Unitary, federal, and confederate
တပြည်ထောင်စနစ်၊ ဖက်ဒရယ် နှင့် ကွန်ဖက်ဒရိတ်
(ကျော်ဇံသာ)
Unitary (တပြည်ထောင်စနစ်) – ဗဟိုအစိုးရပဲ ရှိတယ်၊ အာဏာအားလုံးကို ချုပ်ကိုင်ထားတယ်။ ဒေသန္တရ အစိုးရတွေ (ရှိသည့်တိုင်) ဗဟိုအစိုးရရဲ့ လက်အောက်ခံဖြစ်ပြီး ဗဟိုချမှတ်တဲ့ မူဝါဒတွေကို လိုက်နာ အကောင်အထည်ဖော်ရတယ်။ ဗဟိုအစိုးရက အာဏာလုပ်ပိုင်ခွင့်တွေ ချမှတ်ပေးတယ်။ ပြန်လည်ရုပ်သိမ်းနိုင်တယ်။ ဒေသလိုက်ကွဲလွဲမှု ရှိတာကို ထည့်သွင်းစဉ်းစားစရာမလိုဘူး။
Confedrate (ကွန်ဖက်ဒရိတ်) – unitary နဲ့လုံးဝ ဆန့်ကျင်ဖက်ပဲ၊ အာဏာဟာ အဖွဲ့ဝင်နိုင််ငံတွေ လက်ထဲမှာသာ လုံးဝတည်ရှိတယ်။ နိုင်ငံတွေအချင်းချင်း စုစည်းပြီး အကျိုးတူရည်မှန်းချက်တွေ အတွက် တည်ထောင်ထားတဲ့ သမ၈္ဂအဖွဲ့အစည်းတခု သာဖြစ်တယ်။ အဲဒီအဖွဲ့ဝင်နိုင်ငံတွေက အာဏာတချို့ဝေမျှပြီး ဗဟိုအစိုးရကိုပေးအပ်ထားတယ်၊ အချိန်မရွေး ပြန်လည်ရုပ်သိမ်းနိုင်တယ်။ အရေးကြီးတဲ့ မူဝါဒတွေ တညီတညွတ်တည်း ဖြစ်နိုင်ခြေနည်းတယ်။
Federal (ဖက်ဒရယ်) – အာဏာကို ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရတွေ ခွဲဝေယူကြတယ်။ ဗဟိုရော ဒေသန္တရအစိုးရတွေပါ လုပ်ပိုင်ခွင့်အာဏာတွေ ရှိနေတဲ့အတွက် တချို့ကိစ္စတွေမှာ ထပ်တူမကျဘူး။ ဒါပေမဲ့ ဘုံအကျိုးစီးပွါးနဲ့ ဒေသန္တရအစိုးရတွေရဲ့ အကျိုးစီးပွါးကို ညီညွတ်အောင်ဖန်တီးထားတဲ့ စနစ်ဖြစ်တယ်။
ကွန်ဖက်ဒရေးရှင်း (confederation)
ကွန်ဖက်ဒရေးရှင်းဆိုတာ လွတ်လပ်တဲ့ နိုင်ငံတွေက ဘုံအကျိုးစီးပွားတချို့အတွက် သူတို့နိုင်ငံရဲ့လွတ်လပ်စွာလုပ်ပိိုင်ခွင့် တစိတ်တပိုင်းကို သူများနဲ့စုပေါင်းညှိနှိုင်း လုပ်ဆောင်ဖို့ သဘောတူညီထားတဲ့ အဖွဲ့ဖြစ်တယ်။ ဒီလို ကိုယ့်လုပ်ကိုင်ခွင့်တချို့ကို ကန့်သတ်ပေးထားတာဟာ ကျန်အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးရမယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြုရုံသက်သက်မျှ လုပ်တာလဲ ဖြစ်နိုင်သလို အဖွဲ့ဝင်နိုင်ငံအများစုရဲ့ဆုံးဖြတ်ချက်ကို မဖြစ်မနေ လိုက်နာရမယ်ဆိုတဲ့ တာဝန်ကြောင့်လဲ ဖြစ်နိုင်တယ်။
ကွန်ဖက်ဒရေးရှင်းတွေမှာ များသောအားဖြင့် ထိရောက်တဲ့ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (executive authority) ဆိုတာမရှိဘူး။ သိသာမြင်သာတဲ့ ဗဟိုအစိုးရ (central government) လဲမရှိတတ်ဘူး။ အဖွဲ့ဝင်နိုင်ငံတွေမှာ ကိုယ်ပိုင်စစ်တပ်ဖွဲ့နဲ့ သူတို့ဒေသကို ကိုယ်စားးပြုမယ့် သီးခြားသံတမန်တွေ ရှိကြတယ်။
