ကိုးကန့် နဲ့ Reality
စိုင်းထွန်းအောင်လွင်
(က) ကိုးကန့်လုပ်ခ လစာ
ရှမ်းခေါင်းဆောင် ခွန်ထွန်းဦး ထောင်ကလွတ်လာပြီးစက လုပ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတခုကို သွားတက် သတင်းယူရင်း နေ့လည်စာစားတော့ ကိုးကန့် ကိုယ်စားလှယ် အဖွဲ့တဖွဲ့နဲ့ တဝိုင်းထဲကျတယ်။
သူတို့ထဲက ခေါင်းဆောင်က လုင်းခွန်ထွန်းဦးနဲ့ ကျောင်းနေဘက်။ စော်ဘွားအနွယ်တွေပဲ ဆိုပါတော့။ အစဉ်အလာ အုပ်ချုပ်သူ ကိုးကန့် ယန်းတွေနဲ့ မကင်းသူပါပဲ။ စကားစမြည်ပြောရင်း အလုပ်ကိစ္စတွေ ဘာတွေဘက်ရောက်သွာတယ်။
ရေဒီယိုသတင်းတွေ ပို့နေတော့ သူကမေးတယ်၊ အထဲမှာ အခုမှ နည်းနည်းပွင့်စ နိုင်ငံရေးပွဲတွေ ဘာတွေလုပ်နေပေမယ့် စရဖ ၊ SB က သတင်းယူနေတုန်းပဲ။ အလုပ်က ရင်းနှီးအားစိုက်ရတာနဲ့ ရတဲ့လစာ တန်ရဲ့လားပေါ့လေ။ အဲတုန်းက ကိုယ်ကလည်း တလ ၉ သောင်းလောက် လစာရတဲ့ ပြည်တွင်းတိုက်တတိုက်ကနေ ၊ ဒေါ်လာ ၇၀၀ နီးပါး လစာရတဲ့အလုပ်တခု ပြောင်းကာစ ဆိုတော့ မဆိုးပါဘူး။ အဲလောက်နီးပါး လစာရတယ်လို့ ပြောတော့ သူက ဟာ အန္တရယ်နဲ့ ရင်းနှီးရတာ ပြန်ရတာ မတန်ဘူးတဲ့။ သူတို့ဆီမှာ ကုမ္ပဏီတွေအများကြီးရှိတယ်။ PR Officer အလုပ် စိတ်ဝင်စားရင် ပြောပါတဲ့ အနည်းဆုံး အဲထက် လစာ ၂ ဆ လောက် ကနေ စတာချည်းပဲတဲ့။
(ခ) ရှမ်းပြည်ထဲက လျှပ်တပြက်မြင်ကွင်း
အင်္ဂလန်နိုင်ငံ အရွယ်အစားလောက်ရှိတဲ့ တောတောင်ထူထပ် ယဉ်ကျေးမှုစုံ ၊ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ နယ်နိမိတ်စုံ ရှမ်းပြည်ကို ဗမာခေါင်းဆောင် ဦးနု ကစလို့ ဒေါ်အောင်ဆန်းစုကြည်အထိ ကျွမ်းဝင်နှံ့စပ်မှု မရှိသလို ဘယ်အစိုးရမှလည်း မကိုင်တွယ်နိုင်ခဲ့ကြ။
ဗမာအများစုကိုယ်တိုင်ကလည်း ရှမ်းပြည်ရဲ့ အစွန်နယ်တွေဖြစ်ပြီး ပြည်မနဲ့ သွားရေးလာရေးလွယ်တဲ့ တောင်ကြီး ၊ ကလောလောက်ရောက်ရင်ပဲ တကယ့် ရှမ်းပြည်ရောက်နေသလို ထင်ကြတယ်။
ထိုနည်းတူ ပညာရေး ညံ့ဖျင်းတဲ့ စနစ်တွေအောက်မှာ ကြီးလာတဲ့ ရှမ်းပြည်သားတွေကိုယ်တိုင်လည်း ကျယ်ပြောလှတဲ့ ရှမ်းပြည်နယ်နမိတ်အတွင်းက ဒေသတွေအကြောင်း ဂဃနဏ မသိလှပါ။
မိုးဗြဲနယ်အကြောင်း အဲကနေ မိုင် ၁၅ဝကျော်ဝေးတဲ့ ပင်လုံက လူတွေက သိပ်မသိသလို မိုင်းလားနယ်အကြောင်း တောင်ကြီးကလူတွေလည်း သေချာမသိကြပါဘူး။ ( ဆိုလိုတာက ဒေသနိုင်ငံရေး ၊ လူမှုရေး စသဖြင့် ဆိုလို )
