ဖက်ဒရေးရှင်း (federation)
ကျော်ဇံသာ
ညီညွတ်ရေး၊ ဒေသဆိုင်ရာ သဟဇာတဖြစ်ရေး၊ လူနည်းစုရပိုင်ခွင့် ကာကွယ်ရေး၊ ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေး၊ ကျင့်ဝတ်သိက္ခာမြင့်မားပြီး ဒီမိုကရေစီထွန်းကားရေး တို့ဟာ ဒီနေ့ခေတ် နိုင်ငံအများအပြားတို့အတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေဖြစ်တယ်။ ဖက်ဒရယ် အစိုးရစနစ်ဟာ ဒီကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စနစ်ဖြစ်တယ်။ ယူနစ်ထရီစနစ်က ဒေသန္တရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပျက်ပြားစေနိုင်ပြီး၊ ကွန်ဖက်ဒရေးရှင်းဟာလဲ တာရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုဖြစ်မြောက်ရေးအတွက် အခက်အခဲများစွာကြုံနိုင်တယ်လို့ ပညာရှင်တချို့က ဆိုကြတယ်။ (Federalism as an Instrument for Unity and the Protection of Minorities, Legesse Tigabu Mengie, p 265)
ဖက်ဒရယ်စနစ် အသွင်အမျိုးမျိုးကို ခွဲခြားလေ့လာတဲ့ ပညာရှင်တွေထဲမှာ အဓိကအားဖြင့် နယ်မြေအပေါ် အခြေခံထားတဲ့ ဖက်ဒရယ်စနစ် (territorial federalism) ကို အလေးထားကြသူတွေများတယ်။ အမေရိကန်ပြည်ထောင်စု ကနေဒါ ဂျာမနီ သြစတြေးလျ ဆွစ်ဇာလန် စတဲ့ တိုးတက်အောင်မြင်နေတဲ့ နိုင်ငံတွေကို နမူနာထားကြတယ်။
ဗဟို နဲ့ ဒေသန္တရ တို့အကြား အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲဝေထားတဲ့ နိုင်ငံရေးစနစ် ဖြစ်တယ်။ ဗဟိုအစိုးရ (central government) နဲ့ နိုင်ငံအဖြစ် ပါဝင်ဖွဲ့စည်းထားတဲ့ ဒေသတွေ (constituent divisions ) ဟာ ဘယ်သူ့ဘယ်သူမှ အာဏာခွဲပေးထားတာ အပ်နှင်းထားတာ မရှိဘူး။ သဘောတူ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအရ သူတို့အာဏာသူတို့ ရရှိပိုင်ဆိုင်ထားတာဖြစ်တယ်။ ဗဟိုအစိုးရကို ဖက်ဒရယ်အစိုးရ (federal government) ဒါမှမဟုတ် အမျိုးသားအစိုးရ (national government) လို့လဲခေါ်တယ်။ ဒေသန္တရတွေကိုတော့ နယ်များ (provincves) ပြည်နယ်များ (states) ဒေသများ (regions) တိုင်းများ (divisions) စသည်ဖြင့် အမျိုးမျိုးခေါ်ကြတယ်။
