28/4/2021
KNU/KNLA ကရင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့
KNU ကရင်အမျိုးသား အစည်းအရုံးသည် ရှည်ကြာသောသမိုင်းကြောင်းရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် အစိုးရအား အစောဆုံးပုန်ကန်တိုက်ခိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အဖြစ်ထင်ရှားသည်။ သမိုင်းအစဉ်အလာနှင့် နိုင်ငံရေး ဩဇာကြီးမားသည့် အဖွဲ့အစည်းဖြစ်သည်။ ဤနေရာတွင် ရှည်လျားသော သမိုင်းကြောင်းအား မဖေါ်ပြတော့ပါ။ လက်ရှိအခြေအနေကိုသာ လိုတိုရှင်းဖေါ်ပြသွားပါမည်။၁၉၈၈ နောက်ပိုင်း KNU သည် အစိုးရတပ်၏ ပြင်းထန်သောထိုးစစ်ကိုကြုံခဲ့ရသည်။ စစ်ရေးအကြပ်အတည်းအပြင် KNU အတွင်း နိုင်ငံရေးအကြပ်အတည်းကိုလည်း ကြုံခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် KNU မှ ဗုဒ္ဓဘာသာကရင်များက DKBA ဟုခွဲထွက်သွားပြီးသီးခြားရပ်တည်သည့်အပြင် တပ်နှင့်ပေါင်း၍ KNU အားပြန်တိုက်သည်ပင်ကြုံခဲ့ရသည်။ တဖန် ၂၀၀၇ခုနှစ် ဇန္နဝါရီ ၃၁ တွင် KNU တပ်မဟာ ၇ မှူး စောဌေးမောင် ခေါ် ဗိုလ်ထိန်မောင်အဖွဲ့ ခွဲထွက်ပြီး KNU/KNLA-(PC) ဟူ၍ ခွဲထွက်ပြီးသီးခြားရပ်တည်သည်။ ထို့ပြင် KNU ဗဟိုမှ ဖဒိုအောင်ဆန်း၊ လှိုင်းဘွဲ့ဒေသမှ စောသမူဟဲ၊ တောင်ငူဒေသမှ စောဖယ်ရီမိုးစသည့်လူအချို့တို့လည်း အင်အားအနည်းငယ်စီဖြင့် KNU မှ ခွဲထွက်၍ လက်နက်ချပြီး အစိုးရနှင့်ပူးပေါင်းသွားခဲ့သည်။ အဆိုပါ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေးအကြပ်အတည်းကြားမှ KNU သည်ဆက်လက်ရပ်တည်ခဲ့သည်ကို တွေ့ရသည်။လက်ရှိ KNU ခေါင်းဆောင်မှု၄ နှစ်တကြိမ် ကျင်းပသော KNU ညီလာခံမှ ၂၀၁၆ ခုနှစ်တွင် ရွေးကောက်တင်မြှောက်သော ဗဟိုကော်မတီသည် လက်ရှိ KNU ကိုခေါင်းဆောင်နေသည်။ ၂၀၂၀ တွင် KNU ညီလာခံ ပြန်လည်ကျင်းပရန်ဖြစ်သော်လည်း ကိုဗစ်ကြောင့် မကျင်းပနိုင်ဘဲ ၂၀၂၁ ထဲတွင် ပြန်လည်ကျင်းပဘွယ်ရှိသည်။ ဥက္ကဌ စောမူတူးဆေးဖေါဒုဥက္ကဌ ဖဒိုကွယ်ထူးဝင်းအတွင်းရေးမှူး ဖဒိုတာဒိုးမူ နှင့် ဗဟိုကော်မတီက ခေါင်းဆောင်သည်။စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘောကျော်ဟဲ တို့ခေါင်းဆောင်သည်။KNU အား နိုင်ငံရေးခေါင်းဆောင်မှုအနေဖြင့်ဖွဲ့စည်းထားပြီး တပ်အနေနှင့် KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နှင့် KNDO- Karen National Defence Organization ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဟု ဖွဲ့စည်းထားသည်။ ကရင်တော်လှန်ရေးမစမှီ KNDO ကိုစတင်ဖွဲ့စည်းသည်ဖြစ်ရာ ကရင်တော်လှန်ရေးသရုပ်လက္ခဏာတခုအဖြစ်ဆက်လက်ဖွဲ့စည်းထားပုံရသည်။ KNU ၏ အဓိက လက်နက်ကိုင်တပ်ဖွဲ့မှာ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဖြစ်သည်။ လက်ရှိ KNU ထိမ်းချုပ်နယ်မြေ၁။ တောင်ငူခရိုင်၂။ ညောင်လေးပင်ခရိုင်၃။ သထုံခရိုင်၄။ ဖါပွန်ခရိုင်၅။ ဘားအံခရိုင်၆။ဒူပလာယာခရိုင် ( ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူဒေသ)၇။ ထားဝယ်ခရိုင် ဟူ၍ ခရိုင် ၇ ခု ဖွဲ့စည်းထားရှိသည်။ ခရိုင်ခေါင်းဆောင်များအား ၂ နှစ်တကြိမ် ရွေးကောက်တင်မြှောက်သည်။ခရိုင်တခုတွင် ပျမ်းမျှ မြို့နယ် ၃ ခုဖွဲ့စည်းထားသည်။ ခြွင်းချက်အနေနှင့် မြို့နယ် ၂ ခုဖွဲ့စည်းထားေသာခရိုင်လည်းရှိသည်။ ကျေးလက်ဒေသကို အခြေပြုသည်။ လက်ရှိ KNU တပ်ဖြန့်ခွဲလှုပ်ရှားမှု KNU ဌာနချုပ်အား ဘားအံခရိုင်တွင်အခြေပြုသည်။ ဗဟိုဌာနချုပ်၌ တပ်ရင်း ၂ ရင်းခန့်ရှိသည်။ ဗဟိုဌာနချုပ်အောက်တွင် တပ်မဟာ ၇ ခုဖွဲ့စည်းထားသည်။၁။ တပ်မဟာ ၁ – သထုံခရိုင်၂။ တပ်မဟာ ၂ – တောင်ငူခရိုင်၃။ တပ်မဟာ ၃ – ညောင်လေးပင်ခရိုင်၄။ တပ်မဟာ ၄ – ထားဝယ်ခရိုင်၅။ တပ်မဟာ ၅ – ဖါပွန်ခရိုင်၆။ တပ်မဟာ ၆ – ဒူပလာယာခရိုင်၇။ တပ်မဟာ ၇ – ဘားအံခရိုင် စသဖြင့် ခရိုင်အလိုက် တပ်မဟာများ ဖြန့်ခွဲထားသည်။တပ်မဟာ တခုလျင် KNLA ၂ ရင်းမှ ၃ ရင်း၊ KNDO- ၁ ရင်း နှင့်ပြည်သူ့စစ်များရှိသည်။ အချို့တပ်မဟာတွင် အထူးတပ်ရင်းများရှိသည်။ တပ်မဟာ တခုနှင့်တခု အင်အားအညီအမျှမရှိပါ။ အချို့အားကောင်း၍ အချို့ ဖွဲ့စည်းပုံအပြည့်အင်အားမရှိပါ။ KNU တပ်မဟာများထဲတွင်တပ်မဟာ ၅ သည် အင်အားအကောင်းဆုံးဖြစ်သည်ဟုဆိုကြပါသည်။ တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ သဘာဝထိမ်းသိမ်းရေးစသည့်နောက်တန်းအင်အားများပါ ပါဝင်သည့် KNU စုစုပေါင်းအင်အားသည် ၈၀၀၀ ခန့်နှင့်အထက်ရှိနိုင်သည်ဟု ကရင်ခေါင်းဆောင်တဦးက ဆိုပါသည်။ ခေတ်မှီလက်နက်တပ်ဆင်ထားနိုင်မှုရှိသည်ကို တွေ့ရသည်။ လက်နက်ခဲယမ်းရရှိရေးအတွက်မူ ရုန်းကန်နေရသည်ဟုသုံးသပ်ရသည်။ဘဏ္ဏာရေးမဆလ မှောင်ခိုခေတ်က မှောင်ခိုလမ်းကြောင်းကြောင့် KNU သည် အခွန်ရရှိခဲ့ပြီး ဘဏ္ဏာရေးအခြေအနေကောင်းခဲ့သည်။ ယခုနောက်ပိုင်းတွင် အခွန်ရရှိမှုကျဆင်းသွားသည်။ အချို့နယ်မြေများတွင် ရွှေတူးဖေါ်မှုရှိသည်ဟုသိရသည်။ မည်သို့ဖြစ်စေ ဘဏ္ဏာရေးနှင့်ပတ်သက်ပြီးရုန်းကန်နေရသည်ဟုသုံးသပ်ရပါသည်။တပ်ပေါင်းစုKNU သည် မဒညတ၊ မဒတ မှသည် ယနေ့ကာလထိ ခေတ်အတက်ဆက် တိုင်းရင်းသားတပ်ပေါင်းစုအား ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၅ ထိ UNFC အဖွဲ့တွင်ပါဝင်ခဲ့သည်။ သို့သော် ၂၀၁၅ တွင် NCA တွင် KNU လက်မှတ်ထိုးပြီးနောက်တွင် UNFC အဖွဲ့ပျက်သွားသည်။ ထို့နောက်တွင် KNU သည် မည်သည့်တပ်ပေါင်းစုတွင်မှ ပါဝင်သည်ကို မတွေ့ရပါ။ သို့သော်ယခင် UNFC အဖွဲ့ဝင်များဖြစ်သည့် KIO/SSPP/NMSP တို့နှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် PPST- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့တွင်ပါဝင်သည်။ NCA ထိုးရာတွင်ပါဝင်သော KNU ခွဲထွက် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် DKBA ၊ KNU/KNLA( PC) တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကရင်အသံ တသံတည်းထွက်ရန် ကြိုးစားလုပ်ဆောင်နေသည်ကိုတွေ့ရသည်။ KNU ၏ တပ်မဟာ ၆ နယ်မြေ ဒူပလာယာခရိုင်မှာ မွန်ပြည်သစ်ပါတီ NMSP လည်း အခြေပြုရာဒေသဖြစ်၍ နယ်မြေထိမ်းချုပ်ရေးနှင့်ပတ်သက်ပြီး KNU နှင့် NMSP ကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်လေ့ရှိသည်။ ယခုနောက်ပိုင်းတွင် ပြသနာမကြီးထွားစေရန် ညှိနှိုင်းဖြေရှင်းလေ့ရှိသည်ကို တွေ့ရသည်။၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ PPST ဆွေးနွေးပွဲဆုံးဖြတ်ချက်အရ PPST ၁၀ ဖွဲ့အနေနှင့်NCA လက်မှတ်ရေးထိုးမထားသော EAO အဖွဲ့များနှင့် တပ်ပေါင်းစုဖွဲ့ရေး ဆွေးနွေးသွားမည်ဟုဆိုပါသည်။ သို့သော် ၂၀၂၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က NCA လက်မှတ်ရေးထိုးထားသော၁၀ ဖွဲ့အနက်မှ DKBA နှင့် KNU/KNLA-PC အဖွဲ့ ၂ ဖွဲ့သည် နစအ ညှိနှိုင်းရေးကော်မတီနှင့်သီးခြားစီတွေ့ဆုံဆွေးနွေးသည်ကို တွေ့ရသည်။အစိုးရနှင့်ဆက်ဆံရေး၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့ပြီး ပင်လုံညီလာခံတွင်ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်နှစ်ကုန်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ငန်းစဉ်မှ ခေတ္တရပ်နားသည်။ ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပြန်လည်ပါဝင်သည်။ ၂၀၂၁ ခုနှစ် နစအ တက်လာသောအခါ ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့ပြီး လောလောဆယ် ဆက်ဆံရေးရပ်တန့်နေသည်။ ထို့ပြင် KNU တပ်မဟာ အချို့ အထူးသဖြင့် တပ်ဟာ ၅ နယ်မြေတွင် နစအတပ်များနှင့် တိုက်ပွဲများပြန်လည်ဖြစ်ပွါးခဲ့သည်။ ပြည်ပဆက်ဆံရေးထိုင်းနယ်စပ်တလျောက်တွင်ရေရှည်ရပ်တည်နေရာ ထိုင်းနှင့် ဆက်ဆံမှုရှိသည်။ ထိုင်းပိုင်နက်အတွင်း၌လည်း ကရင်ရွာများ၊ ကရင်ဒုက္ခသည်စခန်းများရှိရာ မကင်းရာ မကင်းကြောင်းဆက်ဆံရေးရှိသည်ဟု သုံးသပ်ရသည်။နိုင်ငံရေး၊ စစ်ရေး၂၀၁၅ မှစ၍ NCA လမ်းကြောင်းပေါ်တွင်ရှိသည်။ တပ်မဟာ ၅ နှင့်တပ်နေရာချရေး အဆင်မပြေသည်မှလွဲ၍ အစိုးရနှင့်ဆက်ဆံရေးကောင်းမွန်ခဲ့သည်။ ၂၀၂၁ နစအ အစိုးရ ပြန်တက်လာပြီးနောက် ဆက်ဆံရေးရပ်တန့်နေပြီး ဆွေးနွေးပွဲများရပ်ဆိုင်းသွားသည်။ KNU တပ်မဟာ အချို့တွင်တိုက်ပွဲများပြန်ဖြစ်ခဲ့သည်။ တပ်မဟာ ၅ နယ်မြေတွင်တိုက်ပွဲများပြင်းထန်ပြီးတပ်မ ဟာ ၁ နှင့် ၃ ဒေသတို့လည်း တိုက်ပွဲအချို့ဖြစ်ပွါးသည်။ ကျန်တပ်မဟာ နယ်မြေများတွက် တိုက်ပွဲဖြစ်ပွါးမှု မတွေ့ရသေလာက်နည်းပါးသည်။ KNU သည် စစ်ရေးအတွေ့အကြုံကြီးမားသည်။ စခန်းသိမ်းတိုက်ပွဲ၊ ခံစစ်တိုက်ပွဲ၊ ချေမှုန်းတိုက်ပွဲ များစွာ အတွေ့အကြုံရှိသည်။ လက်ရှိနိုင်ငံရေးအပြောင်းအလဲသည် KNU အပေါ်သက်ရောက်မှုကြီးမားသည်ဖြစ်ရာ KNU မည်သို့အလှည့်အပြောင်းဖြစ်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
မောင်မောင်စိုး