အဲတော့ ဘာဖြစ်ကြသလဲဆိုရင် ဒေသ တခုနဲ့ ဆီလျော်ပေမယ့် အခြားဒေသတခုနဲ့ မဆီလျော်တဲ့ စီမံချက်တွေ ၊ နိုင်ငံရေးကြွေးကြော်သံမျိုးတွေ ကြားနေ မြင်နေရတာပါပဲ။
ဥပမာ- အမျိုးဘာသာ သာသနာ ကြွေးကြော်တဲ့ ရှမ်းအုပ်စုတချို့က ရှမ်းပြည်က ရှမ်းမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေ ခရစ်ယာန်ဘာသာဝင် များလာနေတာမျိုးကို သတိမမူကြတာမျိုးပါ။ လူမျိုးသာမက ဘာသာရေးပါကွဲလွဲနေချိန် အမျိုး ၊ ဘာသာ ၊ သာသနာ နဲ့ ဖက်ဒရယ်က မအပ်စပ်သလိုပါ။
ဗမာ စစ်အာဏာရှင်တွေ ဂျင်းထည့်တဲ့ ပုဂံ ၊ တောင်ငူ ၊ ကုန်းဘောင်မင်းဆက် အမျိုး၊ ဘာသာ ၊ သာသနာ နဲ့ ဒီမိုကရေစီ ဖက်ဒရယ်ဆိုသလို ဖြစ်နေတယ်။ အပ်လည်း မအပ်စပ်လှပါ။
ပြည်မဘက်ကအတည်ပြုတဲ့ မြေလွတ် မြေလပ်မြေရိုင်းလို ဥပဒေတွေလည်း ထိုနည်း၎င်းပင်။
လူနေမှုကလည်း ဒေသတခုနဲ့ တခု အတော်ကွာဟပါတယ်။
ဥပမာ တောင်ကြီး ၊ လွိုင်လင် လိုနေရာက စူပါမားကက် မီနီ မားကက်တွေမှာ အရောင်းစာရေးတယောက်ကို အလွန်ဆုံး တသိန်းခွဲလောက် ပေးနိုင်ချိန်မှာ ၊ ကိုးကန့်လို ဒေသမှာ လမ်းဘေး စားသောက်ဆိုင် စားပွဲထိုးတောင် ၃ သိန်း ကျော်ကစပေးရပါတယ်။ မိုင်းလားလိုနေရာမှာတော့ ပိုလစာကောင်းတာပါ။
တခါက သတင်းသွားယူရင်း ပန်ဆန်းကနေ မိုင်းလားကိုလာတဲ့ စာရေးသူဟာ မိုင်းလားနယ် ဆီလူးဘက်ရောက်တာနဲ့ ရှမ်းရွာတွေကအစ လယ်ကွင်းတွေ ၊ ခမ်းနားတဲ့ သာသနိက အဆောက်အုံတွေ ၊ သန့်ပြန့် ကျယ်ဝန်းတဲ့ အိမ်ခြံတွေ ၊ ဆန်စက်တွေ ၊ ကြံခင်းတွေ ၊ ကိုယ်ပိုင် လျှပ်စစ်မီးပေးစနစ်တွေ ရှိနေတာ သတိထားမိတယ်။
ရှမ်းပြည်မှာဆိုရင် လူနေမှု ဝင်ငွေအရအတော်မြင့်တဲ့နေရာလို့ဆိုနိုင်တယ်။
ညစာစားတော့ မိုင်းလားက ခေါင်းဆောင်တယောက်ကို မေးကြည့်မိတယ်။ ဘာလို့ ပြည်သူတွေကို မြို့ပေါ်တင်မက ကျေးလက်မှာပါ အဆင်ပြေအောင် ထားနိုင်သလဲပေါ့လေ။
သူပြောတာ တခွန်းထဲ လူထုဝမ်းဝ အဆင်ပြေရင် အုပ်ချုပ်သူကို မပုန်ကန်ဘူးပေါ့တဲ့။ ဒါကြောင့် ရွာတွေမှာကစ ကန်ထရိုက်လယ်ယာစနစ်တွေ ၊ ဘုံသမစနစ်တွေ အကောင်ထည်ဖော်ပေးထားတာ လို့ဆိုတယ်။
ဒါက တရုတ်အယူဆလည်းဖြစ်တယ်။ ကွန်ဖြူးရှပ်ကိုယ်တိုင် အာဏာရှိသူ အခွင့်ထူးခံသူက ခံနေပြီး လူထုဆင်းရဲတဲ့ စနစ်မျိုးကို တော်လှန်ခဲ့ဖူးတာ မဟုတ်ပေလော။
ကွန်ဖြူးရှပ်ရဲ့ လူမှု့အသိုင်းအဝိုင်း သဟဇာတဖြစ်ဖြစ် နေနိုင်ရေးမူကပင် အကျိုးစီးပွား မျှဝေခံစားရေးမူ ပါဝင်နေတယ်။