ဖက်ဒရယ်စနစ်ဟာ အင်မတန်ဆန်းပြားရှုပ်ထွေးတဲ့ နောက်ဆုံးပေါ် အစိုးရစနစ်တမျိုး ဖြစ်တယ်။ သူရဲ့့ ထူးခြားချက်က “လူ့အဖွဲ့အစည်း တခုအတွင်းမှာ ဒေသလိုက်ရှိနေတဲ့ မတူကွဲလွဲမှုတွေကို ထိန်းသိမ်းရင်း တချိန်တည်းမှာ ဘုံရည်မှန်းချက်တွေအတွက် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ရခြင်း” ဖြစ်တယ်။ မတူကွဲပြားမှု ဆိုတာက အပြင်ကိုရုန်းထွက်တဲ့ သဘောရှိပြီး၊ အမျိုးသားညီညွတ်ရေးဆိုတာက အတွင်းဘက်ကို စုစည်းရတဲ့ သဘာ ဖြစ်တယ်။ ဒီဆန့်ကျင်ဘက် လိုအပ်ချက် ၂ရပ် (dual requirement) ကို ပေါင်းစပ်ရတာဖြစ်လို့ ရှုပ်ထွေးခက်ခဲတယ်။ ညီညွတ်ရေး နဲ့ မတူကွဲလွဲမှု (unity and diversity) မထိန်းညှိနိုင်ရင် ဖက်ဒရယ်စနစ် မအောင်မြင်နိုင်ဘူး။ (International Relations: A Political Dictionary, L Ziring, J Plano, R Olton p 419)
ဖက်ဒရေးရှင်းတခု အောင်မြင် ခိုင်မြဲရေးအတွက် ဒေသရဲ့ အကျိုးစီးပွါး နဲ့ ဒေသဆိုင်ရာတန်ဖိုးထားမှုတွေကို အလေးထားသူတွေ အနေနဲ့ ဒါတွေကို လက်တွေ့ကျင့်သုံးနိုင်တယ်ဆိုတာ ယုံကြည်မှုရှိဖို့ လိုအပ်သလို ဗဟိုနဲ့ အပြန်အလှန်
အလေးထား လေးစားဖို့လဲ လိုအပ်လှတယ်။ ဒီလို ညီညွတ်မှု နဲ့ မတူကွဲပြားမှု (unity ane diversity) ကို ထိန်းညှိရခက်ပြီး ထိရောက်အောင်မြင်ဖို့ မလွယ်ကူတဲ့ အတွက်လဲ ဖက်ဒရယ်အစိုးရ အရေအတွက်ဟာ ယူနစ်ထရီ လောက် မများတာဖြစ်တယ်လို့ တချို့က ကောက်ချက်ဆွဲတယ်။
ဗဟိုနဲ့ ပြည်နယ်အစိုးရတွေ အပေါ် အာဏာကြီးစိုးတာဆိုလို့ ဖွဲ့စည်းပုံအခြေခံဥပဒေသာရှိ်တယ်။ ဖွဲ့စည်းပုံထဲမှာ ဗဟိုနဲဲ့ပြည်နယ် (ဒါမှမဟုတ်) ဒေသန္တရအစိုးရတွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ခွဲဝေထားကြတယ်။ အာဏာခွဲဝေတဲ့ အချိုးအစားကိုကြည့်ပြီး ဖက်ဒရယ်နိုင်ငံတွေကို ဗဟိုမှာ အာဏာပိုများတဲ့စနစ် (cemgtralized) နဲ့ ပြည်နယ်တွေ လုပ်ပိုင်ခွင့် ပိုများတဲ့စနစ် (decentralized) ဆိုပြီး အကြမ်းအားဖြင့် ၂ မျိုးခွဲခြားတယ်။
ဗဟို နဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် အာဏာရပ်တွေကို များသောအားဖြင့် ဖက်ဒရယ်ဖွဲ့စည်းပုံမှာ ဇယားဆွဲပြီး ဖော်ပြထားတယ်။ ဖက်ဒရယ်စနစ်ကျင့်သုံးတဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ ဗဟိုက ကျင့်သုံးရမဲ့ အာဏာရပ်တွေကို ဖွဲ့စည်းပုံဥပဒေ အခန်း (၈) ပုဒ်မ (၁) မှာဖော်ပြထားတယ်။ အကြမ်းဖျဉ်းအားဖြင့် ငွေစက္ကူရိုက်နှိပ်ခွင့်၊ ကူးသန်းရောင်းဝယ်ရေး ကိုထိန်းကွပ်ခွင့်၊ စစ်ကျေညာခွင့်၊ စစ်တပ်ထူထောင်ထားရှိခွင့်၊ စာတိုက်လုပ်ငန်းလုပ်ကိုင်ခွင့် စတာတွေဖြစ်တယ်။ ဒီအာဏာရပ်တွေမှအပ ကျန်အာဏာရပ်တွေအားလုံးကို ပြည်နယ် ဒါမှမဟုတ် ဒေသန္တရအစိုးရတွေက လုပ်ပိုင်ခွင့်ရှိတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဗဟိုနဲ့ ပြည်နယ်တို့ဟာ မိမိတို့ရဲ့ ဥပဒေအတိုင်း ဆောင်ရွက်ကြရင်း အငြင်းပွားစရာ ရှိလာခဲ့ရင်တော့ ဖွဲ့စည်းပုံက ဗဟိုကို ဦးစားပေးထားတာ တွေ့ရတယ်။ Supremacy clause လို့ခေါ်တယ်။ (US Constitution, Article VI, Clause 2)