ကွန်ဖက်ဒရေးရှင်းအဖွဲ့ဝင်တွေဟာ ခွဲထွက်ပိုင်ခွင့်ကို အသိအမှတ်ပြုထားကြတဲ့ တန်းတူရည်တူ နိုင်ငံတွေဖြစ်ကြတယ်။
ဖက်ဒရေးရှင်း (federation) ဆိုတာကတော့ နိုင်ငံတစုက သူတိုရဲ့မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ (သို့တည်းမဟုတ်) စုပေါင်းလုပ်ဆောင်ချက်တွေကို ကြီးကြပ်ဖို့ ဗဟိုအုပ်ချုပ်ရေး ယန္တရားတရပ် ကိုဖွဲ့စည်းထားတာဖြစ်တယ်။ များသောအားဖြင့် ဒေသကိုအခြေခံပြီး ဖွဲ့စည်းကြတယ်။
တချို့ဖက်ဒရေးရှင်းတွေကို အခြေခံအားဖြင့် နိုင်ငံရေး စီးပွားရေး အခြေခံနဲ့ ဖွဲ့စည်းကြသလို တချို့ဖက်ဒရေးရှင်းတွေမှာ စစ်ရေးမျှော်မှန်းချက်တွေက အခရာကျတယ်။
သမိုင်းကိုပြန်ကြည့်ရင် ကွန်ဖက်ဒရေးရှင်းတွေဟာ အမျိုးသားနိုင်ငံ (national state) ပေါ်ထွန်းရေးအတွက် ရှေ့ပြေးအဆင့်တွေဖြစ်ခဲ့တာ တွေ့ရတယ်။ ဥပမာ ခေတ်သစ် ဆွစ်ဇာလန်ဖက်ဒရယ်နိုင်ငံ မဖြစ်လာခင် Swiss cantons လို့ခေါ်တဲ့ ဆွစ်ဒေသတွေကို စုစည်းထားတဲ့ ကွန်ဖက်ဒရေးရှင်း (Confederation of the swiss cantons) ဆိုတာ ရှိခဲ့တယ်။ လက်ရှိ ဂျာမနီဖက်ဒရယ် ဖွဲ့စည်းထားတာကို ကြည့်မယ်ဆိုရင်လဲ ၁၉ ရာစု ဂျာမန်ကွန်ဖက်ဒရေးရှင်း ( the Detuch Bund) ကတဆင့် ပြောင်းလဲလာတာကို တွေ့ရမှာဖြစ်တယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံဟာလဲ ပထမဖွဲ့စည်းပုံ (၁၇၈၁-၈၉) ဖြစ်တဲ့ ကွန်ဖက်ဒရေးရှင်း ဖွဲ့စည်းပုံ (the Articles of Confederation) ကို ဆက်ခံထားတာ ဖြစ်တယ်။
တချို့နေရာတွေမှာကျတော့ အင်ပါယာ (empire) ခေါ် လက်နက်နိုင်ငံကြီးတွေ ရဲ့ ဗဟိုချုပ်ကိုင်မှု ပြိုကွဲသွားတဲ့အခါ သူတို့ရဲ့လက်အာက်ခံဟောင်းတွေက ဆန္ဒတူရာစုပေါင်းပြီး ကွန်ဖက်ဒရေးရှင်းတွေ ဖွဲ့စည်းခဲ့ကြတယ်။ နမူနာအနေနဲ့ ဗြိတိသျှဓနသဟာယ (the British Commonwealth of Nations) (1931-49) နဲ့ ပြင်သစ်အုပ်စု (French Community) တို့ကိုပြောနိုင်တယ်။ French Community ဆိုတာ အာဖရိကတိုက်က ပြင်သစ်ကိုလိုနီဟောင်းတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၁၉၅၈ မှာ French Union (ပြင်သစ်ပြည်ထောင်စု) လို့ပြောင်းလဲဖွဲ့စည်းခဲ့တယ်။