ကွန်ဖြူးရှပ်အတွေးအမြင်တွေကို လေ့လာဆန်းစစ်ကြည့်မယ်ဆိုရင် မင်းကို ကိုယ်ကျင့်တရားနှင့် အုပ်စိုးတတ်သူ၊ မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်တတ်သူအဖြစ်သွန်သင်တယ်။ တိုင်းပြည်အုပ်ချုပ်သူတစ်ဦးဟာ ဓန အင်အားကို အချိုးညီစွာ ခွဲဝေစီမံတတ်သူဖြစ်ရန်လိုတာကို မီးမောင်းထိုးပြတယ်။
‘တိုင်းပြည်ဆင်းရဲမှုဟာ စီးပွားရေးကို ကောင်းစွာ မကိုင်တွယ်နိုင်သောတာကြောင့်ဖြစ်သလို စီးပွားရေးကို ကောင်းစွာ မစီမံတတ်လျှင် နိုင်ငံသည် ညီညွတ်မှုလည်း မရှိနိုင်။ မမျှမတခံစားနေရတယ်။ ဆင်းရဲရတယ်လို့မြင်လာလျှင် ပုန်ကန်ခြားနားတော့မယ်။ မင်းကျင့်တရား စီမံခန့်ခွဲနိုင်စွမ်းများကောင်းလျှင် တိုင်းပြည်အတွင်း ပုန်ကန်ခြားနားမှုများ မရှိနိုင်ဟု သူကယူဆသူဖြစ်တယ်။ ‘
(ဂ) ကိုးကန့် ခေါင်းဆောင် ပြောဖူးတဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုဆိုတာ
ဒီလို အဆင်ပြေနေရင် ဘာကြောင့် သေနတ်ကိုင်သလဲ ကိုးကန့် MNDAA က ပြန်တိုက်ဖို့လုပ်သလဲလို့ မေးစရာရှိတယ်။ ဒါက အိုင်ဒန်တတီ နိုင်ငံရေးနဲ့ဆိုင်သလို သမိုင်းအစဉ်အလာအရ လွတ်လပ်တဲ့ နယ်မြေ ၊ လူမျိုး ဆိုတဲ့ ကိစ္စတွေနဲ့ သက်ဆိုင်နိုင်တာကို သွားတွေ့ရတယ်။
ပြင်ပစွက်ဖက်မှုမပါပဲ ကိုယ့်ဟာကိုယ် လွတ်လပ်စွာ ရပ်တည်စီမံခန့်ခွဲ အုပ်ချူပ်နိုင်မှုကို ဆိုလိုတာ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်က ဘီဘီစီ မြန်မာပိုင်းအတွက် စာရေးသူဆောင်းပါး တပုဒ်ရေးခဲ့ဖူးတယ်။
တနိုင်ငံ စနစ်နှစ်မျိုးပုံစံ တိမ်းညွတ်တဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေ ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်ကြားရှင်ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဖော်ပြခဲ့ဖူးတယ်။
မျိုးဆက်သစ်တွေအနေနဲ့ သမိုင်းအရ လွတ်လပ်စွာတည်ရှိတဲ့ ကိုယ့်နယ်မြေကို ပြန်ရဖို့ ကြိုးပမ်းအားထုတ်ကြဖို့ တိုက်တွန်းကြောင်း သူ့ရဲ့ MNDAA ထူထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားမိန့်ခွန်းကို ကိုးကားလို့ ရေးသားခဲ့တာပါ။ ( ဆောင်းပါး အပြည့်အစုံ ရှူရန် )
https://www.bbc.com/burmese/in-depth-49450775
(ဃ) ဗိုလ်ချုပ်ကြီးရာပြည့် မိုင်းလားခရီး အလွန် ကိုးကန့် အခြေခံ ဥပဒေ နဲ့ သမိုင်းထဲက ကိုးကန့်