အိန္ဒိယကတော့ ဖက်ဒရယ် ပုံစံဖွဲ့စည်းထားတယ်ဆိုပေမဲ့ ဖွဲ့စည်းပုံမှာ ဖက်ဒရယ်လို့ မဖော်ပြသလို နိုင်ငံရဲ့တရားဝင် နာမည်မှာလဲ ပြည်ထောင်စုဆိုတာ မပါဘူး။ အိန္ဒိယသမ္မတနိုင်ငံ(Republic of India) ဖြစ်တယ်။ အာဏာခွဲဝေရေး အတွက် ဖွဲ့စည်းပုံမှာ ဇယား ၃ခု နဲ့ ရေတွက်ထားတယ်။ ဗဟိုအစိုးရ လုပ်ပိုင်ခွင့်အာဏာရပ်တွေ (union list)၊ ပြည်နယ်အစိုးရလုပ်ပိုင်ခွင့် အာဏာရပ်တွေ (state list) နဲ့ ၂ ဘက် စလုံးလုပ်ပိုင်ခွင့်ရှိတဲ့ အာဏာရပ်တွေ (concurrent list) တို့ဖြစ်တယ်။ ဒီဇယားတွေထဲမှာ ထည့်သွင်းရေတွက်မထားတဲ့ အာဏာရပ်တွေ (residual powers) တွေကိုလဲ ဗဟိုအစိုးရက ပိုင်တယ်။
concurrent list အထဲမှာ ပညာရေး၊ သစ်တော၊ အလုပ်သမားသမဂ္ဂများအရေး၊ လက်ထပ်ထိမ်းမြားခြင်း၊ အမွေဆက်ခံရေး စတာတွေပါဝင်ပြီး ဗဟိုနဲ့ ပြည်နယ်အကြား အငြင်းပွါးကြရင်တော့ ဗဟိုရဲ့ သဘောထားကို အတည်ယူရမှာဖြစ်တယ်။ ဒါ့အပြင် အရေးပေါ် အခြေအနေမှာ ပြည်နယ်တွေကို ဗဟိုက တိုက်ရိုက်အုပ်ချုပ်နိုင်တယ်။
အိန္ဒိယဖက်ဒရယ်မှာ ဗဟိုအစိုးရဟာ အမေရိကန်ပြည်ထောင်စုမှာထက် ပိုအင်အားကောင်းတယ်၊ ဗဟိုချုပ်ကိုင်မှု တော်တော်များများရှိတယ်။ ဒေသတခုနဲ့တခု သယံဇာတနဲ့ စက်မှုဖွံံ့ဖြိုးရေး ကွာဟချက်ကြီးလွန်းတဲ့အတွက် ပဋိပက္ခဖြစ်ပြီး နိုင်ငံပြိုကွဲတဲ့အထိ ဖြစ်သွား နိုင်ခြေ ရှိတယ်။ ဒါကြောင့် ဗဟိုချုပ်ကိုင်မှု ပိုပေးထားတာဖြစ်တယ်လို့ တချို့က အကြောင်းပြထားတယ်။
ဖက်ဒရယ်စနစ်ရဲ့ အားသာချက် အားနည်းချက်
အားသာချက်များ
• ကိုယ့်ပြည်နယ်အပေါ် လူထုရဲ့သစ္စာရှိမှုမြင့်မားခြင်း၊
• အထူးသဖြင့် အမေရိကန်ပြည်ထောင်စု လိုနိုင်ငံကြီးတွေမှာ ဒေသဆိုင်ရာ ပြဿနာတွေကို တကယ်နားလည်သဘောပေါက်ပြီး ဒေသအစိုးရက ထိထိရောက်ရောက် လက်တွ့ကိုင်တွယ်ဆေင်ရွက်နိုင်တယ်။
• ဒေသတခုရဲ့ အတွေ့အကြုံကို ကျန်ဒေသတွေနဲ့ ဗဟိုအစိုးရကပါ လေ့လာသင်ယူနိုင်တယ်။ (ဥပမာ ကယ်လီဖိုးနီးယားပြည်နယ် ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျည်းစည်းကမ်းတွေကို ကျန်ပြည်နယ်တွေပါ လိုက်နာကျင့်သုံးကြတယ်။ ၁၉၉ဝပြည့်လွန်တုံးက ဝစ်ကွန်ဆင်း (Wisconsin) ပြည်နယ်က စမ်းသပ်ခဲ့တဲ့ လူမှုဖူလုံရေးဆိုင်ရာ မူဝါဒတွေဟာ အမေရိကန်ပြည်ထောင်စုအစိုးရ ရဲ့ လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲမှုအပေါ် သြဇာလွှမ်းမိုးခဲ့တယ်။)
