ပုံမှားရိုက်နေသော violence နှင့် self-defense နိယာမအတွေးအခေါ် တို့ကို ရှင်းလင်းခြင်း‘

ပုံမှားရိုက်နေသော violence နှင့် self-defense နိယာမအတွေးအခေါ် တို့ကို ရှင်းလင်းခြင်း‘

အကြမ်းမဖက် နိယာမ (non-violence) ကို စွဲကိုင်တယ်’ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရဲ့ အထွတ်အထိပ် ခေါင်းဆောင်ပါ ဆိုထားပေမယ့် စစ်တပ်အပြိုင်ဖွဲ့ကာ စစ်ပြိုင်တိုက်ခိုက်လို့ ဒီမိုကရေစီကို ရယူမယ်ဆိုတဲ့ CRPH/NUG အဖွဲ့အစည်းဟာ စကတည်းက နိုင်ငံရေးအိုင်ဒီယာတွေဟာ အဆီအငေါ်မတည့် ဝိဝါဒဖြစ်လို့ လုံးထွေးနေတယ်လို့ အကဲခတ်မိပါတယ်။ အရင်ဆောင်းပါးတွေမှာ ၄င်းအဖွဲ့ရဲ့ ‘ဥပဒေပြုခွင့် ရှိသူများ’ ဆိုသူတွေဟာ ရှောင်တခင် ကာကွယ်ခုခံတဲ့ self-defense ကို “လက်ဦးမှုယူကာ (အမျိုးအစားသတ်မှတ်ထားတဲ့) ရန်သူပုဂ္ဂိုလ်ကို ရှင်းပစ်နိုင်တယ်” အထိ ဆွဲဆန့်ပြီး တရားဥပဒေရေးရာ အတွေးအခေါ်ကို မဟုတ်မဟတ် (အန္တရယ်ကြီးမားစွာ) လုံးထွေးပစ်လိုက်ကြောင်း ကျနော် မီးမောင်းထိုးပြခဲ့ဖူးပါတယ်။ သည်ဆောင်းပါးမှာတော့ ၄င်း ‘ဥပဒေပြုခွင့်ရှိသူ’ များသာမက ယခင် လူ့အခွင့်အရေးတိုက်ပွဲဝင်ကြတဲ့ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် တနိုင်ငံလုံးနီးပါးက လူတွေ လုံးထွေးနေကြတဲ့ self-defense (မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် တရားဥပဒေဆိုင်ရာ အခွင့်အရေး) နဲ့ warfare progressivism (စစ်တိုက်မှုကို အခြေအနေ တိုးတက်ပြောင်းလဲရေးအဖြစ် *တမင်* သိမ်းသွင်းလုံ့ဆော်မှု) နှစ်ခုတို့ရဲ့ ကွာခြားပုံကို ရှင်းပြလိုပါတယ်။ဗမာပြည်မှာ ကနေ့ လက်တွေ့ဖြစ်ပေါ်လာတဲ့ နဌာတ္ထိနနိုင်ငံသား(Erewhonian) အတွေးအခေါ်ပြဿနာဟာ warfare progressivism ကို self-defense အဖြစ် လုံးထွေးပစ်ပြီး ကျနော်တို့ ပြည်သူတွေဟာ ပုံမှားရိုက်ခံရတာပါပဲ။ သို့သော် သည် သဘောတရားနှစ်ခုကို လုံးထွေးပစ်ခြင်း၊ လုံးထွေးခံရခြင်း၊ ပုံမှားရိုက်ခြင်း၊ သိမ်းသွင်းခြင်း၊ ပုံမှားရိုက်ခံရခြင်း၊ သိမ်းသွင်းခံရခြင်း တို့ကို ခံရတာဟာ ကျနော်တို့ ခုမှ ဖြစ်လာတာမဟုတ်၊ အမေရိကန်ပြည်ထောင်စုမှာ အရင်တုန်းကလည်း မာတင်လူသာကင်းဟာ ခုလိုမျိုး ပုံမှားရိုက်ခံရတဲ့ ပြဿနာကို ဖြေရှင်းခဲ့ရတာ ဖြစ်တယ်။ ပြောရမယ်ဆိုရင် ပုံမှားရိုက် သိမ်းသွင်းသူတွေဟာ အောင်မြင်လု ဆဲဆဲ၊ အမေရိကန် Civil Right Movement (အရပ်သားအခွင့်အရေး လှုပ်ရှားမှု) ကြီးဟာ အဖတ်ဆယ်မရအောင် ကျွမ်းပစ်ပြီး ကျရူံးသွားနိုင်တဲ့ အခြေအနေပါ။ မာတင်လူသာကင်းလို နှလုံးရည် နဲ့ ဥာဏစွမ်းရည် အကောင်းဆုံး ခေါင်းဆောင် ရှိနေလို့ တော်လှန်ရေးအင်အားစုတွေဟာ တဖက်လမ်းမှားပေါ်ကို