ရခိုင်ပြည်က ဘင်္ဂါလီမွတ်စလင်ပြသနာနှင့်ပတ်သက်ပြီးULA/AA ခေါင်းဆောင်၏ သဘောထားကောက်နှုတ်ချက်

#politics_mms75

17/5/2021

ရခိုင်ပြည်က ဘင်္ဂါလီမွတ်စလင်ပြသနာနှင့်ပတ်သက်ပြီးULA/AA ခေါင်းဆောင်၏ သဘောထားကောက်နှုတ်ချက်

၁။ရခိုင်ပြည်ရဲ့တည်ငြိမ်တဲ့ အနာဂတ်၊ တိုးတက်တဲ့ အနာဂတ်ကို တည်ဆောက်မယ် ဆိုရင် မွတ်စလင် အသိုင်း အဝိုင်းနဲ့ ကျနော်တို့ ပြေလည်ဖို့ လိုတယ်။ ကျနော်တို့ ဒီပြဿနာကို မဖြေရှင်းနိုင်ရင် ကျနော်တို့လည်း အေးချမ်းမှာ မဟုတ်ဘူး။ သူတို့လည်း မအေးချမ်းဘူး။ ဒီကိစ္စကို ကျနော်တို့က ရေရှည်မှာ သဘောထားကြီးကြီးနဲ့ သေသေချာချာ ဖြေရှင်းရမယ်။ ဒါကို မရှင်းနိုင်ရင် အခြေအနေက ပိုပြီး ဆိုးဝါးသွားမယ်။၂ ။လောလောဆယ်တော့ ကျနော်တို့က လူမျိုးစုအလိုက် သူတို့ဖြစ်ချင်တဲ့ ရိုဟင်ဂျာ ဆိုတဲ့ကိစ္စနဲ့ ဘင်္ဂါလီ ဆိုတဲ့ ကိစ္စမှာ ဒီစကားလုံးတွေကို ငြင်းခုံရင်း ရန်ဖြစ်နေတဲ့ အနေအထားကို မလိုလားဘူး။ သူတို့နဲ့ ပြဿနာ မဖြစ်နိုင်အောင် တတ်နိုင်သမျှ ထိပ်တိုက် မတိုးအောင် အထူးသတိထားတဲ့ ကာလ ဖြစ်ပါတယ်။ ကျနော်တို့က ရခိုင်ပြည်မှာ နေထိုင်တဲ့ ရခိုင်ပြည်သူလို့ ဆိုရင် သူ့ရဲ့ ဥပဒေအရ ရပိုင်ခွင့်တွေကို လုံးဝ လေးစားတယ်။ သူ့ကို လူသားတယောက်လို့ ဆိုရင် လူ့ အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို လုံးဝ လေးစားကို လေးစားရမယ်။ ဒါက ကျနော်တို့အတွက် အရေးကြီးဆုံးသော နံပါတ် ၁ အခြေခံမူပဲ။နိုင်ငံသား တယောက်ဖြစ်တယ်။ လူသားတယောက် ဖြစ်တယ် ဆိုတာကို အဓိကပါ။ ဒါကို ရသွားရင် လူမျိုးစုအလိုက် အပိုင်းမှာကျတော့ တဖက်နဲ့ တဖက် အပြန်အလှန် နားလည်မှုကို ရေရှည် တည်ဆောက်ရလိမ့်မယ်။ သူတို့ ပြောတဲ့ ရိုဟင်ဂျာဆိုတာက သူတို့ရဲ့ နိုင်ငံရေး ဦးတည်ချက်တွေ ရှိထားပြီ။ သူ့အတိုင်းအတာနဲ့သူ တကမ္ဘာလုံးက အသိ အမှတ်ပြုထားပြီးသားက သူ့မှာ ရှိနေတာပဲ။ သို့သော်လည်း ရခိုင်တွေဘက်မှာ ရခိုင်တွေရဲ့စိုးရိမ်မှု ရခိုင်တွေဘက်က အနေအထားကို စဉ်းစားရမှာ ဖြစ်တယ်။တကမ္ဘာလုံးက ငါတို့ကို အသိအမှတ်ပြုထားတယ်။ ရခိုင်တွေက