလဲ မရှိဘူး။ လွတ်လပ်စွာ ပြောဆိုခွင့်၊ သဘောထား ထုတ်ဖော််ခွင့်၊ သတင်းလွတ်လပ်ခွင့်၊ နိုင်ငံတော်ကအသိအမှတ်မပြုတဲ့ ဘာသာတရားကို ကိုးကွယ်ကျင့်သုံးခွင့် တွေလဲ အာဏာရှင်နိုင်ငံတွေမှာ မရှိဘူး။ ဒါ့အပြင် လူနည်းစုတွေရဲ့ ရပိုင်ခွင့်တွေကို ပြဌာန်းပေးတာ အကာအကွယ်ပေးတာလဲ မရှိဘူး။ ဟစ်တလာလက်အောက် နာဇီဂျာမနီ ဟာ စံပြ အာဏာရှင်နိုင်ငံ တခုဖြစ်တယ်။ အခုခေတ်မှာ မြောက်ကိုရီးယား၊ အီရန် စတဲ့နိုင်ငံတွေကို အာဏာရှင်နိုင်ငံတွေအဖြစ် သတ်မှတ်ကြတယ်။
တပြည်ထောင် (unitary) စနစ်ရဲ့ အားသာချက် အားနည်းချက်များ
အားသာချက်များ

  • လုပ်ငန်းလျင်မြန်ခြင်း။ ။ အစိုးရတရပ်တည်းသာ ရှိတဲ့အတွက် မမျှော်လင့်တဲ့ ပြည်တွင်း ပြည်ပပြဿနာ တရပ်ရပ် ပေါ်ပေါက်လာတဲ့အခါ လျင်မြန်စွာ အရေးယူ ဆောင်ရွက်နိုင်တယ်။
  • ဘဏ္ဍာငွေကြေး အကုန်အကျ သက်သာခြင်း။ ။ ဖက်ဒရယ် စနစ်မှာလို အစိုးရ အဆင့်ဆင့် ဗျူရိုကရေစီ ယန္တရားအဆင့်ဆင့် မရှိပဲ ထိထိရောက်ရောက် လုပ်ဆောင်နိုင်နဲ့အတွက် စရိတ်အကုန်အကျ သက်သာပြီး ပြည်သူလူထုအတွက် အခွန် ဝန်ပေါ့နိုင်စရာ အကြောင်းရှိတယ်။ ဥပမာ- တပြည်ထောင်စနစ်ဖြစ်တဲ့ ယူကေ မှာ ဝင်ငွေခွန်ဆောင်ရတာ ဖက်ဒရယ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တန်းတူဖြစ်ပေမဲ့ ယူကေမှာ ကျန်းမာရေး၊ လူမှုဖူလုံရေးစတာတွေ အားလုံးကို အခမဲ့စီစဉ်ပေးထားတယ်။
  • အာဏာပိုင် အရေအတွက်နည်းပါးခြင်း။ ။ တနိုင်ငံလုံးကို တနေရာတည်းကနေပြီး ရွေးကောက်ခံအရာရှိ အနည်းငယ်နဲ့ စီမံအုပ်ချုပ်နိုင်တယ်။ နည်းနည်းနဲ့ ကျဲကျဲဝိုင်း နိုင်တဲ့သဘောရှိတယ်။
  • တပြေးညီဖြစ်ခြင်း။ ။ တရားဥပဒေနဲ့ အုပ်ချုပ်ရေးရာမှာ ကွဲပြားခြားနားမှုမရှိပဲ တနိုင်ငံလုံးတပြေးညီ ဖြစ်စေတယ်။
    အားနည်းချက်များ
  • အခြေခံအဆောက်အအုံ အားနည်းချက်ရှိနိုင်ခြင်း။ ။ ဆုံးဖြတ်ချက် ချမှတ်ရတာ လျင်မြန်ပေမဲ့ အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ရုပ်ပိုင်းဆိုင်ရာ လက်တွေ့လိုအပ်ချက်တွေ လစ်ဟင်းမှု ရှိနိုင်တယ်။ အထူးသဖြင့် နိုင်ငံမှာအရေးပေါ် အခြေအနေကြုံရတဲ့ အခါတွေမှာ ဒီလိုလစ်ဟင်းမှုတွေက ပြည်သူလူထုအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်။
  • ဒေသန္တရဆိုင်ရာ လိုအပ်ချက်တွေကို လျစ်လျူရှုနိုင်ခြင်း။ ။ အခြေအနေအရ ပေါ်ပေါက်လာတဲ့ လိုအပ်ချက်တွေအတွက် အရင်းအဖြစ်တွေ ဖန်တီးရာမှာ နှေးကွေးနိုင်တယ်။ ယူနစ်ထရီအစိုးရတွေဟာ နိုင်ငံခြားရေးကိစ္စတွေကို ပိုမိုအာရုံစိုက်လေ့ရှိပြီး ပြည်တွင်းလိုအပ်ချက်တွေကို နောက်တန်းပို့တတ်တယ်။
  • အာဏာအလွဲသုံးမှု အလားအလာရှိခြင်း။ ။ ယူနစ်ထရီနိုင်ငံတွေမှာ အာဏာရပ်အားလုံးမဟုတ်တောင် အများစုကို လူတဦးတည်း ဒါမှမဟုတ် ဥပဒေပြုအဖွဲ့ တရပ်တည်းကချုပ်ကိုင် န်ုင်တဲ့အတွက် အလွယ်တကူ အလွဲသုံးစားလုပ်နိုင်တဲ့ အထောက်အထားတွေ သမိုင်းမှာအများအပြားတွေ့ခဲ့ရတယ်။
    ဖက်ဒရယ် စနစ်အကြောင်း ဆက်ရေးပါအုံးမယ်။
    ကျော်ဇံသာ

Leave a comment