စုပြုံပြီး ရောက်သွားတော့မယ့် အခြေအနေကို ကာကွယ်နိုင်ခဲ့တာ၊ ကျနော်တို့ဆီမှာကျတော့ ကင်းလို ခေါင်းဆောင်မျိုးမှ မရှိတာ၊ သည်တော့ ပုံမှားရိုက် သိမ်းသွင်းတဲ့ဖက်က အောင်မြင်တယ်ဆိုတာ မဆန်းလှပါဘူး။Civil Right Movement ကြီးဟာ အသားအရောင်ရှိသူတွေရဲ့ ဆုံးရူံးခဲ့တဲ့ အခွင့်အရေးတချို့ကို တရားဝင်ဥပဒေပြဌာန်းခွင့်ပြုလာရတဲ့အထိ အောင်မြင်လာခဲ့တာနဲ့အတူ တပြိုင်နက်တည်းမှာပဲ အမေရိကန်မှာ လူဖြူတွေက လူမည်းတွေအပေါ် အကြမ်းဖက်မှုတွေဟာ မြှင့်တက်လာခဲ့တယ်။ မြောက်ကာရိုလိုင်းနားက တိုက်ပွဲဝင် လူမည်းခေါင်းဆောင်တဦးဟာ ကင်းရဲ့ အကြမ်းမဖက်လှုပ်ရှားမှုကို သူရဲဘောကြောင်မှု အဖြစ် ရူတ်ချတယ် ‘ပြိုင်ဖက်က လိမ္မာယဥ်ကျေးရင်တော့ အကြမ်းမဖက်လှုပ်ရှားမှု (non-violence) ဟာ သိပ်ထိရောက်တဲ့ မဟာဗျူဟာ နည်းလမ်းပါပဲ။ ဒါပေမယ့် ပြိုင်ဖက်က ဘီလူးသဘက်ဆိုရင်တော့ သည်နည်းလမ်းဟာ ဘီလူးသဘက်တွေနဲ့ ဘာမှ ယှဥ်နိုင်စရာမရှိဘူး’။ ကင်းရဲ့ နောက်လိုက်တွေဟာ “CRPH/NUG” ရဲ့ ပဌမံတပ်သားတွေ အဖြစ် ပြောင်းသွားဖို့ ဆိုတာ တဲတဲလေးပေါ့။ ၄င်းခေါင်းဆောင်၊ warfare progressivism ဝါဒကို သိမ်းသွင်းသူ ရောဘတ်ဝီလျံဟာ စစ်တပ်က ထွက်လာတာ၊ စစ်တပ်ထဲမှာ သူ့ရဲ့ သည်းသန်တဲ့ လူမျိုးရေးတိုက်ပွဲဝါဒ သဘောထားတွေကြောင့် အဆင်မပြေခဲ့ဘူး၊ တပ်က သူ့ကို အငြိမ်းစားပေးတဲ့အခါမှာ မှတ်ချက်ကောင်းကောင်း မရခဲ့ဘူး၊ ‘မလိုလားအပ်ဘူး’ ဆိုတဲ့ မှတ်ချက်ခပ်ဆိုးဆိုး ရခဲ့တယ်။ အဲဒီ့နောက် သူဟာ မြောက်ကာရိုလိုင်းနားမှာ အသားအရောင်ခွဲခြားမှု ပပျောက်ရေး လှုပ်ရှားမှု အဖွဲ့တဖွဲ့ တည်ထောင်ကာ ၄င်းအဖွဲ့ဟာ အင်အားကြီးမားလာခဲ့တယ်။ လူဖြူလူမည်း အကြမ်းဖက်မှုတွေ မြှင့်တက်လာတဲ့ အခါမှာ သူဟာ ကင်းရဲ့ အကြမ်းမဖက် ဒသနတခုလုံးကို အမြစ်ကနေ တူးဖြိုလှဲပစ်ဖို့ ကြိုးစားလာခဲ့တယ်။ ‘သေနတ်ကိုင်သူ နီဂရိုးများ’ ဆိုတဲ့ စာအုပ်တအုပ်ကို သူရေးတယ် — ‘လူဖြူတွေကို ပစ်ခတ်ဖို့ ကျနော် လုံ့ဆော်နေတာ မဟုတ်ပါဘူး၊ ဒါပေမယ့် တိုက်ပွဲဝင်ရာမှာ ပိုပြီး လွတ်လပ်တဲ့ ရွေးချယ်မှုတခု ရှိသင့်တယ် မြင်လို့ ဒါကို ကျနော် ပြောရတာပါ’ တဲ့။ဒီနေရာမှာ မာတင်လူသာကင်းရဲ့ လှုပ်ရှားမှုအပေါ် လိမ္မာပါးနပ်စွာ သုံးသပ်သိမြင်တဲ့ အမြင်ကို ကြားဖြတ်တင်ပြလိုပါတယ်။ ‘သေနတ်ကိုင်ပြီး တော်လှန်ကြဖို့ လိုပြီ’ လို့ လုံ့ဆော်နေသူတွေဟာ တကယ်တမ်းအားဖြင့် သူတို့ပုံမှန်ပြသလေ့ရှိတဲ့ ‘တဖက်က မတရားမှုတွေ လုပ်လွန်းလို့ ပြန်လုပ်ကြဖို့ လိုတယ် (လိုကိုလိုတယ်)’ ဆိုတာထက် clear-cut victory (အပြတ်အသတ်နိုင်သွားတဲ့ အောင်ပွဲ) ကို လိုချင်စိတ်ကူးမှုက ကြီးစိုးနေတာသာ ဖြစ်တယ်လို့ သူသုံးသပ်တယ်။ လက်တွေ့‌လောကရဲ့ နိုင်ငံရေးတိုက်ပွဲတွေဆိုတာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ မြေပဒေသာပင် ပေါက်သလို ချက်ချင်း မသီးပွင့်လာနိုင်ဘူး၊ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေဟာ သည်လို လက်တွေ့ပကတိ မြေပြင်အခြေအနေတွေမှာ အတစ်အဆို့တွေ ရှိတယ်ဆိုတာ နားလည်စိတ်ရှည်နိုင်ဖို့လိုတယ် ဆိုတဲ့ သဘောကို သူအလေးအနက် ရှင်းပြတယ်။ ပြောမယ်ဆိုရင် ဒေါ်စု နဲ့ ကင်းဟာ သီအိုရီနာမည်ချင်းပဲ တူတာ၊ အသေးစိတ် သုံးသပ်သိမြင်ပုံတွေဟာ ဆီနဲ့ရေ၊ ကောင်းကင်နဲ့ မြေကြီး၊ ဒေါ်စုက ‘ပြည်သူ့ဆန္ဒသာ အဓိကပဲ’ လို့ ပြောတယ် (လုံးချတယ်)၊ ကင်းက ‘ဆန္ဒတွေဟာ မြေပဒေသာပင် ပေါက်ချင်လို့ မရဘူး၊ လက်တွေ့ ဖြေရှင်းရမယ့် အခက်အခဲတွေကို ဝန်ခံနားလည်ဖို့ လိုတယ်၊ ဒါကို ဖြေရှင်းဖို့အတွက် တာဝန်ယူကြဖို့လဲလိုတယ်’ (ရှင်းရှင်းလင်းလင်း ပြောတယ်) ။ ဒေါ်စုက ‘ ကျမတို့ ၇၅% အောင်မြင်နေပြီ။ ၇၅% အောင်မြင်တာလဲ အောင်ပွဲပါပဲ.. ပြည်သူတွေ နောက်ကအသာနေပါ၊ ကျမတို့ပဲ ရှေ့တက်ပါမယ်’ (မပါကြနဲ့) ။ ကင်းက ‘ကျုပ်တို့အားလုံး တိုက်ပွဲကို ရပ်လို့ မရဘူး။ ကျရူံးနေတဲ့ နေရာတွေ၊ ဆယ်ရမယ့် နေရာတွေ အများကြီး။ အချိန်ပြည့် ကျုပ်တို့ဟာ အစိုးရကို အားလုံး ဝိုင်းပြီး ဖိထားရမှာ ဖြစ်တယ်။ အာဏာပိုင်အစိုးရဆိုတာဟာ သူတို့ကို စိတ်သက်သက်သာသာ တချိန်ရှိအောင် နားခိုင်းလို့ ရတဲ့ အမျိုးထဲက မဟုတ်ဘူး’ (ဝိုင်းပါဝင်ကြ၊ တချိန်လုံးကို ပါဝင်ကြ၊ အစိုးရဆိုတဲ့ အကောင်ဆိုးကြီးကို ဝိုင်းဖိထားကြ) ။ ခံယူချက်တွေ‌ရော၊ စွမ်းဆောင်လုပ်ကိုင်မှုတွေကော၊ ဦးတည်မှုတွေကော၊ မျှတမှုမှာရော၊ ပါးနပ်မှုမှာရော ဒေါ်စု နဲ့ ကင်းဟာ တလွဲစောက်ထိုး ဆန့်ကျင်ဖက်တွေချည်းပဲ။ပြန်ကောက်ရမယ်ဆိုရင် ကင်းဟာ ‘I have a dream’ ဆိုပေမယ်လို့ ‘အဆုံးသတ်တိုက်ပွဲ’ ဆိုတာမျိုး၊ ချက်ချင်းလက်ငင်း မြေပဒေသာပင် ပေါက်ချင်တဲ့ စိတ်ကူးမျိုး ကိုယ်တိုင်ဟာ တော်လှန်ရေး ကျရူံးရတော့မယ့် အန္တရယ် အရိပ်အရောင်ဆိုတာ ကောင်းကောင်းနားလည်ခဲ့တာပေါ့။ ရောဘတ်ဝီလျံရဲ့ ဖြန့်ချီနေတဲ့ ‘အကြမ်းဖက် တုံ့ပြန်ကြရေး’ ဝါဒ နဲ့ ပတ်သက်ပြီး သူက ဒီလို ချေပပါတယ်။‘၁၉၅၉ ခုနှစ်တွင် နီဂရိုးတယောက်သည် မလိမ့်တပတ် အခွင့်အရေးဆိုသည်မျိုးကို ခေါင်းငုံ့ပြီး ယူနေအုံးမှာ မဟုတ်တော့ဘူးဟု ယုံကြည်ဖို့ အကြောင်းရှိပြီ ဖြစ်သည်။ သူသည် ဆက်လက် တိုက်ပွဲဝင်လှုပ်ရှားမည်သာ ဖြစ်၏။ သို့သော် သူ့လူမှုဝန်းကျင်တွင် သူသည် မလွဲမသွေ အတားအဆီးတွေနဲ့ ကြုံကာ စိတ်ပျက်လက်ပျက် ဖြစ်ရခြင်းကို သူသည် ကြုံကြိုက်ရမည်သာ ဖြစ်သည်။ စိတ်ပျက်လက်ပျက် ဖြစ်သောအခါတွင် သူ့တွင် တုံ့ပြန်မှု နှစ်မျိုး ဖြစ်ပေါ်လာနိုင်လေသည်။ ပထမတမျိုးမှာ စည်းလုံးညီညွတ်သော လူမှုအဖွဲ့အစည်းတခုကို ရွှေ့လျားဖြစ်ထွန်းစေပြီး မိမိတို့၏ တိုးတက်လမ်းတို့အပေါ်မှာ လာပြီး တင်စီးသည့် အင်အားပါဝါတို့ကို ခုခံတွန်းလှန်ကြရန် ဖြစ်သည်။ ဒုတိယတမျိုးမှာကား ပရမ်းပတာ တုံ့ပြန်ပြုမှုဖြစ်၏၊ အမျက်ဒေါသကို အရင်းခံ၍ အကြမ်းပတမ်းပြန်လည်ရိုက်နှက်ကြဖို့၊ ဖျက်ဆီးမှုတို့ကို လုပ်ဆောင်ကြဖို့ ဖြစ်၏။ လိုရင်းမှာ မိမိတို့က မတရားသဖြင့် ပြုကျင့်ခံရမှုကို လက်တုံ့ပြန်ဖို့အတွက် တဖက်လူ အနာတရဖြစ်သွားအောင် မည်သို့ပြုမူ နိုင်မလဲဟု နည်းလမ်းရှာဖွေကြခြင်း ဖြစ်သည်။ တခြားအကြောင်းရင်းတရပ်အားဖြင့် ၄င်းသည် အမှန်တကယ် တိုးတက်ပြောင်းလဲမှုကို ရှာကြံတာပဲ ဖြစ်၏။ သို့သော် ၄င်းသည် ပြစ်ဒဏ်ခတ်မှုကို အခြေခံတာ ဖြစ်ပြီး တည်ဆောက်မှု—အခြေခံကိုက ပြောင်းလဲမှုလို့ မဟုတ်’။မာတင်လူသာကင်းက ရေးခဲ့တဲ့အတိုင်း အတိအကျ ပြန်ရေးပြရခြင်းဟာ ကျနော်တို့ဆီမှာ တော်တော်များများဟာ ‘ငါတို့ နိုင်ငံရဲ့ အခြေအနေဟာ ဘာနဲ့မှမတူ (ဆိုးတဲ့လူတွေက) သိပ်ဆိုးလွန်းလို့သာ သူများနဲ့မတူပဲ တုံ့ပြန်ရခြင်းသာ ဖြစ်တယ်။ ဒါကို သူလိုကိုယ်လို မှတ်ပြီး အပြင်ကလူတွေက ဘာမှ လာပြောနေစရာ မလိုဘူး’ ဆိုတဲ့ ဆင်ခြေမျိုးကို တအားကို ပေးတတ်ကြလို့ ဖြစ်တယ်။ ကျနော်တို့မှာ ဘာမှ ရှေ့ဖက် ဖြစ်ထွန်းခဲ့တဲ့ လူ့ယဥ်ကျေးမှုတွေထက်၊ ရှေ့ဖက် လူသားတွေ ရင်ဆိုင်ခဲ့ရတွေထက် တအားကို သာလွန်ထူးခြားနေတဲ့ အတွေ့အကြုံဗဟုသုတရယ်လို့ ထူးထူးခြားခြား မရှိတတ်ပါဘူး။ သည်လို ဆင်ခြေမျိုးတွေကို ပြုကြကြောင်းမှာ အဓိကဟာ ‘ငါတို့လုပ်ချင်ရာ လုပ်မယ်’ ၊ တနည်းအားဖြင့် ‘ငါလုပ်တာ အမြဲမှန်တယ်’ ဆိုပြီး (လုံလောက်သော အတွေးအခေါ် ယုတ္ထိဆင်ခြေတွေကို လေ့လာဆန်းစစ်နိုင် သောစွမ်းရည် လစ်ဟင်းကင်းမဲ့လျက်) ဆန်မရှိ စောက်စားကြီးပြပြီး ကြွားဝါမောက်မာခြင်းသာလျှင် ဖြစ်ပါတယ်။မာတင်လူသာကင်းက ရှင်းပြတယ်၊ ခုနေခါမှာ လက်နက်စွဲကိုင်ကြဖို့ ဖိတ်ခေါ်နေတာတွေဟာ ဒုတိယအမျိုးအစား လှုပ်ရှားမှုအပေါ်မှာ အခြေခံတာ ဖြစ်ပါတယ်တဲ့။ သည်မှာတင် သူဟာ self-defense နဲ့ warfare progressivism ကို ကွဲပြားနားလည်ဖို့ ရှင်းလင်းပြပါတော့တယ်။ အကြမ်းဖက်မှုဆိုတဲ့ ခေါင်းစည်းအပေါ် အမြင်တွေကို ခွဲခြားလိုက်ရင် ယျေဘုယျအားဖြင့် သုံးမျိုးရှိပါတယ်တဲ့။ ပထမတခုကတော့ “လုံးဝကို အကြမ်းမဖက်လှုပ်ရှားမှု သက်သက်”၊ ၄င်းအမျိုးအစားဟာ လွယ်လွယ်နဲ့‌‌တော့ လူတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်လေ့ မရှိဘူးတဲ့၊ ဘာလို့လဲဆိုတော့ အရမ်းကို ထူးခြားပြောင်မြောက်တဲ့ စည်းကမ်း နဲ့ သတ္တိဗျတ္ထိရှိခြင်းတို့ ၄င်းမှာ လိုပါတယ်။ ဒုတိယအမျိုးအစားကတော့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် နိယာမ ဖြစ်တယ်။ ဘယ်လူ့ဘောင်မှာမဆို ၊ ဘယ်လောက်ပဲ ရှေးကျတဲ့ လူ့ဘောင်ပဲဖြစ်ဖြစ်၊ တအားကို စည်ပင်ကြီးပွားပြီးတဲ့ ခေတ်သစ် ယဥ်ကျေးမှုလူ့ဘောင်ကြီးတခုမှာပဲ ဖြစ်ဖြစ် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ဟ သီလသမာ အားဖြင့်ကော၊ တရားဥပဒေအားဖြင့်ကော တရားဝင်တာ ဖြစ်တယ်။ မိမိကိုယ်ကို ခုခံကာကွယ်ကြလို့ လက်နက်တွေ ပါကြတာ၊ သွေးမြေကျတာတွေဖြစ်တာကို ဘယ်သူကမှ ကန့်ကွက်ကြတယ်လို့ မရှိဘူး၊ ဂန္ဓီလို လူက အစဆိုပါတော့။ ဂန္ဓီဟာ “လုံးဝကို အကြမ်းမဖက်လှုပ်ရှားမှု သက်သက်” ရူဒေါင့်ရဲ့ ခေါင်းဆောင်ဖြစ်ပေမယ်လို့လဲ ၄င်း လုံးဝသန့်ရှင်းတဲ့ လှုပ်ရှားမှုကို မလိုက်နာနိုင်တဲ့သူတွေအတွက် ဒီနည်းလမ်း(ရူဒေါင့်) ကို လမ်းဖွင့်ပေးထားတယ်။ [၁၉၂၀ သြဂုတ်လ ၁၁ရက်မှာ ဂန္ဓီရေးတဲ့ “ဓားကျမ်း” မှာ ‘အကယ်၍ သူရဲဘောကြောင်ခြင်း နှင့် အကြမ်းဖက်မှု ဤနှစ်မျိုးတို့တွင် ရွေးစရာဟု တခုတည်း ရှိခဲ့ပါသော် ကျွန်ုပ်သည် အကြမ်းဖက်မှုကို အားပေးပါမည် . . . အိန္ဒိယသည် သွေးဆုတ်ကာ ကယ်ရာမဲ့ သနားစရာ သားကောင်တကောင် ဖြစ်နေသည်ထက်စာသော် မိခင်(အိန္ဒိယနိုင်ငံ) လက်နက်စွဲကိုင်မည့် နည်းလမ်းကို ငါအားကိုးပါမည်’ ဟု ပါဝင်ပါတယ်။ ကင်းဟာ ၄င်းကို အခြေခံပြီး self-defense အယူအဆကို ဂန္ဓီဟာ ကန့်ကွက်မှာ မဟုတ်ဘူးလို့ ကောက်ချက်ပေးထားတာ ဖြစ်တယ်။ သည်နေရာမှာ တခု ဖြစ်ပြောချင်တာကလဲ ဒေါက်တာမာတင်လူသာကင်းတို့လို ဟီရိသြတပ တရား မြင့်မားသူတွေ၊ မိမိကိုယ်ကို လိပ်ပြာလုံအောင် အမှန်တကယ် ကြိုးစားအားထုတ်သူတွေဟာ နိုင်ငံရေးနိယာမ ပရိယာယ်တခုကို အသိပေးအကြောင်းကြားတော့မယ် ဆိုရင် စေ့စပ်တဲ့ အားထုတ်လေ့လာမှုတွေကို လုပ်ပြီးမှ ဖွင့်ဆိုရှင်းပြမှုကို လုပ်တယ်ဆိုတာပါ။ CRPH-NUG အဖွဲ့အစည်းက လုပ်ခဲ့သလိုမျိုး ‘အစိုးရရာထူးများကို ၄င်းတို့က ရုပ်သိမ်းလိုက်သဖြင့် ၄င်းရုပ်သိမ်းခံရသူများ အပေါ်မှာ ပြည်သူတို့သည် တရားဝင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ရှိတယ်’ ဆိုတဲ့ ကိုးကားချင်ရာကိုးကားကာ ထင်ရာမြင်ရာတွေ လက်လွတ်စံပယ် တွေးခေါ်ရေးသား ထုတ်ပြန်တာမျိုး မဟုတ်ပါဘူး။]တတိယအမျိုးအစားကတော့ အကြမ်းဖက်မှု ကို တိုးတက်ပြောင်းလဲရေးအတွက် အသုံးချရမယ့်နည်းလမ်းအဖြစ် လုံ့ဆော်သိမ်းသွင်းခြင်း ဖြစ်တယ်၊ စစ်မက်ပြုဖို့အတွက် အင်အားတွေ တမင်ကို ရည်ရွယ်ချက်ရှိရှိ အသိတရားရှိရှိ စုစည်းရမယ်။ အဲသည်လို လုပ်ကြဖို့ ဆိုတာဟာ ကနေ့ချိန်ခါ (၁၉၅၉)မှာ နီဂရိုးတွေဟာ ဦးတည်နေကြတာ ဖြစ်တယ်။ သည်နည်းလမ်းဟာ မှန်းဆတွက်ချက်လို့ မရနိုင်အောင် ကြီးမားလှတဲ့ အပျက် ဘေးဒုက္ခတွေ ရှိနေတာ ဖြစ်တယ်။ ၄င်းနည်းလမ်းဟာ လူတယောက်ရဲ့ ဖြစ်တည်မှုဘဝ အတွက် အန္တရယ်အဖြစ်ခံခြင်း၊ စတေးခံခြင်း သဘောတွေဟာ အခြေခံမှာပါဝင်ပေမယ့် ဒါတွေက အန္တရယ်ဖြစ်တယ်လို့ မပြောလိုပါဘူး၊ ဒါပေမယ့် အဓိကပြဿနာက သည်နည်းလမ်းကို ဘာသာပြန်တဲ့အခါမှာ လူ့အသက်အပေါ်မှာ နက်ရိူင်းတဲ့ ပတ်သက်စိုးရိမ်မှုတွေ မထားရှိဘဲ ကျနော်တို့ ပြန်ဆိုလို့ မရနိုင်ပါဘူး။ အကြီးမားဆုံးအန္တရယ်ကို ကျနော်မြင်မိတာကတော့ တကယ်ကတော့ ၄င်းဟာ နီဂရိုးတွေကို အမှန်တကယ် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်မှုအပေါ်မှာ ဆုတ်နစ်သွားစေလိမ့်မှာ ဖြစ်သလို ဘယ်ဖက်မှာမှ မပါဘဲ ခလယ်ခေါင်မှာ ရပ်နေတဲ့သူတွေကိုလဲ တောင်စဥ်ရေမရဖြစ်လို့ ရူပ်ထွေးသွားစေမှာ ဖြစ်တယ်။ ဒါ့ထက်တောင်မှ ၄င်းဟာ နီဂရိုးတွေကို လမ်းမှားပေါ်ကို ဆွဲခေါ်ချသွားလိမ့်မယ်၊ ဘာလဲဆိုရင် နင်ဟာ အားနည်းတဲ့ အုပ်စုတခုရယ် ဆိုလို့ရှိရင် အားကြီးတဲ့ ရန်သူအုပ်စုအပေါ်မှာ ဒီနည်းလမ်း ဒီလမ်းကြောင်းတကြောင်းနဲ့ပဲ တုံ့ပြန်ဖို့ ရှိတော့တယ် ဆိုတဲ့ ယုံကြည်မှု အပိတ်လမ်းကြောင်းပေါ် ရောက်လာလိမ့်မယ်၊ တကယ့်တိုက်ပွဲမှာ ရန်သူအုပ်စုကို အနိုင်ယူနိုင်မှာထက် ယုံကြည်မှု ပိန်းပိတ်သွားတာပဲ ရှိတယ်။ နီဂရိုးဟာ အင်အားကို မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အတွက် သုံးတယ်၊ self-defense အခွင့်အရေးကို သူ မစွန့်လွှတ်ဘူးဆိုရင် — သူဟာ အနိုင်ရတယ်လို့တောင် ဖြစ်လာနိုင်တယ်၊ သူ့ရဲ့ သတ္တိဗျတ္တိ နဲ့ မိမိကိုယ်ပိုင် ဂုဏ်သိက္ခာကို တန်ဖိုးထားမှုတွေဟာ ရောင်ပြန်ခတ် အကျိုးပေးလာလိမ့်မယ်။ ဒါပေမယ့် သူဟာ ကိုယ်တိုင်က အကြမ်းဖက်မှုကို လက်ဦးမှုယူပြီး လုပ်မယ်၊ လက်ဦးမှု ယူထားဖို့ လိုတယ်ဆိုပြီး ‌ဆွပေးတဲ့ မေးခွန်းတွေကို လုပ်မယ်ဆိုရင် သူဟာ ဖြစ်ပေါ်လာမယ့် အကျိုးရလဒ်တွေအတွက် အပြစ်တင်ရူံ့ချခံရမှာ ဖြစ်တယ်’။ ကံမကောင်းလှတဲ့ တကယ့်အဖြစ် အမှန်တရားကလည်း နီဂရိုးတယောက်ဟာ ဘယ်လိုပဲ ပြုမူသည် ဖြစ်ပစေ သူ့ ရုန်းကန်လှုပ်ရှားမှုတွေဟာ သူ့ရန်သူတွေက လက်မွန်မဆွစတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ကင်းလွတ်လိမ့်မှာ မဟုတ်ပါဘူး။ သည် လက်မွန်အကြမ်းဖက်မှု ပုံစံမျိုးစုံကို ‌ချေမှုန်းအနိုင်ရနိုင်ဖို့အတွက်ဆို သူ့မှာ ကြီးမားတဲ့ သတ္တိဗျတ္ထိ နဲ့ ဆန္ဒဓိပတိရယ်လို့လည်း အထွတ်တပ်လို့ ရှိရပါမယ်။ ဒါပေမယ့် ဒါ(အကြမ်းပြန်ဖက်ဖို့ အင်အား) ကို သူရှာဖွေမယ်၊ သူစုစည်းမယ်ဆိုရင် သူမနိုင်နိုင်ပါဘူး’ဒီနေရာမှာ ကျနော်တို့အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးက ကင်းဟာ ‘(အကြမ်းပြန်ဖက်ဖို့ အင်အား) ကို သူရှာဖွေမယ်၊ သူစုစည်းမယ်ဆိုရင် သူမနိုင်နိုင်ပါဘူး’ — ဘာလို့ မနိုင်နိုင်ဘူးလို့ ပြောခဲ့သလဲ။ ဆိုပါတော့ ပီဒီအက်ဖ် တွေဟာ စစ်အင်အားသာလွန်သွားရင် နိုင်မှာ မဟုတ်လား‌လို့ မေးစရာ ရှိတယ်။ ကင်းက ဆိုလိုတာက သတ္တိဗျတ္တိတွေဟာ မိမိကိုယ်တိုင်က အကြမ်းဖက်မှုကို လက်ဦးမှု ရယူဖို့အတွက် သုံးမယ်၊ ဆန္ဒတွေဟာ လက်ဦးပစ်လိုက်ဖို့ပဲ ဦးတည်လာမယ်၊ အဲသလို သတ္တိဗျတ္တိကြီး၊ အဲသလို လက်ဦးမှုကြီး ဆိုတာတွေဟာ လူ့ဘောင်ရဲ့ အမြင့်မားဆုံးတန်ဖိုးရယ်လို့ ဖြစ်ထွန်းလာခဲ့လို့ ရှိရင် အဲဒီလူ့ဘောင်တခုက လူတွေမှာ အနိုင်ရလိုက်တဲ့ဟာ ဆိုတာ ရှိသေးတယ်လား — တရားနှင့်အညီ၊ ကျင့်ဝတ်နီတိနဲ့ အညီ အနိုင်ရခြင်း ဆိုတာ မရှိတဲ့ လူ့ဘောင်တခုဟာ ဘာများ အနိုင်ရစရာ လိုသေးလို့လဲ၊ နိုင်တယ် ဆိုတာဟာ တကယ်ကော တန်ဖိုး ရှိသလား လို့ မေးခွန်းထုတ်နေတာ ဖြစ်တယ်။‘He cannot win’ (လက်ဦးမှုယူတာကို တန်ဖိုး၊ နည်းလမ်း၊ နိယာမ အဖြစ်ယူပြီး အကြမ်းဖက်နေတဲ့ လူဟာ မနိုင်နိုင်ဘူး) လို့ ကင်းက ပြောတာကို နားလည်ဖို့ဟာ ကင်းရဲ့ တော်လှန်ရေး အခြေခံအယူအဆကို နားလည်ထားဖို့ လဲ လိုပါတယ်။ ကင်းက ပြောတာက တော်လှန်ရေးမှာ ပါဝင်ကြသူတွေဟာ ‘အနာဂါတ်ပေါ်မှာ စစ်မှန်ခိုင်မာတဲ့ သဒ္ဓါတရား သက်ဝင်ယုံကြည်မှုလည်း ရှိရမယ်’။ တော်လှန်ရေးဟာ လက်ရှိမှာ မိမိတို့၏ ဂုဏ်အင်တွေကို ပေါ်လစ်တင်ပေးဖို့၊ မိမိတို့အဖွဲ့တွေရဲ့ ဘဏ္ဍာငွေကြေးတွေ ကြွယ်ဝများပြားရရှိဖို့ လုပ်နေတာ မလုပ်ဘူး။ ပစ္စုပ္ပန်က အကြောင်းရင်းမဟုတ်ဘူး၊ အနာဂါတ်ကသာ တော်လှန်ရေးရဲ့ ယုတ္တိအခြေခံဖြစ်တယ်၊ လူတွေဟာ အနာဂါတ်အတွက် စစ်မှန်တဲ့ အိပ်မက်တခုကို မက်ကြရလိမ့်မယ်၊ ဒါဟာဘာလဲဆိုရင် သည်မြေကြီးတခုမှာ ဘာလူမျိုး၊ ဘာအသားအရောင်၊ ဘယ်အုပ်စုကွဲတွေပဲ ဖြစ်ဖြစ် အားလုံးဟာ တဦးကို တဦး ညီတူမျှတူ ချစ်ခင်လေးစား ငြိမ်းချမ်းစွာနေကြဖို့ ဖြစ်တယ်။ သည်အိပ်မက်မျိုးကို “လက်ဦးမှု ယူဖို့ ဟာ တန်ဖိုး၊ အရင်ရှင်းထားပစ်လိုက်ခြင်းဟာ ဂုဏ်ရောင်ဂုဏ်ဝါ” ဆိုတဲ့ လူ့ဘောင်တခုမှာ မဖြစ်နိုင်ဘူး။ သည်လူ့ဘောင်မျိုးဟာ မမက်မဖြစ် မက်ကြရမယ့် တော်လှန်ရေးအိပ်မက်၊ တော်လှန်ရေး ယုံကြည်မှု၊ အဆုံးသတ်တိုက်ပွဲကို မတည်ထောင်နိုင်ဘူး။ တကယ်တော့ ကင်းဟာ “အေသင်မြို့ရဲ့ မှက်ခြင်ကြီး” ဆိုကရေးတီးရဲ့ မေးခွန်းထုတ်ခဲ့တဲ့ မေးခွန်း “မတရားမှုကို တော်လှန်နိုင်ခြင်း ဆိုတာဘာလဲ” ၄င်းသည် — မတရားတဲ့ကောင်တွေကို ရှင်းပစ်လိုက်ခြင်းအစား —ကျနော်တို့တွေဟာ ဘယ်လိုပင် ကွဲပြားကွဲပြား တဦးကို တဦးက တန်းတူ လေးစားတန်ဖိုးထားလို့ ငြိမ်းချမ်းစွာအတူယှဥ်တွဲ နေထိုင်နိုင်ကြခြင်း ဖြစ်တယ်။ သည်တော့ ကင်းဟာ အရင် ဂရိမှက်ခြင်ကြီးက အေသင်ကလူတွေကို သက်တောင့်သက်သာ နေလို့မရအောင် နှောင့်ယှက်ကိုက်ခဲသလို သူဟာ လက်နက်ကိုင်တော့မယ် သွေးတကြွကြွ ဖြစ်လာတဲ့ သူ့အမေရိကန် လူ့အဖွဲ့အစည်းက လူတွေကို ပြန်ကိုက်ခဲခြင်း ပဲဖြစ်တယ်။တကယ်တော့ ရောဘတ်ဝီလျံကို သူဦးဆောင်တဲ့ လှုပ်ရှားမှုအဖွဲ့အစည်းက ဆိုင်းငံ့လိုက်ပါတယ်။ ဆိုင်းငံ့မှုအတွက် ထုတ်ပြန်ချက်ကို ပြုရာမှာ ‘သူ့ကို self-defense အတွက် လုံ့ဆော်သောကြောင့် အပြစ်ပေးအရေးယူသည် မဟုတ်ရပါ။ အဓိကမှာ သူသည် ရန်လိုသော၊ ကြိုတင်ကြံစည်မှုမြောက်သော အကြမ်းဖက်မှုတို့ကို လုံ့ဆော်သောကြောင့် အ‌ရေးယူရခြင်း ဖြစ်ပါသည်’။ သည်တော့ ထိုတုန်းက အမေရိကန် လူ့အဖွဲ့အစည်းမှာ ခု CRPH/NUG က ရောချသလို self-defense နဲ့ aggression (ရန်လိုတိုက်ခိုက်မှု), premediated violence/warfare (ကြိုတင်ကြံစည်ထားသော အကြမ်းဖက်မှု၊ စစ်မက်ပြုမှု) တွေ လူတွေမှာ ရောထွေးနေကြတာလဲ အမှန်ပဲပေါ့။ ဒါပေမယ့် သည်လူတွေ ဘယ်လိုပဲ လုံးလုံး အခြေခံသဘောဟာ တဖက်လူ(ရန်သူ) ကို အနာတရဖြစ်အောင် ဖျက်ဆီးမှု နဲ့ တိုးတက်ပြောင်းလဲရေးအတွက် လက်ဦးမှုယူတဲ့ အကြမ်းဖက်မှုနည်းလမ်းကို ရွေးချယ်ရမှာပဲ ဆိုတဲ့ တဖက်ကန်းဆင်ခြေမှာ ပိတ်မိနေတာလို့ မာတင်လူသာကင်းက ရှင်းလင်းခဲ့တယ်။ အဲဒါဟာ မိမိကိုယ်ပိုင်အခွင့်အရေးဖြစ်တဲ့ self-defense ၊ မိမိရဲ့ လူ့ဂုဏ်သိက္ခာကို မိမိမြတ်နိုးကာကွယ်တဲ့ (စည်းကမ်း၊ ကျင့်ဝတ်၊ နီတိ) မြင့်မားတဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် (ဝါ) ဓားကျမ်း- ကျမ်းစာအောက်ကသာလျှင် ခုတ်ထစ်ခွင့်ရတဲ့ ဓား နဲ့ မတူဘူးဆိုတာ ကင်းက အသိပေးခဲ့တယ်။ ကင်းဟာ non-violence ဆိုပေမယ့် pacifist ဆိုတဲ့ ငြိမ်းချမ်းရေးသမားလဲ မဟုတ်ပါဘူး။ ထို့အတူ အပြီးအပြတ် တိုက်ပွဲဆိုတာမျိုးကို ထရူးပြီး ထင်ရာမြင်ရာ စစ်ပွဲတွေကို self-defense ဆိုပြီး ထကြေငြာတဲ့ ကျုပ်တို့ဗမာပြည်က ခေါင်းပေါင်းပဲ ပေါင်းတတ်တဲ့ ခေါင်းတွေ ၊ ပုဝါပဲ ချတတ်တဲ့ ရင်ဘတ်တွေက တွေးမြင်ခံစားနေတဲ့ “မြောက်ကြွကြွ ပါဝါ” ဟာမျိုးလဲ မဟုတ်ပါဘူး။ ကင်းက ပစ်ပယ်ထားခြင်းမရှိတဲ့ self-defense ဟာ ဂန္ဓီရဲ့ ခုတ်ထုတ်ပိုင်ခွင့် ရှိသော ဓားဆိုတာထက်ပင် ဆိုကရေးတီးရဲ့ လူ့ဂုဏ်သိက္ခာကို အခြေခံတယ်၊ ပြောရမယ်ဆိုရင် ဘယ်သူ ဘယ်ဝါကို မဆို မိမိနဲ့တန်းတူ တန်ဖိုးစား လေးစားစွာ ယှဥ်တွဲနေထိုင်နိုင်တဲ့ လူ့ဂုဏ်သိက္ခာရှိတဲ့ လူ့ဘောင်တခုအတွက် ဦးတည်ခုခံတဲ့ အရမ်းကို စည်းကမ်းပြည့်ဝနေတဲ့ ၊ တအားကို ကျင့်ဝတ် နဲ့ မိမိလိပ်ပြာလုံမှုကို လေးစားတဲ့ self-defense သာလျှင် ဖြစ်ပါတော့တယ်။

Nyo tun

204Sai Tun Aung Lwin, Htet Aung and 202 others57 Comments36 SharesLikeCommentShare

Leave a comment