ဘာထင်ထင် ကိစ္စမရှိဘူး ဆိုပြီး လုပ်ရင် ပြဿနာတွေ က ဖြေရှင်းလို့ မရဘူး ဖြစ်သွားမယ်။ ကိုယ့်ဘက်က ဖြစ်ချင်တာပဲ စဉ်းစားလို့ မရဘူး။ ဟိုဘက်မှာ ဘာဖြစ်မလဲ ဆိုတာ ကို ယဉ်ကျေးတဲ့ အတွေးအခေါ် မရှိဘူးဆိုရင် ပြဿနာ ရှိတယ်။၃။ ကျနော်တို့က ဘင်္ဂါလီလို့ သုံးနှုန်းလိုက်တယ် ဆိုတာက သူတို့ကို အထင်သေး အမြင်သေးနဲ့ အယူအဆ လုံးဝ မပါဘူး။ ဒီစကားလုံးတွေကို မဆွေးနွေးဖြစ်အောင် အငြင်းခုံ ပုံစံမျိုး မဖြစ်အောင် ကျနော် ရှောင်ရှားတယ်။ ဒါပေမယ့် အခုက စကားကြုံလို့ နည်းနည်းလောက် ထည့်ပြောတဲ့ သဘောပါ။ဟိုဘက်က မွတ်စလင်တွေကို အထင်အမြင် တိမ်းစောင်းဖို့ လုံးဝ မယူဆပါဘူး။ ဘင်္ဂါလီလို့ ကျနော်တို့ သုံးနှုန်းတာက အောက်ကျနောက်ကျ နေစရာမရှိတဲ့ လူမျိုး မဟုတ်ဘူး။ ဘင်္ဂါလီဆိုတာ ကမ္ဘာမှာ သူ့ရဲ့ ethnicity ပေါ့ဗျာ။ သူ့ရဲ့ မနုဿဗေဒဆိုင်ရာ လူမျိုးကို ရည်ညွှန်းပြီး ပြောတာ ဖြစ်တယ်။ဘင်္ဂါလီဆိုတာ ကမ္ဘာပေါ်မှာ ဆိုရင် ဥပမာ Ethnic Han ပေါ့ဗျာ။ တရုတ်လူမျိုးဆိုရင် အကြီးဆုံးနံပါတ် ၁ ပဲ။ အာရတ် လူမျိုးဆိုရင် အကြီးဆုံး နံပါတ် ၂ လူမျိုး၊ ဘင်္ဂါလီဆိုတာ ဒါ တတိယလောက် ဖြစ်တယ်။ ကမ္ဘာမှာ လူဦးရေ သန်း၂၅၀ အထက်ကို ရှိတယ်။ သူတို့က Bay of Bengal အိန္ဒိယသမုဒ္ဒရာနဲ့ တကယ့် အကျယ်ပြန့်ဆုံးနဲ့ ရှေးအကျဆုံးလူမျိုး တမျိုး ဖြစ်တယ်။ သမိုင်းဆိုရင် ရှေးကျတယ်။ နက္ခတ်ပညာ၊ စာပေ၊ ဂီတ အကုန်လုံးကို တကယ့် ကျယ်ပြန့်တဲ့ လူမျိုး ကြီး ဖြစ်တယ်။ အင်ဒို- အာရီယန် (Indo-Aryan) မျိုးနွယ်စုတခုပေါ့။ ပြီးမှ ဘင်္ဂါလီထဲမှာမှ ဘင်္ဂါလီ-ဟိန္ဒူ ရှိမယ်၊ ဘင်္ဂါ လီ-မွတ်စလင် ရှိမယ်၊ ဘင်္ဂါလီ- ခရစ်ယာန် ရှိမယ်။ ဘင်္ဂါလီ- ဗုဒ္ဓ ရှိမယ်။အဲဒီသန်းပေါင်း ၂၅၀ ကျော်၊ အိန္ဒိယ ကမ်းခြေကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မြန်မာနိုင်ငံပေါ့။ အဲဒီ့ Bay of Bengal တခု လုံးမှာ ဘင်္ဂါလီတွေ အများကြီး နေတယ်။ သူ့ရဲ့ဘင်္ဂါလီထဲမှာမှ Chittagong Bengali ၊ East Bengali ရှိမယ်။ West Bengali ရှိတယ်။ တကယ် ကျယ်ပြန့်တယ်။ ကျနော်တို့က