• နိုင်ငံရေးတည်ငြိမ်မှုကို ဖြစ်ထွန်းစေတယ်၊ တချို့အငြင်းပွါးဖွယ်ကိစ္စတွေမှာ ဗဟိုအစိုးရ မပတ်သက်ပဲ နေလို့ရတယ်။ ဒီလိုကြောင့် အမေရိကန်ဖက်ဒရယ်စဖွဲ့တုံးက တည်ငြိမ်မှုကိုရရှိခဲ့တယ်။
• ဗဟို ပြည်နယ် ဒေသန္တရ စသည်ဖြင့် အစိုးရ အဆင့်ဆင့် ထားရှိတဲ့အတွက် ပြည်သူလူထုအနေနဲ့ ခေါင်းဆောင်တွေကို ထိတွေ့နိုင်တဲ့ အခွင့်အလန်းပိုများတယ်။
• အာဏာရှင်အုပ်ချုပ်ရေးကို ဟန့်တားနိုင်တယ်၊ အုပ်ချုပ်ရေးအာဏာသီးခြားစီနဲ့ အစိုးရအဆင့်ဆင့် ရှိနေတဲ့အတွက် တခုသောအဆင့်မှာ လူတယောက်တည်း ဒါမှမဟုတ် တဖွဲ့တည်းက အာဏာသုံးရပ်လုံး (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး) ကို ချုပ်ကိုင်ထားသည့်တိုင် ကျန်အဆင်တွေ နေရာတွေကသိခြား အာဏာရှိတဲ့အတွက် တနိုင်ငံလုံးကို အာဏာရှင်မလွှမ်းမိုးနိုင်။
အားနည်းချက်များ
• တမျိုးသားလုံးနဲ့ဆိုင်တဲ့ မူဝါဒချမှတ်ရေးအတွက် အဟန့်အတားဖြစ်စေတယ်။
• မူဝါဒတွေ မအောင်မမြင်ဖြစ်တဲ့အခါ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ တဖက်နဲ့တဖက် လက်ညှိုးထိုးနေကြပြီး အဖြေရှာရခက်တယ်။
• ပြည်နယ် ဒါမှမဟုတ် ဒေသန္တရအစိုးရတွေအပေါ် လူထုက သိပ်ဂရုမစိုက်ကြတဲ့အတွက် ဒီလောက်အရေးကြီးပြီး လုပ်ပိုင်ခွင့်တွေများတဲ့ အာဏာပိုင်တွေကိုရွေးကောက်တဲ့ပွဲမှာ စိတ်အားထက်သန်မှုမရှိကြဘူး လို့လဲ အမေရိကန်အတွေ့အကြုံကိုကြည့်ပြီး တချို့က ဝေဖန်ကြတယ်။
ဖက်ဒရယ်စနစ် ဘာကြောင့်လိုအပ်သလဲ
၁။ ကြီးမားကျယ်ပြန့်တဲ့ နိုင်ငံတွေအတွက် သင့်တော်တယ်၊ တရုတ်လိုနိုင်ငံမျိုးကလွဲပြီး ကမ္ဘာ့နိုင်ငံကြီးတွေအားလုံး ဖက်ဒရယ်စနစ်ကိုကျင့်သုံးကြတယ်။
၂။ သေးငယ်တဲ့ နိုင်ငံတွေကို စည်းလုံးညွတ်မှုနဲ့ အင်အားကြီးမားစေတယ်။ သီးခြားလွတ်လပ်ရေးမယူပဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် (right of self-determination) ရရှိနိုင်တယ်။
၃။ သေးငယ်ပြီးသီးခြားနေတာထက် ပြင်ပခြိမ်းခြောက်မှု လျောနည်းစေတယ်။ စုပေါင်းတည်ရှိမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်တယ်။
၄။ ဒေသအစိတ်အပိုင်းလိုက် လုပ်ငန်းခွဲဝေလုပ်ဆောင်နိုင်တဲ့အတွက် အားလုံးလိုအပ်ချက်တွေကို ဖြန့်ဖြူးနိုင်တယ်။