အမေရိကန် ပထမ ဖွဲ့စည်းပုံ ဟာ ဖက်ဒရယ်မဟုတ်ဘူး၊ ကွန်ဖက်ဒရိတ်ဖြစ်တယ်။ ဘာကြောင့် ဖက်ဒရယ်ဗဟိုအစိုးရဆိုတာ မထားရှိပဲ ကွန်ဖက်ဒရိတ်အဖြစ် လျော့ရဲရဲ ပေါင်းစည်းခဲ့ကြသလဲ ဆိုတာနဲ့ပတ်သက်ပြီး…”ကိုလိုနီလက်အောက်ခံဘဝတုံးက ဗြိတိသျှဗဟိုအစိုးရ စစ်တပ်တွေရဲ့ ချုပ်ချယ်မှုတွေကို ခါးသီးခဲ့ကြတဲ့အတွက် ဖြစ်တယ်” လို့ Encyclopedia Britannica မှာရေးထားတာ တွေ့ရတယ်။
ကွန်ဖက်ဒရေးရှင်းရဲ့ အားသာချက် အားနည်းချက် ကိုမရေးခင် ပိုရှင်းအောင်ပြောရမယ်ဆိုရင် ကွန်ဖက်ဒရေးရှင်းကို အများအားဖြင့် နိုင်ငံရေးအဖွဲ့အစည်းများရဲ့သမဂ္ဂ (union of political organizations) လို့ခေါ်ကြတယ်။ ကွန်ဖက်ဒရိတ်အစိုးရဆိုတာ နိိုင်ငံတခုချင်းစီတို့က စုပေါင်းဖွဲ့စည်းထားတဲ့ အစိုးရဖြစ်တယ်။ မဟာမိတ်အဖွဲ့တခုလိုလဲ သတ်မှတ်ကြတယ်။ ထူးခြားအရေးကြီးးတဲ့ ကိစ္စရပ်တွေအတွက် အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ကြတယ်။
ကွန်ဖက်ဒရိတ်အစိုးရရဲ့သဘောဟာ ဗဟိုချဉ်း (centripetal) သဘောဖြစ်ပြီး ဗဟိုကိုတွန်းကန်တဲ့ သဘောမဟုတ်ဘူး။ အစိတ်အပိုင်းတခုချင်းတွေက အဖွဲ့ချုပ် (league) အဖြစ် စုပေါင်းထားကြတာဖြစ်တယ်။ ကွန်ဖက်ဒရိတ်အစိုးရရဲ့ အထူးခြားဆုံး အချက်က ဗဟိုရဲ့အာဏာဟာ ပေါင်းစည်းပါဝင်ကြတဲ့ နိုင်ငံတွေဆီက ဆင်းသက်တာဖြစ်တယ်ဆိုတဲ့ အချက်ပဲ။
ကွန်ဖက်ဒရိတ်ဟာ နိုင်ငံတခုရဲ့အသွင်ဆောင်ဖို့အတွက် ဘုံဖွဲ့စည်းပုံ တရပ် ဒါမှမဟုတ် စာချုပ်တရပ်ရပ် ထားရှိနိုင်ပေမဲ့ ဗဟိုအစိုးရသည် အာဏာကို အဲဒီ ဖွဲ့စည်းပုံ စာချုပ်က အပ်နှင်းထားတာမဟုတ်ဘူး။ ဖွဲ့စည်းပုံဥပဒေသည် ဗဟိုအစိုးရရဲ့ အာဏာအရင်းအမြစ် (source of power for the central government) မဟုတ်ဘူး။ ဖွဲ့စည်းပုံအရ အုပ်ချုပ်တဲ့အစိုးရ (constitutional government) တွေမှာတော့ အစိုးရတွေရဲ့အာဏာဟာ ဖွဲ့စည်းပုံကိုအခြေခံတယ်။ ကွန်ဖက်ဒရိတ်အစိုးရတရပ်အနေနဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ဆုံးဖြတ်မယ်ဆိုရင် သူရဲ့ ကွန်ဖက်ဒရိတ်အဖွဲ့ဝင်တွေအားလုံးဆီက ဦးစွာ သဘောထားတောင်းခံရတယ်။
ကွန်ဖက်ဒရိတ်အစိုးရရဲ့ အားသာချက်များ
ကွန်ဖက်ဒရိတ်တွေဟာ နိုင်ငံတခုချင်းစီ ဒါမှမဟုတ် ဒေသန္တရနယ်မြေတခုချင်းစီ ပေါင်းစည်းပါဝင်နေကြတာဖြစ်ပြီး ဒီလိုပါဝင်နေတဲ့ အစိတ်အပိုင်းတွေဟာ ပြည်ထောင်စု (union) ထက်ပို အားကောင်းတယ်။ သူတို့ဟာ အတူယှဉ်တွဲနေထိုင်ကြတယ်၊ ဒါပေမဲ့ သီးခြားသရုပ်ကို ထိန်းထားတယ်။ နယ်မြေဒေသတခုစီကို တန်းတူရည်တူသတ်မှတ်တယ်၊ ဗဟိုအာဏာပိုင်စိုးမှုအတွက် အားလုံးမှာ ပြောဆိုပိိုင်ခွင့်ရှိတယ်။
ဗဟိုချုပ်ကိုင်မှုနည်းပါးခြင်း (decentralization of power)
ကွန်ဖက်ဒရိတ်တခုမှာ အဖွဲ့ဝင်နိုင်ငံတွေကသာ အဆုံးအဖြစ်ပေးနိုင်သူတွေ ဖြစ်တဲ့အတွက် တပြည်ထောင်အစိုးရ (unitry government) တွေနဲ့ လုံးဝခြားနားတယ်။ ဥပဒေပြုရေး နဲ့ အုပ်ချုပ်ရေးအာဏာရပ်တွေကို ဒေသန္တရ အစိုးရတွေ ခွဲယူတယ်။ ဒီလိုနည်းနဲ့ ဗဟိုအာဏာကြီးထွားလာမယ့်အရေးကို ဒေသန္တက ထိန်းထားတဲ့အတွက် ပြည်ထောင်စုတရပ်လုံးကိုချုပ်ကိုင်ကြီးစိုးမှု ဒါမှမဟုတ် နိုင်လိုမင်းထက်ပြုမှု အလားအလာ လျော့နည်းစေတယ်။
ဒီမိုကရေစီသမ္မတနိုင်ငံတွေဟာ အဓိကအားဖြင့် အချုပ်အခြာ အာဏာပိုင်စိုးမှုက ထင်ရှားတယ်။ ကွန်ဖက်ဒရိတ်ကျတော့ နိုင်ငံသားတွေကို အာရုံစိုက်ပြီး သူတို့ရဲ့လိုအပ်ချက်ကို ဦးတည်တယ်။ ဒါကြောင့် “ နိုင်ငံတခုရဲ့ အထွတ်အထိပ်ဟာ နိုင်ငံသားတွေဖြစ်တယ်” ဆိုတဲ့ သဘောတရားဟာ ဖက်ဒရိတ်အစိုးရစနစ်မှာ ပိုလက်တွေ့ကျတယ်။
ပူးးပေါင်းဆောင်ရွက်မှု (co-operation)
စုပေါင်းပါဝင်တဲ့ နိုင်ငံတိုင်း အချုပ်အခြာအာဏာပိုင်ဖြစ်တဲ့အတွက် အားလုံးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆုံးဖြတ်ချက်ချရတာ လွယ်ကူတယ်။ အာဏာစီးဆင်းမှုဟာ ဘေးဝန်းကျင်ကနေ ဗဟိုကို စီးဆင်းတာဖြစ်တဲ့အတွက် အားလုံးရဲ့ပူးပေါင်းပါဝင်မှုသဘောကို တွေ့ရတယ်။ အနည်းဆုံးကတော့ အားလုံးနဲ့ဆိုင်တဲ့ အကြောင်းကိစ္စတွေမှာ ဒီသဘောပေါ်လွင်တယ်။
ကွန်ဖက်ဒရိတ်အစိုးရရဲ့ အားနည်းချက်များ
ဗဟိုဟာ ဒေသန္တရရဲ့ အာဏာလက်ဝေခံဖြစ်တဲ့အတွက် အားနည်းတယ်။ အဖွဲ့ဝင်နိုင်ငံတွေမှာ တွေမှာ ဥပဒေပြုအာဏာအများစုရှိနေတဲ့အတွက် ဗဟိုမှာ ဥပဒေပြုခွင့် နဲ့ ဥပဒေကို လက်တွေ့ဖော်နိုင်စွမ်း နည်းပါးတယ်။ အလားတူစွာပဲ အမျိုးသားရေးအကျိုးစီးပွါးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာစာချုပ်စာတမ်း၊ စစ်တပ်ထားရှိခွင့် စတာတွေကိုလဲ ဗဟိုကအဆောင်ရွက်နိူုင်ဘူး။
ဘဏ္ဍာရေး အခွင့်အာဏာများ