တကယ်တော့ ကိုးကန့် နယ်မြေဟာ အင်္ဂလိပ်နဲ့ တရုတ် ၁၈၉၅ ခုနှစ် စာချုပ်အရ လက်ရှိ မြန်မာပြည်မြေပုံ နယ်နိမိတ်ထဲပါလာခဲ့ပေမယ့် ဗမာပြည်မ လက်အောက်ထဲ တိုက်ရိုက်ပါခဲ့တာ မဟုတ်ပါဘူး။
တရုတ်နန်းတွင်း နန်ကျင်းကနေရောက်လာတဲ့ ကိုးကန့်တွေဟာ
အကျပ်အတည်း ကာလရောက်တိုင်း ဖက်ဆစ်တွေကို တိုက်ပြီး သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုးမြှင့်ယူဖို့ ကြိုးစားတဲ့ သမိုင်းအစဉ်အလာလည်းရှိပါတယ်။ ဥပမာအားဖြင့်ရှမ်းစော်ဘွား ကောင်စီ အုပ်ချုပ်တဲ့ Federated Shan States အောက်က သိန္ဒီစော်ဘွားအောက် အစောပိုင်း စော်ဘွားငယ်အုပ်ချုပ်တဲ့ ဒေသဖြစ်တဲ့ ကိုးကန့် ဒေသဟာ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ဆနတ်ရ ကိုးကန့်စော်ဘွားဒေသအဖြစ် အင်္ဂလိပ်က တိုးမြှင့်ပေးမှုကိုခံခဲ့ရပါတယ်။ ဒါကလည်း ကိုးကန့်ဒေသ အုပ်ချုပ်သူတွေဟာ စစ်အတွင်း ဖက်ဆစ် ဂျပန်တွေကို တိုက်ပေးခဲ့လို့ဖြစ်ပါတယ်။
၁၉၆၂ ခုနစ် စစ်တပ်အာဏာသိမ်းပြီးနောက် ကိုးကန့်ခေါင်းဆောင် ဂျင်မီယန်းဟာ SSAနဲ့ပေါင်း မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့ပါတယ်။ ရှမ်းအုပ်စုတွေအတွင်း အကွဲအပြဲကြုံလာချိန်မှာ ဦးနုရဲ့ ပြည်ချစ်နဲ့ပေါင်းသူတွေလည်း ရှိခဲ့သလို ၊ ကိုးကန့် အကွဲအပြဲတွေကြောင့်လည်း ယခင် SSA အောက်ကိုးကန့် အဖွဲ့မှာ ပါဖူးတဲ့ ဖုန်ကြားရှင်က တရုတ်ပြည်မှာ စစ်ပညာသင်ပြီး ဗကပနဲ့ပေါင်း ပြန်တိုက်တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။
ပြန်ကြည့်ရင် လွတ်လပ်ရေးရပြီး ကာလတလျှောက် ကိုးကန့်ဒေသဟာ အုပ်ချုပ်သူအမျိုးမျိုးနဲ့ ကြုံခဲ့ရပေမယ့် ၂၀၀၉ ခုနှစ် ကိုးကန့် ဒေသကို အစိုးရတပ်တွေ ဝင်မတိုက်ခင်ကာလအထိတော့ သူတို့ရဲ့ အစဉ်အဆက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟာ ပုံစံတမျိုးနဲ့ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ တိုက်ပွဲဖြစ်တဲ့ အဖွဲ့ထဲ ကိုးကန့် MNDAA ပါသလို ပြီးခဲ့တဲ့ ရက်ပိုင်းက မိုင်းလားမှာ လုပ်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် ၆ ဖွဲ့နဲ့ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ စကစ ၊ နကစ ကိုယ်စားလှယ် အဖွဲ့တွေ့ဆုံမှုမှာလည်း ကိုးကန့်အဖွဲ့ပါပါတယ်။
ဆွေးနွေးမှုအပြီး နောက် ၂ ရက်မှာ ကိုးကန့်ဒေသ အထူးအခြေခံ ဥပဒေဆိုပြီး MNDAA အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြလာပါတယ်။