၅။ ဗဟိုနဲ့ ဒေသန္တရ အာဏာခွဲဝေထားတဲ့အတွက် ဒီမိုကရေစီ အတွက်အာမခံချက်ပိုရှိတယ်။ အာဏာကို လက်ဝါးကြီးအုပ် ချူပ်ကိုင်တာမရှိဘူး။ နိုင့်ထက်စီးနင်းမှု မရှိဘူး။
၆။ မတူကွဲပြားမှုတွေကြားက စည်းလုံးညီညွတ်မှု (unity in diversity) ရရှိနိုင်တယ်။
၇။ နိုင်ငံရေးအသိတရား (political education) ပိုမိုထွန်းကားတယ်။ နိုင်ငံ့အရေးမှာ အများပြည်သူပါဝင်မှု ပိုများတယ်။
ဖက်ဒရယ်စနစ်ရဲ့ အဓိက အပြစ်အနာအဆာ (demerits) များ
၁။ အာဏာခွဲဝေထားတာဟာ ခွန်အားနည်းစေတဲ့ အချက်ဖြစ်တယ်။ ဗဟိုနဲ့ ဒေသန္တရတို့အကြား လုပ်ပိိုင်ခွင့်နဲ့ ပတ်သက်လို့ အငြင်းပွားစရာဖြစ်တဲ့အခါ ၂ဘက်စလုံးကို အားနည်းစေတယ်။ အထူးသဖြင့် ပြည်တွင်းပြည်ပ အရေးပေါ်အခြေအနေတွေ ကြုံရတဲ့အခါ ကိုင်တွယ်ဆောင်ရွက်နိုင်မှု နှေးကွေးစေတယ်။ တဘက်ကို တဘက် အားမလိုအားမရ ဖြစ်စေတယ်။
၂။ ဗဟိုနဲ့ ဒေသန္တရ အာဏာခွဲဝေမှုကို ဖွဲ့စည်းပုံနဲ့အညီ ထိန်းညှိနေရတာသည်ပင် ခက်ခဲတဲ့ ပြဿနာတရပ် ဖြစ်နေတတ်တယ်။ အဲဒီပြဿနာ ကြီးထွားလာတဲ့အခါ ၂ ဘက်လုံးရဲ့ လုပ်ငန်းတွေ ရှေ့မတိုးနိုင်တော့ဘူး။
၃။ မအောင်မြင်မှုတွေ ရှိလာတဲ့အခါ တဘက်နဲ့တဘက် အပြန်အလှန် အပြစ်ဖို့တာ ပုတ်ခတ်ပြောဆိုတာတွေ မကြာခဏ ကြုံရတတ်တယ်။
၄။ ဖက်ဒရယ် ဖွဲ့စည်းပုံတွေဟာ ပြင်ဆင်ရသိပ်ခက်တယ်။ ဥပမာ ဗဟိုဥပဒေပြုအာဏာပိုင်အဖွဲ့တွေရဲ့ အဆုံးအဖြတ်တင်မက ပြည်နယ်တွေရဲ့ သဘောထားကိုပါ ရယူပြီးမှ ပြင်ဆင်လို့ရတာမျိုး၊ ဒါကြောင့် စိမ်ခေါ်မှုနဲ့တွေ့လာတဲ့အခါ ပြုပြင်ပြောင်းလဲရေး လွယ်လွယ်နဲ့ မလုပ်နိုင်ဘူး။
၅။ ဘဏ္ဍာငွေကြေး အကုန်အကျများတယ်။ အာဏာပိုင်အဖဲဲွ့အစည်းတွေ သိပ်များတယ်။ ဥပဒေတွေ အုပ်ချုပ်ရေးလုပ်ငန်းတွေလဲ ထပ်ကာတလဲလဲ ဖြစ်တတ်တယ်။
၆။ ဒေသစွဲစိတ်ဓာတ် ပေါက်ဖွားစေနိိုင်တယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ ပြည်နယ်တွေအနေနဲ့ ဗဟိုနဲ့သဘောကွဲစေမယ့် ဒေသအကျိုးစီးပွားတွေကို အလေးပေးရင်း ဗဟိုနဲ့သဘောကွဲနိုင်သလို ပြည်နယ်အချင်းချင်းကြားမှာလဲ မလိုလားအပ်တဲ့ ပြိုင်ဆိုင်ဆိုင်မှုတွေ ရှိလာနိုင်တယ်။
၇။ ဒေသအပေါ် သစ္စာရှိမှု လူမျိုး ဘာသာစကား ဘာသာရေး ကွဲလွဲမှုတွေဟာ ဒေသခံတွေအဖို့ အမြဲ ထိပ်တန်းဦးစားပေးတွေ ဖြစ်နေတတ်တဲ့အတွက် ခွဲထွက်ရေးအင်အားစုတွေဟာ အမြဲလိုလို ရှိနေတတ်တယ်။ အထူးသဖြင့် ဖက်ဒရေးရှင်း ထူထောင်ခါစ နိုင််ငံတွေမှာ မလွှဲမသွေကြုံရနိုင်တယ်။
ကျော်ဇံသာ