RCSS/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့

#eaos_mms75

27/4/2021

RCSS/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့

မိုးဟိန်း ခေါ် စဝ်ကွမ်ဇိဏ်းသည် မူလက ဗမာပြည်ကွန်မြူနစ်ပါတီ ရှမ်းပြည်နယ်မှဖြစ်သည်။နောင်တွင် ရှမ်းပြည်ကွန်မြူနစ်ပါတီဟုခွဲထွက်သည်။ ၁၉၅၈ တွင် ဖဆပလ အစိုးရအောက်တွင်လက်နက်နှင့်ငြိမ်းချမ်းရေးလဲသည်ဟူ၍ အလင်းဝင်ခဲ့ပြီး သီပေါအနီးအခြေပြု၍နေခဲ့သည်။။ သို့သော် ၁၉၅၈ ထဲတွင်ပင်မိုင်းတုံဒေသ၌ နွမ်စစ်ဟန် ပုန်ကန်မှုစသောအခါ နွမ်စစ်ဟန်နှင့် ပူးပေါင်းခဲ့သည်။ ၁၉၆၀ ခန့်တွင် မိုးဟိန်းသည် SNUF- Shan National United Front ဟု သီးခြားဖွဲ့စည်းခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် မဟာဒေဝီ ဦးဆောင်ဖွဲ့စည်းသည့် SSA တွင် ပြန်လည်ပူးပေါင်းပါဝင်ခဲ့သည်။၁၉၆၉ ခုနှစ် ဇန္နဝါရိလတွင် မိုးဟိန်းသည် SURA- Shan United Revolutionary Army ဟူ၍ ပြန်လည်ခွဲထွက်ခဲ့သည်။ SURA သည် လွိုင်လင်၊ မိုင်းကိုင်ဒေသ၊ လင်းခေး၊ မိုးနဲ၊ မောက်မယ်ဒေသတို့တွင် တပ်ဖြန့်လှုပ်ရှားပြီး ဌာနချုပ်ကို ထိုင်းနယ်စပ် ပိန်းလုံအနီး အခြေပြုခဲ့သည်။ ခွန်ဆာသည် မူလက အစိုးရလက်အောက်ခံ တန့်ယန်းမြို့နယ် လွယ်မော်ကာကွယ်ရေးခေါင်းဆောင်တဦးဖြစ်သည်။ ၁၉၆၉ ခုနှစ် အစိုးရကို ပုန်ကန်သည်မှစ၍ အင်အားထောင်ချီတိုးပွါးလာသည်။ တပ်ဖွဲ့အမည်အားလည်း SUA- Shan United Army ဟူ၍ဖွဲ့စည်းခဲ့သည်။ခွန်ဆာ၏ SUA သည် ၁၉၇၀ ခုနှစ်နောက်ပိုင်းမှစ၍ ထိုင်းနယ်စပ်တွင်အခြေပြုပြီး ဘိန်းလုပ်ငန်းဖြင့် အင်အားကောင်းလာပြီး အမည်ကျော်လာခဲ့သည်။ ထိုင်းနယ်စပ်ရှိ အင်အား ၃၀၀၀ ခန့်ရှိ မိုးဟိန်း၏ SURA နှင့် SSPP/SSA( တောင်ပိုင်း)မှ ဗိုလ်မှူးကြီးစမ်းမိုင် ဦးစီး အင်အား ၅၀၀ ခန့်သည် ၁၉၈၄ ခုနှစ်တွင် ပူးပေါင်း၍ TRC/TRA- Tai RevolutionaryCouncil/ Tai Revolutionary Army ကို ဖွဲ့စည်းခဲ့ကြသည်။ တဖန် ထို TRC/TRA သည်၁၉၈၅ ခုနှစ်တွင် အင်အား ၅၀၀၀ ခန့်ရှိ ခွန်ဆာ၏ SUA နှင့် ပူးပေါင်း ၍ MTA – Mong Tai Army ကို ဖွဲ့စည်းခဲ့သည်။ MTA သည် ရှမ်းအရှေ့တွင် အင်အား တသောင်းကျော်ထိကြီးထွားလာခဲ့သည်။၁၉၉၅ ခုနှစ် ဇွန်လ ၆ ရက်တွင် မူလ SURA