ကျယ်ပြန့်တဲ့ လူမျိုးစုနဲ့ ဆိုင်တဲ့ စကားလုံးကိုလည်း အသုံး ပြုလိုက်တာ ဖြစ်တယ်။ အထင်သေး၊ အမြင်သေးနဲ့ ပစ်ပယ်တဲ့ ချိုးနှိမ်တဲ့ အဓိပ္ပါယ် လုံးဝ မရှိဘူး။၄။သဘောက ရခိုင်ပြည်နယ်ဆိုတာ ဘင်္ဂလား ပင်လယ်အော်ထဲမှာ ရှိတယ်။ ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးမှာ လူဦးရေ ဘင်္ဂါ လီ သန်း ၁၆၀ လောက် နေထိုင်တယ်။ အဲဒီထဲမှာ မွတ်စလင် ကိုးကွယ်တဲ့ ဘင်္ဂါလီက အများစုပေါ့။ ဟိန္ဒူ ကိုးကွယ်တဲ့ ဘင်္ဂါလီလည်း ရှိတယ်။ အလားတူပဲ ရခိုင်ပြည်ထဲမှာလည်း ဟိန္ဒူ ကိုးကွယ်တဲ့ ဘင်္ဂါလီတွေလည်း ရှိတယ်။ ဥပမာ မောင်တောမြို့နယ်ထဲမှာ ဆိုရင် ဟိန္ဒူလူမျိုးတွေလို့ လူတွေက ပြောတယ်။ တကယ်တော့ ဒါက ဘင်္ဂါလီလူမျိုး၊ ဟိန္ဒူ ဘာသာဝင်ပဲ။ သူတို့လည်း ဘင်္ဂါလီပဲ။ဒါပေမယ့် ရခိုင်ပြည်ထဲက ဘင်္ဂါလီကျတော့ ရိုဟင်ဂျာလို့ သူတို့ဘာသာ သူတို့ ပြန်ပြောင်းလိုက်တော့ ဥပမာ လူသန်း ၂၅၀ လောက်က နတ်မြစ်ကမ်းကို ကူးလိုက်တာနဲ့ မြန်မာနိုင်ငံ ရောက်လာတာနဲ့ ဘင်္ဂါလီ တယောက်မှ မရှိတော့ဘူး လား။ ဘင်္ဂါလီ မွတ်စလင် အမည်ခံထားသူတွေက ဘယ်ကို ရောက်သွားလဲပေါ့။ လူဦးရေရဲ့ ဖြန့်ကျက် နေထိုင်ပုံအရ ဒါတွေက မေးခွန်း ထုတ်စရာ ပြန်ဖြစ်နေပါတယ်။ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြု တယ်ပေါ့။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရှိတဲ့ နယ်စပ်မှာ ကပ်လျက် ချောင်းကလေးပဲ ခြားတယ်၊ တချို့နေရာဆို ချောင်း ကလေးတောင် မရှိဘူး။ အဲဒီလူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးထဲမှာလည်း ရိုဟင်ဂျာ တိုင်းရင်း သား ဆိုတာလည်း မရှိဘူး။ရခိုင်ဆိုလည်း ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံမှာ ခွပြီး နေတယ်။ ရခိုင်ပြည်မှာလည်း ရှိသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာ လည်း တရားဝင် ရခိုင်လူမျိုး ဆိုတာ ရှိတယ်။ သူတို့ကျ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာလည်း ဒုက္ခသည် စခန်းထဲမှာတော့ တရားမဝင် ရိုဟင်ဂျာ ဆိုတာ လက်ခံတယ်။ သူ့ရဲ့တရားဝင် ဆိုတာ ဘာလို့မရှိလဲဆိုတာ ဆန်းစစ်လို့ ရတယ်လေ။ကျနော်က အငြင်းပွားတယ်၊ ကန့်ကွက်တယ်၊ သဘောမတူဘူး ဆိုတဲ့ ရှုထောင့်ကနေ ပြောဆိုတာ မဟုတ်ဘဲ မေးတဲ့ အပေါ်မှာ ပိုပြီး ရှင်းလင်းအောင် ဟိုဘက် ဒီဘက် မျှပြီးထောက်ပြတာကို အဆိုးမြင် မဟုတ်ဘဲ ဒီလိုတွေ ရှိတယ် ဆို တာကို မြင်အောင် ပြောတဲ့ သဘောပါပဲ။ သဘောထား ကွဲလွဲပြီး ရန်မူခြင်းတွေ မရှိပါဘူး။ဘာလို့ဆိုတော့ ရေရှည် ပြဿနာ ဖြေရှင်းရမယ့် အရေးတွေ ဖြစ်နေတော့ ဒါတွေကို သတိမူဖို့ လိုပါတယ်။ ကျနော်က Rational ဖြစ်တဲ့ (ဆင်ခြင်တုံတရားနဲ့ ယုတ္တိတန်တဲ့) အတွေးအခေါ်ကို ထောက်ပြတာ ဖြစ်ပါတယ်။၅။ ကျနော်တို့ ရခိုင်မှာ နေထိုင်တဲ့ မွတ်စလင် မိတ်ဆွေတွေကို ပုတ်ခတ်တာမျိုး မရှိပါဘူး။ ဒါက ရေရှည်မှာ ကျနော်တို့ ပြဿနာ ဖြေရှင်းတဲ့ အချိန်မှာ အမြင် ရှင်းလင်းဖို့ ကျိုးကြောင်း ဆီလျော်ဖို့ ဒါတွေကို ကျနော်တို့က ဝေဖန်မြင်နိုင်ဖို့ လိုတာပေါ့။ ဒါတွေကို ကျနော်တို့က နိုင်ငံရေး အရ လိုချင်တဲ့ နာမည်ကိုပြောတာ မဟုတ်ဘဲ သူ့ရဲ့ မျိုးရိုးကို ရည်ညွှန်း ပြောဆိုတာ ဖြစ်ပါတယ်။ အငြင်းပွားပြီး နိုင်ငံရေး ရှုပ်ထွေးမှုတွေ ဖြစ်ဖို့ မရည်ရွယ်ပါဘူး။၆။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆယ်စုနှစ် ချီပြီး ဒုက္ခသည်စခန်းတွေနဲ့ ဒီတိုင်း ပိတ်လှောင်ထားတယ်။ တကယ်ဆို လူ့အခွင့် အရေးအရ အကာကွယ် ပေးတယ်ဆိုပေမယ့် ဒီထက်ကျယ်ပြန့်တဲ့ ရေရှည် စဉ်းစားမှုမျိုး ထားရှိမယ် ဆိုရင် ဒီဒုက္ခသည် တွေ အတွက် ပိုပြီး အကျိုးရှိစေပါတယ်။ ကျနော့် စိတ်ထဲက စေတနာအမှန်နဲ့ လူသားစိတ်ကို အခြေခံပြီး ပြောတာပါ။ သူတို့ကို နယ်စပ်စခန်းတွေမှာ ပိတ်လှောင်ထားပြီး စာနာတယ် ဆိုပြီး ထမင်းကျွေးထားတယ်။ ဘယ်မှ ပေးမသွားဘူး။ အလုပ်အကိုင်လည်း လုပ်ခွင့်မရှိဘူးဆို သူ့ရဲ့ဒုက္ခက ပိုကြီးပါတယ်။ ကလေးသူငယ်တွေ စာသင်ခွင့် မရှိဘူး။တကယ်ဆို ဒီလောက်များတဲ့ လူဦးရေ၊ ဒီလောက်များတဲ့ ဒုက္ခသည်တွေအတွက် ထမင်းကျွေး၊ ဆေးကုရုံထက် အလုပ် အကိုင် အခွင့်အလမ်းတွေ vocational training (အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပညာရပ် သင်တန်း)တွေ တခြား ပညာသင်ခွင့်၊ အခြေခံပညာ မကလို့ အဆင့်မြင့်ပညာတွေတောင် စဉ်းစားပေးသင့်တာပေါ့။ သူလည်း နိုင်ငံတကာ အကူအညီတွေ အများကြီး ယူပြီး လုပ်ပေးနေတာပဲ။တကယ်စေတနာမှန်တယ် ဆိုရင် ဒါတွေလည်း စဉ်းစားသင့်တယ်။ သူတို့ထဲက ဒုက္ခသည် အကြီးအကဲတွေကလည်း ဒါတွေကို ဖြစ်အောင် ဆောင်ရွက်သင့်တယ်။ ဒီထက်ပိုပြီး အတွေးအခေါ် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စေတနာလည်း မှန်ဖို့ လိုမယ် ထင်တယ်။ ဒါက အမြင်တခုကို ပြောပြတာပါ။ များသောအားဖြင့် သူတို့ ကိစ္စတွေကို ကျနော်တို့ သိပ်မပြော ဖြစ်ဘူး။ စိတ်ထဲမှာတော့ ရှိပါတယ်။၇။ ပြဿနာ တခုဖြစ်လာပြီဆိုရင်တော့ ကိုယ်မလိုချင်တဲ့ အနေအထားတွေ ရှိနေလို့ပဲလေ။ အဲဒီ ပြဿနာ ဖြေရှင်းတဲ့ အချိန်မှာလည်း ကိုယ့်စိတ်တိုင်းကျ ပြီးချင်မှ ပြီးမှာပေါ့။ သူတို့ဘက်ကလည်း သူလိုချင်တဲ့တိုင်း ဖြစ်ချင်မှ ဖြစ်မှာပေါ့။ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အနေအထား တခုမှာတော့ ကျနော်တို့ရအောင် ဖြေရှင်းရတော့မှာပဲ။ ဒါမျိုး မဖြေရှင်းရင် သူတို့လည်း မအေးချမ်းသလို ကျနော်တို့လည်း အေးချမ်းမှာ မဟုတ်ဘူး။ဒါက ပြေလည်အောင် နည်းလမ်းတွေကို ကျနော်တို့ ရှာရမယ်။ ပြီးရင် တဖက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကလည်း အမျှော်အမြင်ကြီးကြီးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်စရာတွေတော့ အများကြီး ရှိလာမှာပါ။ ကျနော်တို့က အခု ချိန်မှာ Non-State Actor ၊နိုင်ငံတခုရဲ့အစိုးရ မဟုတ်သေးတော့ တချို့ကိစ္စတွေကို ကြိုပြီး အရမ်းပြောလို့လည်း မဖြစ် သေးပါဘူး။မှတ်ချက်။ ။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ဧရာဝတီနှင့် အင်တာဗျူး မှ ကောက်နှုတ်ချက်ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ အရေးပါသော အဖွဲ့အစည်းတခု ခေါင်းဆောင်ဖြစ်သူ၏ မှတ်ချက်သည် ရခိုင်ပြည်နယ်ပြသနာများကို ဖြေရှင်းရာတွင် အရေးပါပါသည်။ ပြီးပါပြီ

Leave a comment