အခွန်ကောက်ခံခွင့်မရှိတဲ့ အချက်ဟာ ကွန်ဖက်ဒရိတ်အစိုးရတရပ်ရဲ့ အဓိကအားနည်းချက်တရပ် ဖြစ်တယ်။ ငွေကြေးစနစ်၊ ဘတ်ဂျတ် နဲ့ ကွန်ဖက်ဒရိတ်ရဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေဟာ တပုံစံတည်းမဟုတ်တော့ဘူး။
အဖွဲ့ဝင်နိုင်ငံအားလုံး တန်းတူသီးခြားနိုင်ငံတွေ ဖြစ်နေတဲ့အတွက် အင်အားပြိုင်ဆိုင်မှုဖြစ်ဖို့ တွန်းပေးနေတယ်။ ခွဲထွက်လိုတဲ့သဘောထား အလွယ်တကူ ပေါ်ပေါက်လာနိုင်တဲ့အတွက် ကွန်ဖက်ဒရိတ်အတွင်း ပဋိပက္ခဖြစ်နိုင်ခြေရှိတယ်။ ဗဟိုနဲ့ အဖွဲ့ဝင်နို်င်ငံတွေ အကြားမှာဖြစ်စေ အဖွဲ့ဝင်နိုင်ငံ အချင်းချင်းဖြစ်စေ ဆက်ဆံရေးမပြေလည်တဲ့အတွက် ကွန်ဖက်ဒရေဒရှင်းပြိုကွဲနိုင်ခြေ ရှိတတ်တယ်။
တချို့ကလဲ အခုလိုနှိုင်းယှဉ်ကြတယ်။
အားသာချက်များ
- ဒေသတွင်းဖြစ်ထွန်းနေတဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ လိုအပ်ချက်တွေကို သက်ဆိုင်ရာနိုင်ငံတွေက လွတ်လပ်စွာ လိုက်ပါလုပ်ဆောင်နိုင်တယ်၊ ဆိုလိုတာက ကိုယ့်ဒေသ နဲ့သာတိုက်ရိုက်ပတ်သက်နေတဲ့ ပြဿနာဖြစ်ပေမဲ့ ဗဟိုကသဘောမတူလို့ ဗဟိုနဲ့ညှိနေရလို့ လိုအပ်ချက်နဲ့အညီ မဆောင်ရွက်နိုင်တာ နှောင့်နှေးကြံ့ကြာနေတာတွေ မရှိနိုင်ဘူး။ ဒါကြောင့် နိုင်ငံရေးပဋိပက္ခ နည်းတယ်။
- အဖွဲ့ဝင်နိုင်ငံတွေအကြား ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှု ဖြစ်ထွန်းနိုင်တယ်။
- ဒေသခံပြည်သူလူထုရဲ့ အကျိုးကို တိုက်ရိုက်ဆောင်ရွက်ပေးနိုင်တယ်။
ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ဖြစ်နေတဲ့အတွက် ဗဟိုရဲ့သြဇာကြီးစိုးလွှမ်းမိုးမှု မရှိဘူး။ - ဒေသအလိုက်ရှိနေတဲ့ မတူကွဲပြားမှုကတဆင့် တခါတရံညီညွတ်မှုကိုဖြစ်စေတာလဲရှိတယ်။
- မတူကွဲပြားတဲ့သူတွေ စုပေါင်းနေထိုင်ကြရာကတဆင့် တူညီတဲ့ အကျိုးစီးပွါးတွေအပေါ်မှာ ပိုမိုကောင်းမွန်တဲ့ သဘောတူညီမှုဖြစ်ထွန်းနိုင်တယ်။
အားနည်းးချက်များ - ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ရှိတဲ့အတွက် အလွယ်တကူ ပြိုကွဲနိုင်တယ်။
- အဖွဲ့ဝင်နိုင်ငံတွေ လကါထဲ အာဏာအများအပြားရှိနေပြီး နိုင်ငံခြားရေးဝါဒကိုလဲ သီးခြားကျင့်သုံးနိုင်တဲ့အတွက် စည်းလုံးမှုပျက်ယွင်းရေးကို အားပေးသလိုဖြစ်နေတယ်။
- ဗဟိုအစိုးရ သိပ်အားနည်းတယ်။
- နိုင်ငံသားတွေဟာ ကိုယ်ဒေသအစိုးရကိုသာသစ္စာခံပြီး ဗဟိုကိုသစ္စာမခံကြဘူး။
- ဖက်ဒရယ်နိုင်ငံတွေမှာလို ကွန်ဖက်ဒရိတ်တခုလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံတော်အောင်လံတို့ အမျိုးသားသီချင်းတို့လဲမရှိဘူး။
- အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သယံဇာတပိုင်ဆိုင်မှု ပမာဏ အကွာအဟကိုအကြောင်းပြုပြီး အချင်းချင်းမလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ ရှိလာနိုင်တယ်။
ကွန်ဖက်ဒရိတ်တွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ အစိုးရပုံစံမဟုတ်ဘူး။ တခုသောအကြောင်းရင်းကတော့ တာရှည်တည်တံ့ခိုင်မြဲတဲ့ စနစ်မဟုတ်လို့ပဲ။ ဗဟိုချုပ်ကိုင်မှုအနည်းဆုံးစနစ် ဖြစ်နေတာ နှစ်သက်ဖွယ်ကောင်းတယ်ဆိုပေမဲ့ ဒီစနစ်ကို အားဖြည့်ပေးအချက် ရှားတယ်။ ဒါကြောင့်လဲ ကွန်ဖက်ဒရေးရှင်းတွေကို ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အသွင်ကူးပြောင်းရေး ကာလတရပ်အဖြစ်သာ တွေ့ရတာများတယ်။
ကွန်ဖက်ဒရေးရှင်း အနေနဲ့ ရှိခဲ့ဘူးတဲ့ နိုင်ငံတချို့
အမေရိကန် ကွန်ဖက်ဒရေစီ (the states of the American Confederacy) (1861-1865)
ဆားဘီးယား-မွန်တီနီးဂရိုး (State Union of Serbia and Montenegro) (2003-2006)
အီရတ်-ေ၈ျာ်ဒန် (ဟာ့ရှ်မိုက် အာရပ်ပြည်ထောင်စု)(Hashmite Arab Union)(1958)
အခုအခါမှာတော့ ဘယ်လ်ဂျီယံ နိုင်ငံရဲ့ ရှုပ်ထွေးတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံမှာ ကွန်ဖက်ဒရေဒရှင်းရဲ့အသွင်လက္ခဏာတချို့ပါနေတယ်လို့ ပညာရှင်တချို့က သတ်မှတ်ကြတယ်။ ဒတ်(ချ်)စကားပြော Flanders နယ်က ခွဲထွက်ရေးသမားတချို့ရဲ့ ဖိအားကြောင့် ဖွဲ့စည်းပုံဥပဒေကို ၁၉ ၇၀ ကစပြီး ၂၀၁၁ အထိ ၆ ကြိမ်ပြန်ပြင်ခဲ့ရပြီး ဒေသန္တရအစိုးရတွေကို အာဏာတွေတိုးတိုးပေးလာ တာတွေ့ရတယ်။ ဒါပေမဲ့ ခွဲထွက်ပိုင်ခွင့်မရှိဘူး၊ သီးခြားငွေကြေးစနစ်လဲမရှိဘူး။
ကနေဒါနိုင်ငံရဲ့ တရားဝင်နာမည်က Dominion of Canada ဖြစ်ပြီး ၁၈၆၇ ဖွဲ့စည်းပုံဥပဒေမှာ confederation လို့ခေါ်ထားတယ်။ ထိုစဉ်က ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင်တချို့ရဲ့ အစဉ်အလာဖြစ်တယ်။ အခုအခါ ကနေဒါဟာ ဖယ်ဒရယ်နိုင်ငံတခုဖြစ်ပြီး အခြားသောဖယ်ဒရယ်နိုင်ငံတွေမှာထက် ကနေဒါကပြည်နယ်တွေက ပိုလွတ်လပ်ပြီး အခွင့်အရေးပိုများတယ်။ ကွန်ဖက်ဒရိတ်တော့မဟုတ်ဘူး။
ဖက်ဒရေးရှင်း (federation) နဲ့ တပြည်ထောင်စနစ် (unitry) အကြောင်းဆက်ရေးပါအုံးမယ်။
ကျော်ဇံသာ