မှ စဝ်ကမ်းရွဲသည် MTA မှခွဲထွက်၍ SSNA-Shan State National Army ကို ထူထောင်သည်။ စဝ်ကမ်းရွဲနှင့်အတူ တပ်ရင်း ၃ ရင်းစီပါဝင်သည့် တပ်မဟာ ၄ ခု စုစုပေါင်း အင်အား ၃၀၀၀ ခန့်ပါဝင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း၌ အခြေပြုသည်။ စဝ်ကမ်းရွဲ ခွဲထွက်ပြီးနောက် MTA မှအင်အားအချို့ ထပ်မံပူးပေါင်းသဖြင့်SSNA သည် အင်အား ၄၅၀၀ ထိတိုးပွါးလာခဲ့သည်။၁၉၉၆ ခုနှစ် ဇန္နဝါရီ ၇ ရက်နေ့တွင် ခွန်ဆာခေါင်းဆောင်သည့် MTA အင်အား တသောင်းကျော် လက်နက်ခဲယမ်းများနှင့်အတူ အစိုးရထံ လက်နက်ချသည်။ ခွန်ဆာလက်နက်ချသည်ကို လက်မခံသည့် စဝ်ရွက်ဆစ်ဦးစီး အင်အား ၃၀၀ ခန့်သည် သံလွင်အနောက်ခြမ်းသို့ကူး၍ အစိုးရအား ဆက်လက်ပုန်ကန်သည်။ မူလ SURA အဖြစ် ပြန်လည်ခံယူပြီး SSA-S ရှမ်းပြည်တပ်မတော်တောင်ပိုင်းကို ပြန်လည်ဖွဲ့စည်းသည်။ လက်နက်ချပွဲတွင်ပါဝင်သူအချို့လည်း စဝ်ရွက်ဆစ်ထံ ပြန်လည်ပူးပေါင်းသဖြင့် အချိန်တိုအတွင်း ပြန်လည်အားကောင်းလာခဲ့သည်။ရှမ်းပြည်တောင်ပိုင်းတွင်ပြန်လည်လှုပ်ရှားသည့် စဝ်ရွက်ဆစ်၏ တပ်များအား ၁၉၉၆/၉၇/၉၈နှစ်များအတွင်း အစိုးရတပ်များက ဖြတ်လေးဖြတ်ပြုလုပ်၍ ပြင်းထန်သောထိုးစစ်ဆင်ခဲ့သည်။အဆိုပါထိုးစစ်ကြောင့် စစ်ဘေးဒုက္ခသည် အများအပြား ထိုင်းသို့ထွက်ပြေးခဲ့ရသည်။သို့သော် ရှမ်းလူထုကြား အမျိုးသားစိတ်မြင့်မားလာပြီး စဝ်ရွက်ဆစ်တို့၏ SSA-S အား လူထုထောက်ခံမှုမြင့်မားခဲ့သည်။၁၉၉၈ နှစ်ကုန်ပိုင်းတွင် စဝ်ရွက်ဆစ်၏ SSA-S တပ်များသည် သံလွင်အရှေ့ခြမ်းသို့ပြန်ကူးလာပြိး ထိုင်းနယ်စပ် လွယ်တိုင်းလျံတွင် အခြေပြုသည်။ ခွန်ဆာ လက်နက်ချပြီး ထိုင်းနယ်စပ်တွင် အင်အားကောင်းလာသော UWSA တို့အား တန်ပြန်လိုသည့် ထိုင်းတို့၏ ထောက်ခံအားပေးမှု ရရှိပုံရသည်။ ထို့ပြင် ခွန်ဆာလက်နက်ချစဉ်က မပါဝင်ဘဲ ထိုင်းနယ်စပ်တွင် ကျန်ခဲ့သူများကလည်း စဝ်ရွက်ဆစ်တို့အား ပြန်လည်ပူးပေါင်းခဲ့သည်။ ၂၀၀၂ ခုနှစ်မှစ၍ SSA-S တပ်များနှင့် UWSA တပ်များ ရှမ်းအရှေ့ ထိုင်းနယ်စပ်တလျောက် တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး ၂၀၀၅ ခုနှစ်မှ တိုက်ပွဲများရပ်ဆိုင်းခဲ့သည်။ ၁၉၉၅ ခုနှစ်က MTA မှခွဲထွက်လာသည့် SSNA ခေါင်းဆောင် စဝ်ကမ်းရွဲသည် ၂၀၀၄ ခုနှစ်တွင် ကွယ်လွန်ပြီး စိုင်းယီဆက်လက်ခေါင်းဆောင်သည်။ ၂၀၀၅ ခုနှစ်တွင် ရှမ်းမြောက်တွင်အခြေပြုနေသည့် စိုင်းယီခေါင်းဆောင်သော SSNA တပ်ဖွဲ့များအား နအဖ အစိုးရက လက်နက်စွန့်ခိုင်းရာ စိုင်းယီတို့မှ လက်မခံဘဲ ထိုင်းနယ်စပ်ရှိ စဝ်ရွက်ဆစ်ထံ သွားရောက်ပူးပေါင်းသည်။စဝ်ရွက်ဆစ်ဦးစီးသည့် SSA-S နှင့် စိုင်းယီခေါင်းဆောင်သည့် SSNA တို့ပူးပေါင်းပြီး RCSS/SSA ( Restoration Council of Shan State/ Shan State Army ) ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် ကိုဖွဲ့စည်းခဲ့သည်။ RCSS/SSA ခေါင်းဆောင်မှုလက်ရှိ RCSS/SSA ၏ခေါင်းဆောင်မှုမှာ အောက်ပါအတိုင်းဖြစ်သည်။ဥက္ကဌ စဝ်ရွက်ဆစ်ဒုဥက္ကဌ ၁ စိုင်းယီဒုဥက္ကဌ ၂ နှင့်စစ်ဦးစီးချုပ် စဝ်ခေးငင်းဒုစစ်ဦးစီးချုပ် စဝ်ဘောင်ခေးအထွေထွေအတွင်းရေးမှူး ၁ စဝ်စီရိအတွင်းရေးမှူး စဝ်စိုင်းငင်း နှင့် ဗဟိုကော်မတီဝင် ၉ ဦးမှ ဦးစီးသည်။RCSS/SSA ထိမ်းချုပ်လှုပ်ရှားနယ်မြေRCSS/SSA ၏ဌာနချုပ်မျာ ထိုင်းနယ်စပ် လွယ်တိုင်းလျံတွင်အခြေပြုသည်။ ထိုင်းနယ်စပ်ရှိRCSS စခန်းများသည် မိုင်းဆတ်ခရိုင်၏ အရှေ့နင့်တောင်ဖက်ရှိ ထိုင်းနယ်စပ်တလျောက်တွင် အခြေပြုသော်လည်း ရှမ်းအရှေ့ မိုင်းယောင်း၊ မိုင်းပျဉ်း၊ မိုင်းယန်းတို့တွင်လည်း လှုပ်ရှား မှုရှိသည်။ တပ်လှုပ်ရှားမှုမပါသော်လည်း တပ်ဖျောက်လှုပ်ရှားစည်းရုံးသည်ဖြစ်ရာအထူးသဖြင့် ရှမ်းအရှေ့ရှိမြို့ရွာအားလုံးလိုလိုရှိ ရှမ်းလူထုကြားတွင် RCSS ဩဇာသက်ရောက်မှုနှင့် အခွန်ကောက်ခံမှုရှိသည်။၂၀၁၂ တွင် အစိုးရနှင့် အပစ်ရပ် biletral ရေးထိုးထားပြီး နောက်ပိုင်း RCSS တပ်များ တည်ရှိခွင့်နှင့်ပတ်သက်ပြီး အစိုးရက လွယ်တိုင်းလျံနှင့် မုန်းထ ဧရိယာတွင် သတ်မှတ်ပေးခဲ့သော် လည်း တပ်‌ေနရာ ချထားမှုနှင့်ပတ်သက်၍ အငြင်းပွါးနေဆဲဖြစ်သည်။ ရှမ်းအရှေ့ရှိ RCSS ထိမ်းချုပ်စခန်းချရာနေရာများမှာ လွယ်တိုင်းလျံ၊ လွယ်ကောင်-မုန်းမိန်း( ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့်မျက်နှာချင်းဆိုင်)၊ လွယ်လမ်၊ လွယ်ဆမ်စစ်( ဘီပီ ၂ အနီး)၊မတ်ကော်ဝမ်း ခေါ် လွယ်ကော်ဝမ်း၊ မိုင်းပုအွန်နှင့် မိုင်းပျဉ်းတို့ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှစ၍ရှမ်းတောင် မိုင်းပန် နယ်မှ မိုင်းကိုင်၊ တုန်လော၊ ပုန်ဝိုး၊ ကျောက်ဂူ၊ ကျောက်မဲ၊နောင်ချို ၊ နမ္မတူ စသည့်လမ်းကြောင်းအတိုင်း ရှမ်းမြောက်သို့ ပြန်လည်ထိုးဖေါက်ထိမ်းချုပ်နိုင်ရန် ကြိုးစားနေသည်ကို တွေ့ရသည်။ တပ်ဖြန့်ခွဲလှုပ်ရှားမှုလွယ်တိုင်လျံတွင် ဌာနချုပ်ထားရှိပြီး အနည်းဆုံး တပ်မဟာ ၁ခု တပ်စွဲထားသည်။ လွယ်တိုင်းလျံတွင် လေ့ကျင့်ရေးကျောင်း၊ မူယစ်‌ေဆးဝါးဖြတ်သည့်စခန်းများရှိသည်ဟုသိရသည်။RCSS/SSA လက်အောက်တွင် စစ်ဒေသ/တပ်မဟာ အနည်းဆုံး ၁၀ ခု ဖွဲ့စည်းထားရှိသည်ဟု မြေပြင်သတင်းများအရသိရသည်။ အကြမ်းပြင်းအားဖြင့် အောက်ပါအတိုင်း ဖြန့်ခွဲ အခြေပြုလှုပ်ရှားနေသည်ဟုသိရှိရသည်။ ၁။ လွယ်တိုင်းလျံ — တပ်ဟာ ၁ ခု၂။ လွယ်ကောင်-မုန်းမိန်း( ထိုင်း- မယ်ဟောင်တောင် မျက်နှာချင်းဆိုင်)— စဝ်အောင်မြတ်ဦးစီးတပ်မဟာ ၁ ခု။၃။ လွယ်တိုင်းလျံနှင့်ဟိုမိန်းကြား—တပ်မဟာ ၁ ခု၄။ သက်ကယ်(ငယ်) စခန်း( မုံးထနှင့်မိုင်းပန်ကြား)— တပ်မဟာ ၁ခု။၅။ လွယ်ဆမ်စစ်( ထိုင်းနယ်စပ် ဘီပီ ၂ အနီး)—- ဗိုလ်မှူးကြီးတိန်းခေးဦးစီး တပ်မဟာ ၁ ခု။၆။ လွယ်ကော်ဝမ်း—-စဝ်ကွမ်းကျင်း ဦးစီး ကျိုင်းတုံစစ်ဒေသ။၇။ မိုင်းပျဉ်းနှင့် မိုင်းပုအွန် ဒေသအတွင်း—- ဗိုလ်မှူးကြီး ဆောင်းဟန်ဦးစီးတပ်မဟာ ၁ ခု။၈။ မိုင်းကိုင်ဒေသ —– တပ်မဟာ ၁၉၈ ။၉။ ကျောက်မဲဒေသ —– ဗိုလ်မှူးကြီးစဝ်စံခေးဦးစီး တပ်မဟာ ၆၀၆ ။၁၀။ နမ့်ခမ်း၊ မူစယ်၊ ကြူကုတ်ဒေသ—- ယခင် ၇၀၁ ( ယခု စီစစ်ဆဲ) နောက်တန်း အုပ်ချုပ်ရေးနှင့် အခြားအထွေထွေအင်အားများပါ ပါဝင်ပါက RCSS/SSA အင်အားသည် ၁၂၀၀၀ မှ ၁၅၀၀၀ ခန့်ထိရှိနိုင်ပါသည်။ SSPP ထက်ထူးခြားသည်မှာ RCSSတွင် ရှမ်းပညာတတ်ပါဝင်မှု ပိုများသည်အချက်ဟု ဆိုရပါမည်။ RCSS/SSA သည် ရှမ်းအရှေ့တွင် ဩဇာပိုမိုကြီးမားပြီး တပ်အများစုမှာ ရှမ်းအရှေ့တွင်ရှိသည်ဟု သုံးသပ်ရသည်။ ၂၀၁၅ နောက်ပိုင်းမှစ၍ ရှမ်းမြောက်သို့ သိသိသာသာပြန်လည်ထိုးဖေါက်ခဲ့ပြီး ရှမ်းမြောက်တွင် RCSS/SSA အင်အား ၄၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ RCSS အနေနှင့်သူ၏တပ်ဖွဲ့ဝင်များအား လက်နက်အပြည့်အစုံတပ်ဆင်ထားနိုင်ပြီး နိုင်ငံခြားသားစစ်သားများအားခေါ်ယူလေ့ကျင့်ထားသည်ဟု