တရုတ်ပြည်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသတွေက ပုံစံကို အခြေခံထားတဲ့ အဲဒီ ဥပဒေဟာ ဖက်ဒရယ်စနစ်အတွက် မဟုတ်ပါဘူး။ ဗဟိုချုပ်ကိုင်မှု ရာနှုန်းပြည့်နီးပါး လျှော့ချထားပြီးနေပြည်တော်နဲ့ ပဲ တိုက်ရိုက်ဆက်ဆံမယ် ၊ ရှမ်းပြည်နယ်အစိုးရနဲ့ မဆက်ဆံဘူး၊ နိုင်ငံခြားရေး ၊ အခွန် ငွေကြေးကဏ္ဍကအစ ကိုယ်ပိုင်ဒေသက ဆုံးဖြတ်ခွင့် ဆိုင်ရာ ကိစ္စမျိုးတွေပါ ပါဝင်တာပါ။
ဒီအခြေခံ ဥပဒေဟာ ၂၀၁၀ လောက်က သူ့ဒေသမှာသုံးဖို့ ရည်ရွယ်ရေးဆွဲခဲ့တာလို့ လေ့လာသူတဦးက ပြောပါတယ်။
ရှမ်းအများစုက ဒီလိုအခြေအနေကို ကြိုက်နှစ်သက်မယ့်ပုံမပေါ်ပါ။
ပကတိ မြေပြင်အခြေအနေအရတော့ ရှမ်းပြည်က တခြားလူမျိုးစုတွေထက် ပထဝီအရ အားသာပြီး တရုတ်ပြည်ကို မှေးတင်ထားတဲ့ ကိုးကန့်နယ်ဟာ တဘက်က အနည်းအကျဉ်းလေးလောက်ပဲ ရရင်ကို အတော်ထူထူထောင်ထောင် လုပ်နိုင်ကိုင်နိုင်တဲ့ အခြေအနေမျိုးရောက်နေတာပါ။
တချိန်တုန်းက ရှမ်းခေါင်းဆောင်မှုအောက်ကို ကိုးကန့်တွေလိုက်ဖူးပေမယ့် အခုလက်ရှိ ရှမ်းတော်လှန်ရေးအဖွဲ့တွေဆိုတာ အချင်းချင်း ဗွက်လူးပြိုင် ဆင်းရဲနေတဲ့အဖွဲ့တွေဖြစ်နေတဲ့အပြင် လုပ်ရည်ကိုင်ရည်နဲ့ ဦးဆောင်နိုင်စွမ်းကအစလည်း ပြဿနာ ရှိနေတာပါ။ ရှမ်းပြည်အရေးအတွက် ရှမ်းတွေက အဓိက ဆုံးဖြတ်နိုင်တဲ့ ပလေယာ အနေထားကနေ ယုတ်လျော့လာနေတာ ကြာနေပါပြီ။
ပြသနာက ရှမ်းလူထု ကိုယ်တိုင်ကဗမာ မဂျော်ရတီလို ဖြစ်နေပါတယ်။ ကိုယ့်အခြေအနေကို နားမလည် ကိုယ်က အမြဲ အုပ်ချုပ်သူလိုထင်နေလား ဒါအတိတ် ခမ်းနားတဲ့ လူမျိုးကြီး တွေရဲ့ ရောဂါ လို့့မိတ်ဆွေ ကိုသက်ဇင်က ထောက်ပြဖူးတယ်။
နိုင်ငံရေးအရကော စစ်ရေးအရပါ အတွေ့အကြုံရင့်တဲ့ ဦးဖုန်ကြားရှင်ဟာ သူ့တပ်သား အင်အား ၂၀၀၀ လောက်ပဲရှိပြီး စစ်တပ်က ခေတ်မှီလက်နက်တွေ လေယာဉ်တွေနဲ့ ၀ိုင်းတိုက် တပြည်လုံးကလည်း တရုတ်ဆန့်ကျင်တယ်ဆိုပြီး စစ်တပ်ကို အားပေးနေတဲ့ ၂၀၁၅ တုန်းကတောင် ဒဏ်ခံနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အခုတော့ သူ့သားမက် စိုင်းလင်းရဲ့ ဒေသ ဖြစ်တဲ့ မိုင်းလားကို စစ်ဗိုလ်ချုပ်တွေကိုယ်တိုင် လာနေရတဲ့ အခြေအနေပါ။
ဒီ ကိုးကန့် အခြေခံ ဥပဒေဟာ အချိန်ကိုက် သွေးတိုးစမ်းရင်း ထုတ်ပြတဲ့ သဘောလို့ပဲ မှတ်ယူရမှာပါ။ တဘက်က မရလည်း အရှံူးမရှိပါဘူးဆိုတဲ့ သဘောမျိုးပါပဲ။