တရားသောစစ်(Just War) သီအိုရီ

တရားသောစစ်(Just War) သီအိုရီဆိုတာ စစ်ရေး ဆိုင်ရာလေ့လာမှုနယ်ပယ်မှာအရေးကြီးတယ်။ ဦးဆောင်အတွေး အခေါ်ပညာရှင်တဦးက Michael Walzer ပဲ။ သူ့ရဲ့ တရား သောစစ်နဲ့ မတရားသောစစ်(just and unjust wars) ဆိုတဲ့ စာအုပ်နာမည်ကြီးတယ်။ပညာ‌ရပ်လောကမှာ တရားသောစစ်ကို ဆုံးဖြတ်ရာမှာအဓိ ကသုံးကြတဲ့ ဝေါဟာရ နှစ်ခုရှိတယ်။ jus ad bellum နဲ့ jus in bello ဆိုတဲ့ ဝေါဟာရနှစ်ခုပါ။ jus ad bellum ဆိုတာက စစ်တိုက်ရတဲ့အကြောင်းတရားရဲ့တရားနည်းလမ်းကျမှုလို့ ဆိုရမယ်ထင်တယ်။ jus in bello ကတော့ စစ်ပွဲအတွင်းမှာ တရားနည်းလမ်းကျစွာဆောင်ရွက်မှုလို့ဆိုရမယ်။ ပြောရရင် just ad bellum (လက်တင်စကားလုံးကို အဂ် လိပ်လို ပြန်ရင်တော့ justice of war ပေါ့) ဆိုတာက စစ်ပွဲ တရပ်ဆင်နွှဲတဲ့အခါစစ်ပွဲဆင်နွှဲရမယ့်အကြောင်းတရားက တရားနည်းလမ်းမှန်ကန်မှုရှိတယ်ဆိုတာကို ဆိုလိုတာပါ။ဥပမာဆိုရရင် – တရားသောစစ်ကို ပြောကြတဲ့အခါမှာ တ ကယ့်ကိုမှန်ကန်တဲ့အကြောင်းတရား(just cause)ကြောင့်ဒီစစ်ပွဲကို ဆင်နွှဲရတာ ဖြစ်တယ်ဆိုတာမျိုးကို အကြောင်းပြလေ့ရှိကြတယ်။ ဒါမှမဟုတ် မတတ်သာတဲ့အဆုံးမို့ စစ်ကို ရွေးလိုက်ရတာဆိုတာမျိုးလဲပြောကြတယ်။တချို့ကတော့ဒီစစ်ကိုတိုက်မှ ငြိမ်းချမ်းမှာမို့ (ငြိမ်းချမ်းရေးတိုက်ပွဲဆိုတာမျိုးပေါ့) စစ်ကိုတိုက်ရတာဖြစ်တယ်လို့ဆိုကြတာလဲရှိတယ်နောက်ပြီး တရားဝင်မှု တကယ်ရှိတဲ့အာဏာပိုင်က ကြေညာလို့ တရားတယ်ဆိုတာမျိုးလည်းပြောကြတာရှိတာပဲ။ဆိုတော့ တရားသောစစ်ပွဲတပွဲဖြစ်ဖို့ဆိုရင် တရားနည်းလမ်း မှန်ကန်တဲ့ အကြောင်းတရားပေါ် အခြေခံရတယ်လို့ ဆိုကြတယ်။ ဒါက jus ad bellum ပေါ့။နောက်ပြီး စစ်ရေးပညာရှင် Clausewitz ပြောသလို စစ်ဟာ အင်အားသုံးရတဲ့ကိစ္စဖြစ်တဲ့အခါကျတော့အကန့်အသတ်မရှိဘူး။ သဘောတရားအရကို အကန့်အသတ်မဲ့သဘောဖြစ်နေတယ်။ အိုက်ဆင်ဟောင်ဝါးလဲ ပြောဖူးတယ်။ စစ်တိုက် ကြပြီဆိုရင် “ကိုယ်ဘယ်သွားနေလဲဆိုတာ ကိုယ်တိုင်မသိ တော့ဘူး။ စစ်တွင်းနက်လေ၊ နက်လေ အကန့်အသတ်မဲ့လေ ဖြစ်လာတာပဲ။ နောက်ဆုံး ကိုယ့်ကို ကန့်သတ် ထိန်းချူပ်နိုင် တာကအင်အားပဲ”တဲ့။ ဆိုရရင် စစ်ပွဲမှာ ကိုယ့်အင်အား၊ သူ့ အင်အားကသာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်တာ။ ဒီတိုင်းကတော့ စစ်တိုက်ကြပြီ ဆိုရင်အကန့်အသတ်ဘောင်တွေက ကျော်လွန်ကုန်ကြတာပဲ။ဒါပေမဲ့ တရားသောစစ်ဖြစ်ဖို့ဆိုရင် အကန့်အသတ်မဲ့ လုပ်ချင်ရာလုပ်လို့တော့မရဘူး။ စစ်တိုက်ရတဲ့အကြောင်းကတ ရားဖို့လိုသလို စစ်ပွဲထဲမှာ လုပ်ကို‌င်ဆောင်ရွက်နေတာတွေ ကလဲ တရားဖို့ လိုတယ်။ jus in bello ဖြစ်ဖို့လိုတယ်လို့ ဆို ကြတယ်။ စစ်ပွဲဆိုတာက ရန်သူနဲ့ သေရေရှင်ရေး တိုက်နေရတာ ဖြစ် တယ်။ လုပ်နိုင်တာကတော့ အကုန်လုပ်ရမှာပဲလို့ စဉ်းစား ရင် ဒါဟာဓမ္မအတွက်စစ်တိုက်နေရင်းအဓမ္မထောင်‌ချောက် ထဲ ရောက်သွားနိုင်တယ်။ Walzer စကားငှားသုံးရရင်တော့ “just war to be fought unjustly” ပေါ့။ဆိုတော့ တရားသောစစ်ဖြစ်ဖို့ဆိုရင်စစ်ပွဲထဲမှာလည်းတရား နည်းလမ်းမှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်ဖို့လိုတယ်။ ဂျပန် တွေ တရုတ်မှာ သုံးတဲ့ All threes (kill all, burn all, loot all) (အားလုံးသတ်၊ အားလုံးမီးရှို့၊ အားလုံးလု) ဆိုတာမျိုးလုပ်လို့မရဘူး။ စစ်သုံးပန့်တွေဆိုရင်ကောင်းကောင်းမွန်မွန်ဆက် ဆံတာမျိုး၊ အပြစ်မဲ့ပြည်သူကို မထိခိုက်အောင်ရှောင်ရှားရ တာမျိုးစတာမျိုးတွေကိုတင်းတင်းကြပ်ကြပ်လိုက်နာဆောင် ရွက်ဖို့လိုပါတယ်။ပြန်ချုပ်ရရင် တရားသောစစ်ဆိုရာမှာ Jus ad bellum က အရေးကြီးသလို jus in bello ကလည်း အရေးကြီးတယ်။ မိစ္ဆာနဲ့ရင်ဆိုင်နေရလို့ ကိုယ်တိုင် မိစ္ဆာဖြစ်လို့မရဘူးဆိုတဲ့ စကားလေးက အရေးကြီးတယ်လို့ မြင်ပါတယ်။

Ko Ye

Leave a comment