သတင်းများတွင်တွေ့ရပါသည်။ ဘဏ္ဏာရေးရှမ်းအရှေ့တွင် ‌‌ေတာရောမြို့ပါ ရှမ်းလူမျိုးများအား အပြည့်အဝအခွန်ကောက်ခံနိုင်ပြီး အခြားဒေသများတွင်လည်း အခွန်ကောက်သည့်စနစ်ကျင့်သုံးသည်။ ၎င်း၏တပ်ဖွဲ့အားဖွဲ့စည်းတပ်ဆင်နိုင်မှုအရ ဘဏ္ဏာရေးအရ တစုံတရာ ‌အဆင်ပြေသည့်အနေအထားတွင်ရှိသည်ဟုသုံးသပ် ရသည်။ တပ်ပေါင်းစုRCSS သည် အခြားလက်နက်ကိုင်တပ်ဖွဲ့များနှင့် သီးခြားတပ်ပေါင်းစု ဖွဲ့စည်းထားခြင်းမရှိပါ။လောလောဆယ်တွင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့ ဖွဲ့စည်းထားသော PPST- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့တွင်ပါဝင်သည်။ PPST သည် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေးပွဲအထောက်အကူပြုရန် ဖွဲ့စည်းထားသောအဖွဲ့သာဖြစ်ပြီး နိုင်ငံရေး/စစ်ရေးမဟာမိတ်ဖွဲ့စည်းထားခြင်းမျိုးမဟုတ်ပါ။RCSS သည် ၂၀၁၃ ခုနှစ်တွင် CSSU -Committe of Shan State Union ရှမ်းပြည်ညီညွတ်ရေးကော်မတီအား ကမကထ ပြုဖွဲ့စည်းခဲ့သည်။ CSSU တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA ၊ မြို့ပေါ်ရှမ်းပါတီ ၂ ခုဖြစ်သည့်SNLD( ကျားခေါင်း) ၊ SNDP ( ကျားဖြူ) တို့နှင့် ရှမ်းအရပ်ဖက်အဖွဲ့အစည်းများပါဝင်သည်။ရှမ်းပြည်ညီညွတ်ရေးနှင့် ရှမ်းပြည်နယ်တခုလုံးအား စုစည်းခေါင်းဆောင်နိုင်ရန် ကြိုးစားသည့်ခြေလှမ်းဖြစ်သည်။ သို့သော် ယနေ့တိုင် ကြိုးစားနေဆဲဖြစ်သည်။ RCSS သည် UWSA တပ်ဖွဲ့များနှင့် ၂၀၀၂ ခုနှစ်မှစ၍ တိုက်ပွဲများဖြစ်ပွါးခဲ့သည်။၂၀၀၅ ခုနှစ်မှစ၍ UWSA နှင့်အပစ်ရပ်ခဲ့သည်။ ယခုအချိန်ထိ နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံ၍ တရားဝင်အပစ်ရပ်သည်ဟူသည့် သတင်းမတွေ့ရသေးသော်လည်း အောက်ခြေတပ်အချင်း ချင်း ထိတွေ့ဆက်ဆံမှုရှိပြီး စစ်ရေးပဋိပက္ခမရှိတော့ပါ။လက်ရှိတွင် ရှမ်းမြောက်တွင် SSPP/SSA ၊ TNLA ပူးပေါင်းအဖွဲ့များနှင့်တိုက်ပွဲဖြစ်နေဆဲဖြစ်ပြီး ဖြေရှင်း၍မရသေးပေ။ RCSS အနေနှင့် SSPP နှင့်တွေ့ဆုံဆွေးနွေးမှု ရှိသော်လည်း TNLA နှင့်တွေ့ဆုံဆွေးနွေးမှုမရှိသေးပါ။ ရှမ်းမြောက်ရှိ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ ရောယှက်ပျံ့နှံ့နေထိုင်မှု၊ နိုင်ငံရေးရေချိန်မြင့်မားလာမှု၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ထိမ်းချုပ်နယ်မြေဆုပ်ကိုင်မှု စသည့်ပြသနာများအောက်တွင် အလွယ်တကူဖြေရှင်းမရနိုင်ဘဲ RCSS ကတဖက် SSPP နှင့် TNLA ကတဖက်ဖြစ်ပွါးသော တိုက်ပွဲများသည် ရှမ်းမြောက်တကျောတွင် ၂၀၁၅ မှ ယနေ့တိုင် မရပ်တန့်နိုင်သေးပါ။အစိုးရနှင့်ဆက်ဆံရေး၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် biletral အပစ်ရပ်စာခိုပ်ချုပ်ဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် NCA – တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း ယခုတိုင် တပ်နေရာချထားရေးနှင့်ပတ်သက်၍ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း တိုက်ပွဲရာနှင့်ချီ၍ဖြစ်ပွါးခဲ့သည်ဟု RCSS က ထုတ်ပြန်သည်။ တဖက်ကလည်း ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးနောက် RCSS သည် တပ်နှင့်နားလည်မှုယူပြီး ရှမ်းမြောက်သို့စစ်အင်အားတိုးချဲ့လာခဲ့သည်ဟုမြောက်ပိုင်းအဖွဲ့များကဆိုပါသည်။ ၂၀၂၁ ခုနှစ် ဖေဖဝါရီ ၁ ရက်နေ့ အပြောင်းအလဲတွင် နစအ ကောင်စီအား ပြင်းထန်စွာ ပစ်တင်ဝေဖန်မှုပြုလုပ်ထားသော်လည်း ယနေ့ထိ RCSS နှင့် နစအ တပ်များကြား ပြင်းထန်သော တိုက်ပွဲများမတွေ့ရသေးပါ။ နိုင်ငံတကာနှင့်ဆက်ဆံရေးထိုင်းနှင့် ဆက်ဆံရေးကောင်းမွန်သည်ဟုဆိုကြသည်။ ရှမ်းပြည်မြောက်ပိုင်းသို့ ထိုးဖေါက်ပြီးနောက်ပိုင်း RCSS နှင့် တရုတ်သံတမန်တို့တွေဆုံမှုရှိသည်ဟု သတင်းများကြားသိရသည်။နိုင်ငံရေး၊ စစ်ရေးဖက်ဒရယ်မူကိုဆုပ်ကိုင်ထားသည်။ ရှမ်းပြည်နှင့်ပတ်သက်၍ ရည်မှန်းချက်ကြီးမားသည်ဟုမှန်းဆရသည်။ လက်ရှိကာလတွင် နစအ ကောင်စီအား ပြင်းထန်စွာ ပစ်တင်မှုများ ပြုလုပ်ထားရာ လာမည့်ကာလတွင် RCSS ၏ခြေလှမ်းအားစောင့်ကြည့်ရန်လိုအပ်ပါမည်။ စစ်ရေးအရUWSA နှင့်တိုက်ပွဲများတွင် ခံစစ်ကို ကောင်းစွာတိုက်နိုင်သည်။ ၂၀၀၂ ခုနှစ်က ရှမ်းအရှေ့တွင်အစိုးရတပ်စခန်းများအား စခန်းသိမ်းတိုက်ပွဲများ တိုက်နိုင်သည်ကိုတွေ့ရသည်။ ယခုကာလ တွင် ပြောက်ကျားလှုပ်ရှားမှုအားသာသည်။ မြို့ပေါ်အထိဖြန့်ကျက်လှုပ်ရှားနိုင်သည်။

မောင်မောင်စိုး

photo- RCSS ဥက္ကဌ စဝ်ရွက်ဆစ်

Leave a comment